- စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ
- စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
- တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
- စစ်တကောင်းဆိပ်ကမ်းနှင့် ရခိုင်စာနာမှုစင်္ကြံကိစ္စ ဘင်္ဂလားဒေ့ရှ်မှာ ကန့်ကွက်ဆန္ဒပြ
- မြန်မာနယ်စပ်အနီးထိ ရောက်မည့် မီဇိုရမ် ရထားလမ်းသစ်အတွက် ကွင်းဆင်းလေ့လာမှု ပြီးစီး
အခက်အခဲများကြားမှ အမှန်တရားဘက်တော်သား
ရခိုင်စစ်မြေပြင်တွင် သတင်းရယူရာ၌ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေး အသုံးအဆောင်ပစ္စည်းများ မရှိခြင်းကလည်း သတင်းသမားများ အသက်အန္တရာယ်အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။
17 Jul 2024

DMG ၊ မေကြီးသျှင်
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်၏ ညနေခင်းတစ်ခု။
အိမ်ရှေ့ဝရံတာတွင်ထိုင်ကာ မကြာခင်ဖြေရမည့် အဝေးသင်စာမေးပွဲအတွက် စာလုပ်နေရင်း ဖုန်းမြည်သံ ကြောင့် မရီရီလွင်(အမည်လွှဲ)တစ်ယောက် စာအုပ်ပေါ်တွင် ဖောင်တိန်ကိုချပြီး ဖုန်းကို ကောက်ကိုင်လိုက်သည်။
“DMG သတင်းဌာနက သတင်းထောက်တစ်ယောက် အဖမ်းခံလိုက်ရပြီ၊ DMG ရုံးကိုလည်း ဝင်စီးလိုက်ပြီ”
“ရခိုင်က တခြားသတင်းထောက်တွေကိုလည်း စစ်ကောင်စီ လိုက်ရှာနေတယ်။ အစ်မလည်း ရှောင်နေလိုက်တာ ပိုကောင်းမယ်”
ဖုန်းထဲကမိတ်ဆွေ၏ စကားသံများကို ဆက်တိုက် ကြားလိုက်ရသည့်အခါ သူမ ဘာမှဆက်မပြောနိုင်တော့ပေ။
သတင်းဌာနအချို့တွင် အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်ရင်း အဝေးသင်တက္ကသိုလ် နောက်ဆုံးနှစ် ဝင်ဖြေရန် တစ်ပတ်ခန့်သာလိုတော့ချိန် ယခုသတင်းကို ကြားလိုက်ရခြင်းဖြစ်သည်။ သတင်းထောက်လုပ်သက် ၇ နှစ်ရှိပြီဖြစ်သည့် မရီရီလွင်၏ စိတ်ထဲတွင် အစီအစဥ်များ တန်းထွက်လာသည်။
သူမ၏မိတ်ဆွေနှင့် ဖုန်းပြောပြီးပြီးချင်း မိသားစုဝင်များကို အသိပေးပြီးနောက် အဝတ်နှစ်ထည်နှင့် လိုအပ်သည့် ပစ္စည်းအချို့၊ စာအုပ်များကိုသိမ်းကာ ပေါက်တောမြို့နယ်ရှိ ကျေးရွာတစ်ခုသို့ တိမ်းရှောင်လာခဲ့သည်။ ယခုကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ သူမအတွက်တော့ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။
“NLD ခေတ်တုန်းကလည်း ထွက်ပြေးဖူးတယ်။ အခု စစ်ကောင်စီခေတ်မှာရောပဲ။ ပေါ့ပေါ့လျော့လျော့နေရင် သူတို့ဆီမှာ အဖမ်းခံရမယ်။ အမျိုးသမီးတွေဆိုရင် ပိုပြီးမလုံခြုံဘူးဆိုတော့ လွတ်အောင်ထွက်ပြေးရတာပေါ့” ဟု မရီရီလွင်က ပြောပြသည်။
ပဋိပက္ခသတင်းများ၊ လူ့အခွင့်ရေးချိုးဖောက်မှုများကို တင်ဆက်ခြင်းကြောင့် ရခိုင်ပြည်တွင်းအခြေစိုက်သည့် သတင်းသမားများကို ခေတ်အဆက်ဆက်အစိုးရက ဖိနှိပ်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက သတင်းသမားများအပေါ် ဖိနှိပ်မှုမှာ အဆိုးရွားဆုံးဖြစ်သည်ဟု မီဒီယာအသိုင်းအဝိုင်းက ပြောကြသည်။
“ပြည်တွင်းမှာ သတင်းသမားတွေက သတင်းသမားလို့ထုတ်ပြောလို့ မရလောက်အောင် လျှို့လျှို့ဝှက်ဝှက် နေရကတည်းက ဒီတိုင်းပြည်မှာ သတင်းသမားတွေရဲ့ လုံခြုံရေးအခြေအနေက ဘယ်လောက်တောင် ဆိုးရွားနေလဲဆိုတာကို ထင်ဟပ်စေတယ်” ဟု အမျိုးသမီး Media Trainer တစ်ဦးက ပြောသည်။
နိုင်ငံတစ်နိုင်ငံတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် စာနယ်ဇင်းဆိုသည့် မဏ္ဍိုင်ကြီး ၄ ရပ်ရှိသည်။ ယင်းအထဲမှ စတုတ္ထမဏ္ဍိုင် စာနယ်ဇင်းလောကတွင် ရပ်တည်နေသည့် အမျိုးသမီးတစ်ဦးအနေဖြင့် မိမိကိုယ်မိမိ သတင်းထောက်ဖြစ်ကြောင်း ဂုဏ်ယူပြီးပြောကြားချင်ကြောင်း မရီရီလွင်က ဆိုသည်။
မရီရီလွင် ပေါက်တောမြို့နယ်ရှိ ကျေးရွာတစ်ခု၌ ခိုလှုံနေသည့်အချိန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တတိယအကြိမ် တကျော့ပြန် တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့သည်။
ယင်းနေ့၌ပင် စစ်ကောင်စီက ရခိုင်ပြည်အတွင်း ကုန်းလမ်း၊ ရေလမ်းခရီး ပိတ်ဆို့လိုက်သည်။ တိုက်ပွဲဖြစ်ပွားပြီး နှစ်လခန့်အကြာတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံရပြန်သည်။
အများပြည်သူထံ မြေပြင်သတင်းအချက်အလက်များ တင်ဆက်ပေးနေသည့် သတင်းသမားကိုယ်တိုင်က သတင်းအချက်အလက် ပြတ်တောက်သွားသည့် အခြေအနေသို့ ရောက်ရှိသွားသည်။
“ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်သွားလို့ သတင်းရေးတာကိုလည်း ယာယီရပ်နားခဲ့ရတယ်။ အဲဒီအချိန်က အရမ်းကိုခက်ခဲခဲ့တယ်။ လက်ထဲငွေမရှိတော့လို့ ထမင်းတစ်နပ် လျော့စားခဲ့ရတဲ့နေ့ရှိတယ်။ ကိုယ်နေခဲ့တဲ့ရွာမှာ တောင်တက်ထင်းခုတ်ပြီး ဝင်ငွေရှာခဲ့ရတယ်” ဟု မရီရီလွင်က ကြုံခဲ့ရသည့်အခက်အခဲများအား ပြောပြသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားများမှာ စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချခြင်း၊ သတ်ဖြတ်ခြင်းနှင့် တရားစွဲဆိုမှုများကြောင့် တိုင်ရင်းသားလက်နက်ကိုင်တပ် ထိန်းချုပ်နယ်မြေများ၊ နယ်စပ်နှင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေးခိုလှုံနေရသည်။
သတင်းသမားများမှာ အသက်အန္တရာယ်နှင့် ထောင်နှုတ်ခမ်း၌ လမ်းလျှောက်ကာ လုပ်ကိုင်နေရသော်လည်း ရရှိသည့်ဝင်ငွေမှာ နည်းပါးလှသည်။ ရခိုင်အခြေစိုက်မီဒီယာများတွင် သတင်းထောက်တစ်ဦးအား လစာငွေ ၂၅၀,၀၀၀ မှ အများဆုံးလစာငွေ ၇၀၀,၀၀၀ ကျပ်အထိသာ ပေးနိုင်ကြသည်။
ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုကြောင့် လစာငွေ ငါးသောင်း၊ တစ်သိန်း ထပ်တိုးရရှိသော်လည်း စားဝတ်နေရေးအဆင်မပြေကြောင်း သတင်းသမားများက ပြောကြသည်။
ရခိုင်စစ်မြေပြင်တွင် သတင်းရယူရာ၌ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေး အသုံးအဆောင်ပစ္စည်းများ မရှိခြင်းကလည်း သတင်းသမားများ အသက်အန္တရာယ်အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။
“မြေပြင်ကွင်းဆင်းတဲ့အခါ မိုင်းနဲ့ စစ်ကျန်လက်နက်တွေက ကြောက်ဖို့ကောင်းတယ်။ လေကြောင်းအန္တရာယ် ရှိနိုင်/မရှိနိုင်ကိုလည်း တွေးဆရတယ်။ အသက်အာမခံချက်မရှိတော့ ဖြစ်ကတတ်ဆန်း သွားလုပ်လို့ မရဘူး” ရခိုင်အခြေစိုက် DMG သတင်းဌာနမှ သတင်းထောက် မျိုးသီရိကျော်က ပြောသည်။
တကျော့ပြန်တိုက်ပွဲအတွင်း အာရက္ခတပ်တော်(AA) သည် ချင်းပြည်နယ်၊ ပလက်ဝအပါအဝင် ရခိုင်က မြို့နယ် ၉ ခုကို သိမ်းပိုက်ထားသည်။ AA ထိန်းချုပ်နယ်မြေအချို့၌ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ရရှိသည့်အတွက် ရခိုင်သတင်းသမားအချို့မှာ ထိုဒေသသို့ ခိုလှုံလာကြပြီး ယင်းအထဲတွင် မရီရီလွင်လည်း ပါသည်။
“အခုကတော့ လွတ်မြောက်နယ်မြေမှာပေါ့။ ဒါပေမယ့် သတင်းယူရတာ အကန့်အသတ်တွေ ရှိတယ်။ Public နေရာဆိုပြီးတော့ ဓာတ်ပုံသွားရိုက်လို့ မရဘူး” ဟု မရီရီလွင်က ပြောသည်။
AA ထိန်းချုပ်ဒေသများကို စစ်ကောင်စီက လေကြောင်းဖြင့် လာရောက်ပစ်ခတ်မှုများ မကြာခဏရှိနေ၍ သတင်းသမားများမှာ ဒေသအုပ်ချုပ်ရေးတာဝန်ခံများ၏ သံသယထားစောင့်ကြည့်မှုကို ခံနေရသည်။
စစ်ရှုံးနေသော စစ်ကောင်စီသည် အရပ်သားများကို ပစ်မှတ်ထားကာ လူစုလူဝေးနေရာများ၊ စာသင်ကျောင်း၊ ဆေးရုံများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေ၍ ပြည်သူများကလည်း သတင်းသမားများအပေါ် စစ်သတင်းပေးဟု အထင်အမြင်မှားမှုများ ရှိနေသည်။
ရခိုင်ပြည်အတွင်း ဖြစ်ပျက်နေသည့် သတင်းအချက်အလက်များကို Development Media Group (DMG)၊ Narinjara၊ Western News၊ Arakan Bay News (ABN)၊ Border News Agency (BNA) စသည့်သတင်းဌာနများက နေ့စဉ်နှင့်အမျှ ရေးသားတင်ပြလျက်ရှိသည်။
ယင်းအထဲ DMG၊ Narinjara၊ Western News၊ BNA သတင်းဌာနမှ အယ်ဒီတာချုပ်အားလုံးနှင့် သတင်းထောက် အမျိုးသမီး၊ အမျိုးသားအများအပြားကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသည်။ ဖမ်းဆီးခံထားရသော DMG သတင်းဌာနမှ သတင်းထောက် ထက်အောင်နှင့် ရုံးစောင့်တစ်ဦးကို အလုပ်နှင့် ထောင် ၅ နှစ်စီ ချမှတ်ခဲ့သည်။
ယင်းအပြင် ရခိုင်အခြေစိုက် သတင်းဌာနများက ရေးသားဖော်ပြနေသည့် သတင်းများတွင် မှတ်ချက်ရေးခြင်း၊ ပြန်လည်မျှဝေခြင်းနှင့် တဆင့်ကူးယူကာ ပြန်လည်ဖြန့်ဝေသူများအား ဖမ်းဆီးအရေးယူမည်ဟု စစ်ကောင်စီက ကြေညာခဲ့သည်။
“စစ်တွေမြို့မရဲစခန်းကို သတင်းသွားယူတုန်းက ရခိုင်မှာရှိတဲ့ သတင်းဌာနတွေက သတင်းတွေကို စုထားတာ တွေ့တယ်။ ဘယ်သတင်းကို ဘယ်သူရေးတယ်ဆိုတာကို တစ်ခါတည်း Print ထုတ်ပြီး စာရွက်အုပ်လိုက်ကြီး လုပ်ထားတာ” ဟု ရခိုင်မှ အလွတ်တန်းသတင်းထောက် ခင်သရဖီဦးက ပြောသည်။
ယင်းအပြင် သတင်းဌာနများမှတင်ဆက်သည့် သတင်းများကို မှတ်ချက်ရေးသားခြင်း၊ ပြန်လည်မျှဝေခြင်းများ ပြုလုပ်သည့် ဒေသခံများအား စစ်ကောင်စီက ပစ်မှတ်ထားဖမ်းဆီးနေ၍ သတင်းသမားများမှာ သတင်းရင်းမြစ်များအား တဖြည်းဖြည်းဆုံးရှုံးလာနေရသည်။
နိရဥ္စရာသတင်းဌာနမှ သတင်းထောက် မသဥ္ဇာနွယ်က “တက်ကြွလှုပ်ရှားတဲ့အမျိုးသမီးတွေကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်တယ်၊ ဖမ်းဆီးတယ်။ အဲဒါကြောင့် အခုနောက်ပိုင်း တချို့အမျိုးသမီးတွေ အင်တာဗျူး မဖြေကြတော့ဘူး” ဟု ပြောသည်။
ရခိုင်ပြည်အတွင်း သတင်းသမားများအနေဖြင့် သတင်းလွတ်လပ်ခွင့်မရှိခြင်း၊ လုံခြုံရေးအာမခံချက်မရှိခြင်းနှင့် ဝင်ငွေနည်းပါးခြင်းတို့ကြောင့် တစ်ခါတစ်ရံ သတင်းထောက်ဘဝကို စိတ်ပျက်မိသည်ဟု မရီရီလွင်က ဆိုသည်။
သို့သော်လည်း ခက်ခဲသည့်အခြေအနေများကြားမှ ပြည်သူများ၏ နေ့စဥ်ဘဝအတွက် မရှိမဖြစ်လိုအပ်သည့် သတင်းအချက်အလက်များကို တင်ဆက်ပေးနေရသည့်အလုပ်ကို ခုံမင်နေသူဖြစ်၍ မရီရီလွင်တစ်ယောက် သတင်းထောက်ဘဝကို မစွန့်လွှတ်နိုင်သေးပေ။
“ရခိုင်မှာ နဂိုကတည်းက သတင်းထောက်ဦးရေကို လက်ချိုးရေတွက်လို့ရတယ်။ အဲဒီထဲမှာမှ အမျိုးသမီး သတင်းထောက်က အရမ်းအားနည်းတာပေါ့။ မြေပြင်သတင်းထောက်ဦးရေ နည်းပါးတာနဲ့အမျှ ပြည်သူတွေ သတင်းမှန်သိရဖို့ အားနည်းလာမယ်။ ဒီအချက်တွေကြောင့် သတင်းထောက်ဘဝကို စွန့်လွှတ်ဖို့တွေးတိုင်း မစွန့်လွှတ်နိုင်ဘူးဖြစ်နေတယ်” ဟု မရီရီလွင်က ပြောသည်။
မရီရီလွင်တစ်ယောက် အခက်အခဲ၊ ဖိနှိပ်မှုများကြားမှ သတင်းထောက်ဘဝကို ဖြတ်သန်းရင်း မနက်ဖြန်အတွက် မည်သည့်သတင်းအား တင်ဆက်ရမည်ကို ကြိုးစားတွေးတောနေဆဲ …