နျူကလီးယားတပ်ဆင်နိုင်သည့် ပဲ့ထိန်းဒုံးကျည် အိန္ဒိယ စမ်းသပ်ပစ်လွှတ်

အိန္ဒိယနိုင်ငံသည် သြဂုတ်လ ၂၀ ရက်နေ့က နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သည့် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ဤဆိုပါဒုံးသည် တရုတ်ပြည်တွင်းမှ မည်သည့် အကွာအဝေးသို့ မဆို ရောက်ရှိနိုင်သည့် အမျိုးအစားဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 21 Aug 2025

အိန္ဒိယနိုင်ငံ၏ အဂ္ဂနီ-၅ (Agni-5) ဒုံးကျည်ကို ၂၀၁၃ ခုနှစ်က နယူးဒေလီတွင် ကျင်းပပြုလုပ်ခဲ့သော Republic Day(သမ္မတနိုင်ငံနေ့) စစ်ရေးပြအခမ်းအနားတွင် ထည့်သွင်းပြသထားသည်ကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ - AFP

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ အိုဒစ်ရှားပြည်နယ်၌ အဂ္ဂနီ-၅ (Agni-5) ဟု အမည်ပေးထားသောဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီး အဆိုပါဒုံးကျည်၏ လုပ်ငန်းပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာ စံနှုန်းအားလုံးကို အတည်ပြုပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။

ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး နိုင်ငံနှစ်ခုဖြစ်သော အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် တောင်အာရှတစ်ခွင်၌ သြဇာလွှမ်းမိုးရန်အတွက် ပြင်းပြင်းထန်ထန် အားပြိုင်နေကြပြီး ၂၀၂၀ ပြည့်နှစ်က လူသေဆုံးမှုများရှိခဲ့သော နယ်စပ်ထိပ်တိုက်တွေ့မှု ဖြစ်စဉ်တစ်ခု အပြီးတွင် နှစ်နိုင်ငံဆက်ဆံရေးမှာ သိသိသာသာ ထိုးကျသွားခဲ့သည်။

အိန္ဒိယသည် တရုတ်နိုင်ငံကို တန်ပြန်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားသည်ဟု ရှုမြင်ခံရသော ကွတ်ဒ်(Quad) လုံခြုံရေးမဟာမိတ်အဖွဲ့တွင် အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျ၊ ဂျပန်တို့နှင့်အတူ ပါဝင်လျက်ရှိသည်။

အိန္ဒိယ၏ ပြင်းထန်သော ပြိုင်ဘက်ဖြစ်သည့် ပါကစ္စတန်သည်လည်း နျူကလီးယားလက်နက်များကို ပိုင်ဆိုင်ထားပြီး အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများ၏တိုက်ခိုက်မှုကြောင့် လူ ၂၆ ဦး အသက်ဆုံးရှုံးခဲ့ရအပြီး၌ နှစ်နိုင်ငံအကြား စစ်ပွဲဖြစ်ပွားရန် နီးကပ်သည့်အခြေအနေတစ်ခု ဖြစ်ပေါ်လာခဲ့ကာ အဆိုပါ တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ အိန္ဒိယက ပါကစ္စတန်အစိုးရကို အပြစ်တင်ခဲ့သည်။ ပါကစ္စတန်ကမူ ယင်းဖြစ်စဉ်၌ ၎င်းတို့ ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်၏ အခွန်စစ်ပွဲဂယက်ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးနှင့် ပထဝီဝင်နိုင်ငံရေး မငြိမ်မသက်မှုများ ဖြစ်ပေါ်လာခဲ့အပြီးတွင် ဒေလီနှင့် ဘေဂျင်းတို့သည် ၎င်းတို့၏ဆက်ဆံရေးကို ပြန်လည်ပြုပြင် ဖာထေးလျက်ရှိသည်။