ရခိုင်သည် စစ်ကောင်စီကို ဖြစ်စေ၊ ဘေဂျင်းကိုဖြစ်စေ ဦးညွတ်မည်မဟုတ်

အာရက္ခတပ်တော်၏ ထိုးစစ်များက စစ်ကောင်စီ၏ ပလ္လင်ကို လှုပ်ခါနေပြီဖြစ်သည်။ တချိန်တည်းမှာပင် ကျောက်ဖြူ၊ စစ်တွေနှင့် ရခိုင်ပြည် ၁၄ မြို့နယ်မှ ပြည်သူများ၏ စွန့်လွှတ်အနစ်နာခံမှုများက ဒီမိုကရေစီအတွက်သာမက အသက်ရှင်ရပ်တည်ရေး အတွက်ပါ ရုန်းကန်နေရခြင်းဖြစ်ကြောင်း သတိပေးလျက်ရှိသည်။

By Admin 08 Sep 2025

ရခိုင်သည် စစ်ကောင်စီကို ဖြစ်စေ၊ ဘေဂျင်းကိုဖြစ်စေ ဦးညွတ်မည်မဟုတ်

DMG ၊ အယ်ဒီတာ့အာဘော်

မြန်မာ့တော်လှန်ရေးကား လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပြီဖြစ်သည်။ သမိုင်းဝင်အရှုံးများ ကြုံခဲ့ရသည့် စစ်ကောင်စီသည်လည်း တစ်ကျော့ပြန် အစွယ်ထုတ်ပြလာသည်။ ကိုယ်ပိုင်ခွန်အားတော့ မဟုတ်။ ဘေဂျင်း၏ အားကိုးဖြင့်သာ။

တရုတ်သည် သူ့ပိုက်လိုင်းများနှင့် ဆိပ်ကမ်းများကို ကာကွယ်နေသည့် တစ်ချိန်တည်း၌ မြန်မာလူထု၏ ဆန္ဒကို သစ္စာဖောက်ကာ တော်လှန်ရေးလှုပ်ရှားမှုများကိုပါ ဖိနင်းလျက်ရှိနေသည်။

ခပ်ရှင်းရှင်းပြောရလျှင် စစ်ကောင်စီသည် ပြိုလဲနေခဲ့ပြီဖြစ်သည်။ ရခိုင်၊ ရှမ်း၊ ကရင်နီနှင့် နယ်စပ်တလျှောက်၌ စစ်ဌာနချုပ်များ ကျရှုံးခဲ့သည်။ ပြည်သူ့တပ်များက မြို့ပေါင်း ၁၀၀ နီးပါး သိမ်းပိုက်ခဲ့သလို စစ်အာဏာရှင်သည် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအဖြစ် ချောင်ပိတ်မိသွားခဲ့သည်။

တရုတ်ဝင်လာသည်မှာ ဤအချိန်ဖြစ်သည်။ သို့သော် တရားမျှတမှုအတွက် မဟုတ်။ ငြိမ်းချမ်းရေးအတွက်လည်း မဟုတ်။ နေပြည်တော်မှ သူတို့၏ စီးပွားရေးမိတ်ဘက်ကို ကယ်တင်ရန်သာဖြစ်သည်။

ညီနောင်မဟာမိတ်များဖြစ်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကိုပါ ထိုးစစ်များရပ်ရန် ဖိအားပေးကာ ဘေဂျင်းသည် မင်းအောင်လှိုင်အတွက် အသည်းအသန် လိုအပ်နေသည့် အသက်ရှူပေါက်ကို ဖွင့်ပေးခဲ့သည်။

ဤသစ္စာဖောက်မှုကို ရခိုင်ပြည်ထက်ပို၍ မြင်သာသည့်နေရာ မရှိပေ။ ကျောက်ဖြူ၊ စစ်တွေနှင့် ကုလားတန် မြစ်ဝဒေသတို့သည် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်အကြားတွင် သာမက၊ ပြည်သူလူထုနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်သူများကြားက စစ်မြေပြင်များ ဖြစ်နေသည်။

တရုတ်အတွက်က ကျောက်ဖြူသည် လောင်စာဆီ ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများစုဆုံရာ နေရာတစ်ခုဖြစ်နေသည်။ ရခိုင်လူထုအဖို့မူ ဤသည်က မွေးရပ်ဇာတိ၊ ဂုဏ်သိက္ခာနှင့် လွတ်လပ်မှုဖြစ်သည်။

သို့သော်လည်း စစ်ကောင်စီ၏ သေနတ်ပြောင်းဘက်တွင် ရှိနေပြီး အဖိနှိပ်ခံများ၏ အသံကိုမကြည့်သည့် ဘေဂျင်း၏ လုပ်ရပ်များက ၎င်း၏ရပ်တည်မှုကို ပြသနေခြင်းဖြစ်သည်။

သို့သော် ရခိုင်ပြည်သူများသည် တိတ်ဆိတ်ပြီး လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ အာရက္ခတပ်တော်၏ ထိုးစစ်များက စစ်ကောင်စီ၏ ပလ္လင်ကို လှုပ်ခါနေပြီဖြစ်သည်။ တချိန်တည်းမှာပင် ကျောက်ဖြူ၊ စစ်တွေနှင့် ရခိုင်ပြည် ၁၄ မြို့နယ်မှ ပြည်သူများ၏ စွန့်လွှတ်အနစ်နာခံမှုများက ဒီမိုကရေစီအတွက်သာမက အသက်ရှင်ရပ်တည်ရေး အတွက်ပါ ရုန်းကန်နေရခြင်းဖြစ်ကြောင်း သတိပေးလျက်ရှိသည်။

မြေပြင်တွင် အနည်းအကျဉ်း နောက်ဆုတ်လိုက်ရခြင်းသည် အရှုံးပေးသည့်အဓိပ္ပာယ် မဟုတ်ပေ။ ရန်သူများအား ၎င်းတို့ မရှင်သန်နိုင်သည့် တိုက်ပွဲတွင်းသို့ ကျုံးသွင်းလိုက်ခြင်းသာဖြစ်သည်။

စစ်ကောင်စီသည် တပ်အင်အား၊ ဒရုန်းအင်အားနှင့် တရုတ် ကူညီစောင်မမှုများကို ကြွားလုံးထုတ်နေသည်။ သို့သော် တော်လှန်ရေးက ပိုအားကောင်းသည့်အရာများကို ကိုင်စွဲထားသည်။ စည်းလုံးညီညွတ်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ငွေဖြင့်ပေါက်ဝယ်၍ မရသော သို့မဟုတ် ဗုံးကြဲဖျက်ဆီး၍ မရသော လွတ်လပ်ရေး မျှော်မှန်းချက်တို့ ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် တိုင်းရင်းသားတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် ယခင်က မရှိခဲ့ဖူးသည့်ပုံစံဖြင့် ရင်ဘောင်တန်း ရပ်တည်နေကြသည်။ သူတို့၏ ဘုံလိုလားချက်မှာ ရှင်းသည်။ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် အသစ်တစ်ဖန် မွေးဖွားရေးတို့ဖြစ်သည်။

ကမ္ဘာကြီးအနေဖြင့် နှုတ်ဆိတ်နေခြင်းသည် မင်းဆိုးမင်းညစ်ဘက်မှ ရပ်တည်ခြင်းသာဖြစ်သည်။ နိုင်ငံတကာမှ အင်အားစုများအနေဖြင့် စစ်ကောင်စီအား ကူညီပံ့ပိုးထောက်ခံခြင်းကိုရပ်ပြီး သူ့တို့ကို အသက်ဆက်ပေးနေသည့် တရုတ်ကိုလည်း တာဝန်ယူခိုင်းရမည်ဖြစ်သည်။

ရခိုင်တိုက်ပွဲသည် မြန်မာတိုက်ပွဲဖြစ်သလို မြန်မာတိုက်ပွဲသည်လည်း ဂုဏ်သိက္ခာ၊ တရားမျှတမှုနှင့် ကိုယ့်အနာဂတ်ကို ကိုယ်ဆုံးဖြတ်ပိုင်ခွင့်အတွက် မြန်မာပြည်သူတစ်ရပ်လုံး၏ တိုက်ပွဲပင်ဖြစ်သည်။

ဗုံးကြဲလျှင် အညံ့ခံလာမည်ဟု စစ်ကောင်စီက ထင်ကောင်းထင်နိုင်မည်။ တရုတ်ကလည်း တိတ်ဆိတ်မှုကို လောင်စာဆီ၊ ဓာတ်ငွေ့၊ ဆိပ်ကမ်းများဖြင့် ဝယ်ယူ၍ရသည်ဟု ထင်ကောင်းထင်နိုင်မည်။ သို့သော် အာရက္ခ ပြည်သူလူထုနှင့် မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူလူထုကတော့ ဦးညွတ်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ တော်လှန်ရေးသည် ရောင်းကုန်မဟုတ်သောကြောင့် ဖြစ်သည်။

တော်လှန်ရေး အရှိန်အဟုန်သည် သက်ဝင်လှုပ်ရှားလျက်ရှိပြီး စည်းလုံးညီညွတ်မှု၊ ကမ္ဘာကြီး၏ ပူးပေါင်းရပ်တည်မှုနှင့်အတူ လွတ်လပ်ရေးလည်း ပေါ်ထွန်းလာရပေမည်ဟု DMG အနေဖြင့် ယုံကြည်သည်။