- အသည်းရောင်အသားဝါ ရောဂါကြောင့် စစ်တွေမြို့ခံတစ်ဦး သေဆုံး
- အမ်းတွင် အမျိုးသမီးငယ်တစ်ဦးကို ဖခင်က ၆ နှစ်ကြာ အဓမ္မပြုကျင့်မှု ရှိခဲ့
- တိုက်ပွဲများကြောင့် မောင်တောဒေသခံများ စိုးရိမ်နေကြ
- ရခိုင်သည် စစ်ကောင်စီကို ဖြစ်စေ၊ ဘေဂျင်းကိုဖြစ်စေ ဦးညွတ်မည်မဟုတ်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားချက် (စက်တင်ဘာ ၁ မှ ၇ ရက်နေ့အထိ)
အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားချက် (စက်တင်ဘာ ၁ မှ ၇ ရက်နေ့အထိ)
ရခိုင်အရေးနဲ့ ပတ်သက်လို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ ၇ ရက်နေ့အထိ တစ်ပတ်အတွင်း ထူးခြားချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။
09 Sep 2025

ရခိုင်အရေးနဲ့ ပတ်သက်လို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ ၇ ရက်နေ့အထိ တစ်ပတ်အတွင်း ထူးခြားချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။
■ AA ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားတရားရုံးကို BROUK အဖွဲ့ တောင်းဆို
အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် နဲ့ ခေါင်းဆောင်တွေကို မွတ်ဆလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ကြောင်း စွပ်စွဲချက်နဲ့ ဖမ်းဝရမ်းထုတ်ပေးဖို့ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK)က စက်တင်ဘာ ၃ ရက်မှာ အာဂျင်တီးနားဖက်ဒရယ် တရားရုံးသို့ အသနားခံစာ တင်သွင်းထားပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ AA ဟာ မွတ်ဆလင်အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းမှုနဲ့ တခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု။ ညှင်းပန်းနှိပ်စက်မှုစတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဩတ်လ ၂၉ ရက်မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အစီရင်ခံစာမှာ AA ဟာ မွတ်ဆလင်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ထားပြီ ဖြစ်ကြောင်းလည်း BROUK အဖွဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီဖြစ်စဉ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလ ၂ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်၊ ထန်းရှောက်ခံရွာဖြစ်စဉ်လည်း ပါဝင်ကြောင်း ပြောဆိုထားတာပါ။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှုစွပ်စွဲချက်နဲ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုခေါင်းဆောင် ဒု -ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် မြန်မာစစ်တပ်အရာရှိတွေနဲ့အတူ အရပ်ဘက်ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်တို့ကို BROUK က တရားစွဲ ဆို အမှုဖွင့်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဂျင်တီးနားဖက်ဒရယ်တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
အခုအမှုမှာလည်း AA ကို စွဲချက်တင်ရာမှာ AA ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ပတ်သက်လို့ ထွက်ဆိုဖို့ သက်သေ ၅ ယောက်ကို တင်သွင်းထားတယ်လို့ BROUK က ဆိုထားပါတယ်။
■ ရခိုင်မှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးသူတွေထဲ AA ရဲတွေ ပါဝင်နေ
ရခိုင်ဒေသရှိ ထိန်းချုပ်မြို့နယ်တွေမှာ အာရက္ခတပ်တော် (AA)က မူးယစ်ဆေးဝါးဖမ်းဆီးမှု ဆက်တိုက်လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူတွေထဲမှာ AA ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်က ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချသူတွေထဲ မှာ AA ရဲတပ်ဖွဲ့ DLEPS တပ်ဖွဲ့ဝင် ၇ ဦးအပါအဝင် ရောင်းချသူ ၁၁ ဦးကို AA က ဖမ်းဆီးခဲ့တာပါ။
အာရက္ခတပ်တော် ရဲတပ်ဖွဲ့တွေ မူးယစ်ဆေးဝါး ဖြန့်ဖြူရောင်းချရာမှာ ပါဝင်ပတ်သက်နေတာဟာ AA ရဲ့ အုပ်ချုပ်မှု ယန္တယား ပုံရိပ်တွေကို ကျဆင်းစေတာကြောင့် ထိရောက်စွာအရေးယူသင့်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်ကလည်း မင်းပြားမြို့၊ ခေါင်းလောင်းကျေးရွာဟောင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ ၂ ဦးကို မူးယစ်ဆေးဝါးတွေနဲ့အတူ DLEPS တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။
ရခိုင်ဒေသအတွင်း မြို့ပေါ်နဲ့ ကျေးလက်ဒေသတွေပါမကျန် လူငယ်တွေကြား မူးယစ်ဆေးသုံးစွဲမှု များပြားလာတဲ့အတွက် ထိထိရောက်ရောက် အရေးယူဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
AA အနေနဲ့ လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေတဲ့ မူးယစ်ဆေးဝါးမှန်သမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖို့ အသင့်ရှိတယ်လို့ ဦးခိုင်သုခက ပြောဆိုထားပါတယ်။ သေနတ်နဲ့ လက်နက်ပစ္စည်း လက်ဝယ်ရှိသူတွေ ၄၅ ရက်အတွင်း အပ်ဖို့ AA အသိပေးထားပါတယ်။
■ သေနတ်နဲ့ စစ်လက်နက်ပစ္စည်းတွေ လက်ဝယ်ရှိသူတွေ ၄၅ ရက်အတွင်း အပ်နှံကြဖို့ AA က ဒေသန္တရအမိန့်ထုတ်ပြန်
ပြည်သူများထံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ သေနတ်၊ လေသေနတ်၊ တူမီး၊ ယမ်းထောင်းအပါအဝင် ဆက်စပ်လက်နက်ခဲယမ်းတွေနဲ့ စကားပြောစက် (RT)တွေကို ဘေးကင်း လုံခြုံရေးအတွက် သိမ်းဆည်းသွားမယ်လို့ AA ဆိုပါတယ်။
အဲဒီပစ္စည်းတွေကို ရက်ပေါင်း ၄၅ ရက်အတွင်း သက်ဆိုင်ရာအုပ်ချုပ်ရေးရုံးသို့ သွားရောက် အပ်နှံကြဖိုနဲ့ သတ်မှတ်ရက် ကျော်လွန်လို့ လက်ဝယ်တွေ့ရှိပါက ထိထိရောက်ရောက် အရေးယူသွား မယ်လို့ AA က သတိပေးထားပါတယ်။
အာရက္ခတပ်တော် ထိန်းချုပ်ဒေသတွေမှာ အခုနောက်ပိုင်း ခိုးမှု၊ လူယက်မှု၊ ဓားပြတိုက်လူသတ်မှု စတဲ့ ဒုစရိုက်မှုတွေ ခပ်စိပ်စိပ်ရှိလာနေတာကြောင့် ပြည်သူတွေကြားလုံခြုံရေးနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေရှိ နေကြပါတယ်။
ရခိုင်ဒေသအတွင်း တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများဘေးကင်းလုံခြုံရေး၊ ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ကင်းစင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကို အလေးထား လုပ်နေတယ်လို့ AA က ပြောထားပါတယ်။
■ စစ်တွေကို ကုန်ပစ္စည်းတင်ပို့မှု စစ်ကောင်စီ ပိတ်ပင်ထား
စစ်တွေမြို့ကို ပြေားဆွဲနေတဲ့ ရန်ကုန် - စစ်တွေ ခရီးသည်တင် လေယာဉ်တွေ ကုန်ပစ္စည်းတင်ပို့မှုကို စစ်ကောင်စီက ဩဂုတ်ကစလို့ ကန့်သတ်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေမှာ စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
အရင်က ရန်ကုန် - စစ်တွေ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းအားလုံးနီးပါးမှာ ဆေးဝါးနဲ့ အခြားကုန်ပစ္စည်းတွေ တင်ပို့မှုရရှိခဲ့ပေမယ့် အခုအခါ အားလုံးကို တားမြစ်ကန့်သတ်ထားတာပါ။
ဒါ့အပြင် ရန်ကုန်ကနေ စစ်တွေသို့ ပစ္စည်းတွေတင်ပို့နေတဲ့ ကုန်တင်သင်္ဘောတွေမှာ အရင်က စစ်တွေသို့ အပတ်စဉ် ဝင်ရောက်ပေမယ့် အခု သင်္ဘောမဝင်တာ တစ်လနီးပါးကြာမြင့်လာပြီဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကုန်တင်သင်္ဘောတွေလည်း ဝင်ရောက်မှုမရှိသလို လေကြောင်းနဲ့ ကုန်ပစ္စည်းတင်ပို့မှုကိုလည်း ပိတ်ပင် ထားတာကြောင့် ကုန်ပစ္စည်းပြတ်လပ်လာမှာကို မြို့ခံတွေက စိုးရိမ်နေကြပါတယ်။
လက်ရှိ စစ်တွေမြို့မှာ ဆန်ဈေး၊ ဆီဈေးတွေ အဆမတန်မြင့်တက်နေပြီး ကြက်သွန်နီတစ်ပိဿာကို ငွေကျပ် ၃၅,၀၀၀၊ ကွမ်းတစ်ပီယာ (အရွက်၈၀) ကို ငွေကျပ် ၃၀,၀၀၀ ကျပ်စသဖြင့် ဈေးနှုန်းမြင့်တက် လာနေတယ်လို့ သိရပါတယ်။
■ ထောင်ကလွတ်ပြီး ပြန်ဖမ်းခံရတဲ့ ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်ခံရ
ကျောက်ဖြူအကျဉ်းထောင်က ချုပ်ရက်စေ့လို့ ပြန်လွတ်လာပြီးနောက် ထောင်ဗူးဝမှာ ပြန်ဖမ်းခံရတဲ့ ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ (၅၀၅) နဲ့ ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်ခံလိုက်ရကြောင်း မိသားစုဝင်ဆီက သိရပါတယ်။
ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်က အသက် (၃၁) နှစ်အရွယ် ဦးတင်ထွန်းမှာ (စက်တင်ဘာ ၁ ရက်)က ကျောက်ဖြူမြို့နယ်တရားရုံးက နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့တာပါ။
ဦးတင်ထွန်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာမှာ နေအိမ်အတွင်း ရှိနေစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီးနောက် မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပါတယ်။
အဲဒီနောက် အခုနှစ် ဩဂုတ် ၁ ရက်မှာ ချုပ်ရစေ့လို့ ပြန်လွတ်ခဲ့ပေမယ့် စစ်ကောင်စီက ထောင်ဗူးဝမှာ ပြန်လည်ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ နဲ့ တရားစွဲခဲ့ရကာ စက်တင်ဘာ ၁ ရက်မှာ ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံခဲ့တာပါ။
DMG က ပြုစုထားတဲ့ စာရင်းအရ ကျောက်ဖြူထောင်က လွတ်မြောက်ပြီးနောက် ထောင်ဗူးဝမှာ ပြန်ဖမ်းဆီးခံရသူ ၁၀ ကျော်ထိ ရှိနေပါတယ်။
■ ရခိုင်မှာ အမျိုးသမီး ဒါဇင်လောက်ကို အဓမ္မပြုကျင့်ခဲ့သူတွေကို ၄ ဦးရဲ့ အမှုအတွက် ULA/AA တရားရုံးက ထောင်ဒဏ်နှစ် ၄၀ ချမှတ်
ရခိုင်ပြည်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသမှာ အမျိုးသားတစ်ဦးက အမျိုးသမီး ၁၁ ဦးကို အတင်းအဓမ္မပြုကျင့်ခဲ့ပြီး အဲဒီထဲက အမျိုးသမီး ၄ ဦးရဲ့အမှုအတွက် ULA/AA တရားရုံးကနေ ထောင်ဒဏ် နှစ် ၄၀ ချမှတ်ထားကာ ကျန်အမှုတွေကို ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရသူမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်က အသက် ၂၅ နှစ်အရွယ် ဇော်ဇော်နိုင် (ခ) လဖြူချေဖြစ်ပြီး စက်တင်ဘာ ၁ ရက်က ပြစ်ဒဏ်ချမှတ်လိုက်တာပါ။
သူဟာ ကျောက်တော်မြို့နယ်၊ လိပ်မကျေးရွာက အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦး၊ ကျောက်တော်မြို့နယ်၊ မြင်းကြပ်ကျေးရွာက အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ မြောက်ဦးမြို့နယ်၊ ဆင်အိုးကြီးကျေးရွာက အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်က အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတို့ကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ တယ်လို့ သိရပါတယ်။
လက်ရှိ ပြစ်ဒဏ်ချမှတ်ခံထားရသူရဲ့ ဝန်ခံထွက်ဆိုချက်အရ သူဟာ နစ်နာသူအမျိုးသမီးတွေကို အလုပ်ပေးမယ်လို့ လိမ်လည်ခေါ်ယူကာ ခြိမ်းခြောက်ပြီး အလိုမတူဘဲ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ တာလို့ ဆိုထားပါတယ်။
ULA/AA ရဲ့ မြောက်ဦးခရိုင်တရားရုံးက ကျူးလွန်သူကို ကြားနာစစ်ဆေးရာ ပြစ်မှုထင်ရှားတဲ့အတွက် ဇော်ဇော်နိုင်ကို ရာဇသတ်ကြီး ပုဒ်မ-၃၆၆ (သွေးဆောင်ခေါ်ယူမှု) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်၊ ပုဒ်မ-၃၇၆ (မုဒိမ်းမှု) အရ ထောင်ဒဏ် ၇ နှစ် အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး အမျိုးသမီး ၄ ဦးရဲ့အမှုအတွက် ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခဲ့တာပါ။
လက်ရှိ အာရက္ခတပ်တော်ထိန်းချုပ်ဒေသတွေအတွင်း အမျိုးသမီးတွေရဲ့ လုံခြုံရေးမှာ ခြိမ်းခြောက်ခံနေရဆဲဖြစ်ကြောင်း ဒေသခံအမျိုးသမီးတွေက ပြောဆိုထားကြပါတယ်။
AA ပြောခွင့်ရသူ ဦးခိုင်သုခကတော့ သူတို့ ထိန်းချုပ်နယ်မြေတွေမှာ အမျိုးသမီးတွေကို လုံခြုံရေးအပါဝင် ဉပဒေအရ အကာကွယ်ပေးမှု ရာနှုန်းပြည့် ပေးထားကြောင်း ပြောဆိုထားပါတယ်။
ရခိုင်ပြည်အတွင်းက မြို့နယ်အများစုကို သိမ်းပိုက်ထားတဲ့ ULA/AA က တရားစီရင်ရေးကဏ္ဍကို ကိုင်တွယ် ဖြေရှင်းပေးနေပေမယ့်လည်း အားနည်းချက်များစွာရှိနေသေးကြောင်း ထောက်ပြ ဝေဖန်မှု တွေရှိနေပြီး အဲဒီထဲမှာ အဓမ္မပြုကျင့်မှုတွေကို တရားစီရင်ရာမှာ အားမရမှုတွေ ရှိနေဆဲဖြစ်ပါတယ်။