- လူငယ်ပျောက် ကြေညာချက်များကို စစ်ကောင်စီ သတင်းစာများက လက်မခံ
- အိန္ဒိယနှင့် တရုတ် တိုက်ရိုက်လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲရန် သဘောတူ
- ဘင်္ဂလာတွင် ရာစုနှစ်များစွာ တည်ရှိခဲ့သည့် ရခိုင်ရွာများ တစစ တိမ်ကောလာနေ
- မောင်တောနယ်စပ် လုံခြုံရေး AA က အားစိုက်လုပ်ဆောင်နေ
- ကျောက်ဖြူက စစ်ရှောင်ကျောင်းသားများ အကူအညီလိုအပ်နေ
လူငယ်ပျောက် ကြေညာချက်များကို စစ်ကောင်စီ သတင်းစာများက လက်မခံ
မြန်မာ့အလင်း၊ ကြေးမုံစသည့် စစ်ကောင်စီပိုင် သတင်းစာများတွင် ပုံမှန်ဖော်ပြနေသည့် လူပျောက်ကြေညာ အခန်းကဏ္ဍ၌ လူငယ်များ ပျောက်ဆုံးနေမှုကို မိသားစုဝင်များက လူပျောက်ကြေညာဖော်ပြရန် တောင်းခံရာတွင် သတင်းစာတိုက် တာဝန်ရှိသူတို့က လက်မခံဘဲ ပယ်ချနေကြောင်း DMG က စုံစမ်းသိရသည်။
20 Aug 2025

DMG ၊ ဩဂုတ် ၂၀
မြန်မာ့အလင်း၊ ကြေးမုံစသည့် စစ်ကောင်စီပိုင် သတင်းစာများတွင် ပုံမှန်ဖော်ပြနေသည့် လူပျောက်ကြေညာ အခန်းကဏ္ဍ၌ လူငယ်များ ပျောက်ဆုံးနေမှုကို မိသားစုဝင်များက လူပျောက်ကြေညာဖော်ပြရန် တောင်းခံရာတွင် သတင်းစာတိုက် တာဝန်ရှိသူတို့က လက်မခံဘဲ ပယ်ချနေကြောင်း DMG က စုံစမ်းသိရသည်။
ဆွေမျိုးသားသမီးများ သတင်းအစနမရဘဲ ပျောက်ဆုံးနေမှုအပေါ် မိသားစုဝင်များက စိုးရိစိတ်ဖြင့် လူပျောက်ကြေညာ ထည့်ချင်သော်လည်း တစ်နိုင်ငံလုံးက အသက် ၁၆ နှစ်နှင့် ၃၅ နှစ်ကြား လူငယ်များကို ငြင်းဆို ပယ်ချနေခြင်းဖြစ်သည်။
" ကျမသား ပျောက်နေလို့ သတင်းစာမှာ ဖော်ပြပေးပါ ဆိုပြီး အဲဒီသတင်းစာတွေကို ဆက်သွယ်ပေမယ့် အသက် ၁၆ နှစ်နှင့် ၃၅ နှစ် ပျောက်ဆုံးနေသူတွေဆိုရင် ကြေညာလက်မခံဘူးလို့ သူတို့ ( မြန်မာ့အလင်းနဲ့ ကြေးမှုံ သတင်းစာ) က ပြန်ပြောတယ်" ဟု သားပျောက်ဆုံးနေသူ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ယခင်က လူပျောက် ကြေညာများကို နေ့စဉ်နီးပါး စာမျက်နှာများတွင် ဖော်ပြလေ့ရှိသော်လည်း စစ်မှုထမ်းဥပဒေ ထွက်လာပြီးနောက်ပိုင်း လူငယ် အမျိုးသမီး၊ အမျိုးသားများ ပျောက်ဆုံးမှု ကြေညာများကို မမြင်ရတော့ပေ။ သို့သော်လည်း သက်ကြီးရွယ်အိုများကိုတော့ တွေ့ရသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီတွင် စစ်မှုထမ်းဥပဒေ အသက်ဝင်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ရန်ကုန်၊ မန္တလေး၊ အခြားပြည်နယ်နှင့် နယ်စပ် စသည့် စစ်ကောင်စီ ထိန်းချုပ်နယ်မြေများတွင် လူငယ်အမျိုးသားနှင့် အမျိုးသမီးငယ်များ မကြခဏ ပျောက်ဆုံးနေကြသည်။
" နိုင်ငံပိုင် သတင်းစာတွေကနေ ဖော်မပြလို့ တခြားသတင်းဌာနတွေကို ဆက်သွယ်မယ် ဆိုပြန်ရင်လည်း သူတို့ ( စစ်ကောင်စီ) က အသိအမှတ်မပြုတဲ့ သတင်းဌာနတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး အပြစ်မြင်သွားရင် မိသားစုတွေ ထပ်ပြီး ဒုက္ခရောက်မှာကို စိုးရိမ်တယ်။ ဒါကြောင့် မကြေညာရဘူး " ဟု သမီးပျောက်နေသူ ရန်ကုန်မြို့ခံ နောက်ထပ် အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုသို့ လူငယ်ပျောက်ဆုံးမှု ကြေညာများနှင့် ပတ်သက်ပြီး စစ်ကောင်စီပိုင် သတင်းစာတိုက် တာဝန်ရှိသူများကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ လက်ရှိ မြန်မာနိုင်ငံအနှံ့တွင် လူငယ်များ ပျောက်ဆုံးပြီးနောက် အဆက်အသွယ်ပြတ်နေသူ အများအပြားရှိနေသည်။
လူပျောက်ကြေညာများကို စစ်ကောင်စီက ပိတ်ပင်ထားခြင်းမှာ အတင်းအဓမ္မ စစ်မှုထမ်းဖမ်းဆီးရန် အခွင့်အလမ်းရနေပြီး စစ်ကောင်စီ၏ လုပ်ရပ်များကို ဖိကွယ်လိုသည့် သဘောဖြစ်နိုင်ကြောင်း သုံးသပ်နေ ကြသည်။
" စစ်ကောင်စီဟာ စစ်မှုထမ်းဖို့ လူတွေကို ဖမ်းနေတာကို လူတိုင်း သိတယ်။ စစ်ကောင်စီက ဒီဟာတွေကို နိုင်ငံတကာမှာ ဖြေရှင်းချက် မပေးချင်ဘူး။ ဒါကြောင့် သူတို့ရဲ့ မူဝါဒကို ဆန့်ကျင်တာမျိုး၊ စိန်ခေါ်တာမျိုး ဖြစ်စေတဲ့ အဲဒီလို လူပျောက် ကြေညာချက်မျိုးတွေကို ပိတ်ပင်တာဖြစ်တယ် " ဟု ရခိုင်ဒေသခံ လူငယ် တစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကို စောင့်ကြည့်မှတ်တမ်းတင်နေသော သုတေသနအဖွဲ့ (SRD)၏ ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက် ထုတ်ပြန်ချက်အရ စစ်ကောင်စီသည် ၂၀၂၅ ဇန်နဝါရီလမှ ဇွန်လအထိ ( နှစ်တစ်ဝက်အတွင်း) အရပ်သား ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ ကျေးလက်ဒေသများမှ ၁,၃၀၆ ဦး၊ မြို့ပြများမှ ၁,၂၉၈ ဦး၊ လမ်းခရီးသွားလာမှုများမှ ၂၆၀ ဦးနှင့် လမ်းခရီးမှ ပေါ်တာဆွဲခံရသူ ၁၂ ဦး စုစုပေါင်း ၂,၈၇၆ ဦးကို ဖြစ်ကြောင်း SRD က ဖော်ပြသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ မေလမှ စ၍ အမှတ်စဉ် တစ်ခုလျှင် ပြည်သူ့စစ်မှုထမ်း ၅,၀၀၀ နှုန်းဖြင့် စစ်သင်တန်းများပို့ချနေပြီး လက်ရှိတွင် အမှတ်စဉ် ၁၆ အထိ ရောက်ရှိနေပြီဖြစ်သည်။
ထို့အပြင် မှော်ဘီမြို့အခြေစိုက် အမှတ်(၄) အရာခံနှင့် အကြပ်ကြီးသင်ကျောင်း(ရကသ-၄) တွင်လည်း အမျိုးသမီး စစ်မှုထမ်းများကို အမှတ်စဉ် (၁) အဖြစ် စစ်သင်တန်းများ ပို့ချနေကြောင်း သိရသည်။
ထိုသို့ စစ်မှုထမ်းဉပဒေများကြောင့် စစ်မှုမထမ်းလိုသည့် လူငယ်အများအပြားမှာ နိုင်ငံရပ်ခြားသို့ ရရာနည်းများဖြင့် တိမ်းရှောင်ထွက်ခွာနေကြသည်။