ရခိုင်တွင် ခေတ်မီ ပညာရေးစနစ်ဖြစ်လာရေး အာရက္ခပညာရေးဌာန ကြိုးစားနေ

အာရက္ခတပ်တော်ထိန်းချုပ်ထားရာ ရခိုင်ပြည်အတွင်းရှိ အခြေခံပညာကျောင်းသားများနှင့် အဆင့်မြင့် တက္ကသိုလ် ကျောင်းသားများအတွက် ခေတ်မီပညာရေးစနစ်တစ်ခု ဖြစ်စေရေးနှင့် အဆင့်မြင့် သင်ရိုးညွှန်းများကို အာရက္ခပညာရေးဌာနက ကြိုးစားနေကြောင်း သိရသည်။

By Admin 11 Aug 2025

ကျောက်တော်မြို့နယ် မာလကျေးရွာက ကျောင်းသား/သူများကို ၂၀၂၅ ဇူလိုင်လကုန်ပိုင်းက တွေ့ရစဉ်။
ကျောက်တော်မြို့နယ် မာလကျေးရွာက ကျောင်းသား/သူများကို ၂၀၂၅ ဇူလိုင်လကုန်ပိုင်းက တွေ့ရစဉ်။

DMG ၊ ဩဂုတ် ၁၁

အာရက္ခတပ်တော်ထိန်းချုပ်ထားရာ ရခိုင်ပြည်အတွင်းရှိ အခြေခံပညာကျောင်းသားများနှင့် အဆင့်မြင့် တက္ကသိုလ် ကျောင်းသားများအတွက် ခေတ်မီပညာရေးစနစ်တစ်ခု ဖြစ်စေရေးနှင့် အဆင့်မြင့် သင်ရိုးညွှန်းများကို အာရက္ခပညာရေးဌာနက ကြိုးစားနေကြောင်း သိရသည်။

ဩဂုတ်လ ၁၁ ရက်နေ့တွင်ပြုလုပ်သည့် အာရက္ခတပ်တော်၏ ၁၀ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ULA/AA ပြောခွင့်ရသူက ထုတ်ပြောခဲ့ခြင်းဖြစ်သည်။

အာရက္ခတပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက " အာရက္ခပညာရေး ဌာနအနေနဲ့ တန်းတူညီမျှပြီးတော့ တိုင်းပြည်ရဲ့ လိုအပ်ချက်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့ ခေတ်မီပညာရေးစနစ် တရပ်ကို ဖော်ဆောင်နိုင်ဖို့ ရေတိုပညာရေး စီမံချက်နဲ့ ရေရှည်ပညာရေး ပေါ်လစီတွေအပြင် အရည်အသွေးပြည့်ဝတဲ့ သင်ရိုးညွှန်းတမ်းတွေကို ရေးဆွဲလို့ရှိပါတယ်" ဟု ပြောသည်။

ထို့အတူ ရခိုင်စာသင်ရိုးမူဘောင်ကို Grede- 7 အထိရေး ဆွဲထားကာ အခြားအတန်းစာ သင်ရိုးညွှန်းတမ်းများကိုလည်း တတ်သိပညာရှင်များနှင့် ဆက်လက်ရေးဆွဲနေကြောင်း ပြောသည်။

အာရက္ခပညာရေးဌာန၏ စာစစ်အဖွဲ့က ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား / ကျောင်းသူ ၇,၈၀၀ ကျော်ကို ၁၂ တန်း(တက္ကသိုလ်ဝင်တန်း) စာမေးပွဲစစ်ဆေးခဲ့ကြောင်း ဦးခိုင်သုခက ရှင်းပြသည်။

အခြေခံပညာပြီးမြောက်ပြီးဖြစ်သည့် ကျောင်းသား/ကျောင်းသူများအတွက်လည်း အဆင့်မြင့် တက္ကသိုလ်ပညာရေးများကို မကြာခင် သင်ရောက်ခွင့်ရရန် စီစဉ်ထားကြောင်း ဆိုသည်။

သို့သော်လည်း အဆင့်မြင့်တက္ကသိုလ်တစ်ခုဖွင့်ရန် အစီအစဉ်မှာ အချိန်ယူရသဖြင့် လက်ရှိတွင် ၁၂ တန်း ဖြေဆိုထားသူ ကျောင်းသား/သူများမှာ မသေချာ မရေရာသည့် အခြေအနေတရပ်ဖြစ်နေကြောင်း ကျောင်းသားမိဘများနှင့် ကျောင်းဆရာများက ပြောဆိုကြသည်။

" အခု AA က အဆင့်မြင့်တက္ကသိုလ်တွေဖွင့်ဖို့ ကြိုးစားနေတာ ကောင်းပါတယ်။ ဒါပေမဲ့ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်က ၁၂ တန်း စားမေးပွဲ အောင်စာရင်း မထွက်သေးဘူ။ ထူးချွန်စွာနဲ့ အောင်မြင်တဲ့ သူတွေကိုတော့ AA က ခေါ် သွားတယ်လို့ သိရတယ်။ ဒီတော့ ၂၀၂၅ ကနေ ၂၀၂၇ အထိ ရခိုင်မှာ တက္ကသိုလ်တစ်ခု မဖွင့်နိုင်ခဲ့ရင် အခု ဖြေဆိုထားတဲ့ ကျောင်းသားတွေနဲ့ နောက်လာမယ့် ကျောင်းသားတွေအတွက် မလွယ်ဘူး။ ဆိုလိုတာက သူတို့ဟာ အသက်တွေ ကြီးပြီး‌ ကျောင်းပြင်ပသို့ ရောက်ရှိသွားနိုင်တယ် " ဟု ပုဏ္ဏားကျွန်းမြို့နယ်က ကျောင်းသားမိဘတစ်ဦးက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်တွင် ယခုနှစ် ကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေပြီး စာသင်ကျောင်းများတွင် မဟုတ်ဘဲ နေအိမ်နှင့် လုံခြုံမည့်နေရာများတွင် အရေးပေါ်အခြေအနေဖြစ် အုပ်စုလိုက် အတန်းလိုက်ခွဲပြီး သင်ကြားပေးနေရခြင်းဖြစ်သည်။

" အခုက Home Basic Learning နေအိမ်အခြေပြုဖြစ်တယ်။ စာသင်ကျောင်း အခြေပြု မဟုတ်ဘဲ Public Home Besic ပေါ့လေ။ အဲဒီမှာ ဘာပြဿနာရှိလဲဆိုရင် ယခင်ကတည်းက ကြုံတွေ့ခဲ့ရတဲ့ ဆရာ/မ မလုံလောက်မှု၊ အရည်အချင်း လိုအပ်မှုတွေလည်း တွေ့နေရဆဲပါ။ ဒါတွေကိုလည်း အားဖြည့်ပြီးတော့ ပညာရေးစနစ်တကျဖြစ်ဖို့ ULA က လုပ်ပေးရင်ပိုကောင်းတာပေါ့" ဟု ULA ပညာရေးဌာနတွင် တာဝန်ထမ်းနေသည့် အထက်တန်းပြဆရာတစ်ဦးက အကြုံပြုသည်။

ယခု ရခိုင်ဒေသ AA ထိန်းချုပ်နယ်မြေများတွင် တာဝန်ထမ်းနေသည့် ပညာရေးဝန်ထမ်းများမှာ လစာ သတ်သတ်မတ်မတ်မရှိဘဲ ကျောင်းသားများထံမှ ပညာသင်ကြေးကောက်ပြီး စာသင်ပေးနေရကြောင်း သိရသည်။

အနာဂတ်ရခိုင်ပြည် တည်ဆောင်ရာတွင် လိုအပ်သည့် လူစွမ်းအားအရင်းအမြစ်များပြည့်ဝစေရန်အတွက် ပညာရေးကဏ္ဍာမှာ အခရာကျသည့်အတွက် တတ်သိပညာရှင်များ၊ မိဘ၊ ဆရာများအနေဖြင့် ရခိုင်ပညာရေး ကဏ္ဍာတွင် ဝိုင်းဝန်းပေးရန် လိုအပ်ကြောင်းလည်း ပညာရေးလေ့လာစောင့်ကြည့် နေသူများက ပြောကြသည်။