- အသည်းရောင်အသားဝါ ရောဂါကြောင့် စစ်တွေမြို့ခံတစ်ဦး သေဆုံး
- အမ်းတွင် အမျိုးသမီးငယ်တစ်ဦးကို ဖခင်က ၆ နှစ်ကြာ အဓမ္မပြုကျင့်မှု ရှိခဲ့
- တိုက်ပွဲများကြောင့် မောင်တောဒေသခံများ စိုးရိမ်နေကြ
- ရခိုင်သည် စစ်ကောင်စီကို ဖြစ်စေ၊ ဘေဂျင်းကိုဖြစ်စေ ဦးညွတ်မည်မဟုတ်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားချက် (စက်တင်ဘာ ၁ မှ ၇ ရက်နေ့အထိ)
အမ်းတွင် အမျိုးသမီးငယ်တစ်ဦးကို ဖခင်က ၆ နှစ်ကြာ အဓမ္မပြုကျင့်မှု ရှိခဲ့
ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကျွဲကူးဆိပ်ကျေးရွာတွင် ဖခင်ဖြစ်သူက သမီးအရင်းဖြစ်သူ အသက်မပြည့်သေးသည့် မိန်းကလေးအား ၆ နှစ်ကြာ အဓမ္မပြုကျင့်မှုရှိခဲ့ကြောင်း သိရသည်။
08 Sep 2025

DMG ၊ စက်တင်ဘာ ၈
ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကျွဲကူးဆိပ်ကျေးရွာတွင် ဖခင်ဖြစ်သူက သမီးအရင်းဖြစ်သူ အသက်မပြည့်သေးသည့် မိန်းကလေးအား ၆ နှစ်ကြာ အဓမ္မပြုကျင့်မှုရှိခဲ့ကြောင်း သိရသည်။
အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့သူမှာ ကျွဲကူးဆိပ်ကျေးရွာမှ အသက် ၃၈ နှစ်အရွယ် ဦးလှဖေ ဖြစ်ပြီး သမီးအရင်းဖြစ်သူအား အသက် ၁၂ အရွယ်မှ စတင်ကာ ယခု အသက် ၁၈ နှစ်ရောက်သည်အထိ ၆ နှစ်ကြာ အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ နစ်နာသူ မိန်းကလေးငယ်မှာ ဖခင်ဖြစ်သူ၏ အဓမ္မပြုကျင့်မှုကြောင့် ၂ လ အရွယ် ကိုယ်ဝန်လွယ်ထားရပြီး ဆေးခန်းပြရာတွင် ကိုယ်ဝန်ရှိနေကြောင်း သိခဲ့ရခြင်းဖြစ်သည်။
ကျူးလွန်သူ၏ မိခင်က ဖြစ်စဉ်အား ULA/AA ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) သို့ သွားရောက်တိုင်ကြားခဲ့ရာ လက်ရှိတွင် ဦးလှဖေအား DLEPS ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးနေကြောင်း သိရသည်။
လက်ရှိ ရခိုင်ဒေသအတွင်း အဓမ္မပြုကျင့်မှုများ မကြာမဏဆိုသလို ဖြစ်ပွားနေပြီး အမျိုးသမီးများ၏ လုံခြုံရေးမှာလည်း ခြိမ်းခြောက်ခံနေရဆဲ ဖြစ်ကြောင်း အမျိုးသမီးများက ပြောဆိုထားကြသည်။
" အိမ်တွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတာအပြင် လမ်းသွားလမ်းလာကအစ လုပ်ငန်းခွင်တွေအဆုံး မလုံခြုံကြဘူး။ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်သွားတဲ့ အမှုတွေ အများကြီးရှိနေပေမယ့် အခုထိ တရားခံအစစ်ကို ULA က မဖော်ထုတ်နိုင်သေးဘူး။ ဒါဟာ မင်းမဲ့တိုင်းပြည်လို ဖြစ်နေတယ်။ တရားဥပဒေစိုးမိုးမှုက ဘယ်လိုမှ မထိရောက်တော့ အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်ခံရတဲ့အထိ ဖြစ်လာတယ် " ဟု ပေါက်တောမြို့နယ်မှ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
အာရက္ခတပ်တော်၏ ပြောခွင့်ရ ဦးခိုင်သုခက ၎င်းတို့ထိန်းချုပ်ဒေသများအတွင်း အမျိုးသမီးများ၏ လုံခြုံရေးနှင့် ပတ်သက်၍ ဥပဒေအရ ကာကွယ်မှု ရာနှုန်းပြည့်ပေးထားကြောင်း ဆိုထားသည်။
သို့ရာတွင် ရခိုင်ဒေသမှ အမျိုးသမီးများမှာ လုံခြုံရေးခြိမ်းခြောက်ခံရမှု၏ အဓိက အကြောင်းအရင်းများဖြစ်သော မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများအား မကြာခဏဆိုသကဲ့သို့ ကြုံနေကြရသည်ကို တွေ့ရသည်။
ယင်းကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားခြင်းမှာ လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှုများ အားနည်းခြင်းမှာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေကြောင်း အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုနေကြသည်။
" ဒီလို မုဒိမ်းမှု ဖြစ်ရတဲ့အကြောင်း အရင်းတွေအများကြီးထဲက လိင်ပိုင်းဆိုင်ရာအသိပညာပေးမှုတွေကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါတွေကို များများ လုပ်ဆောင်ပေးနိုင်မှလည်း မုဒိမ်းမှုဖြစ်စဉ်တွေ လျော့ကျလာမယ်လို့ မြင်တယ်။ လူ့အသိုင်းအဝိုင်းတစ်ခုလုံးအတွက်တော့ ဒီလိုမုဒိမ်းကောင်တွေ ပိုများလာမယ်ဆိုရင် အမျိုးသမီးတွေအတွက်က လုံခြုံတဲ့နေရာဆိုတာ မရှိနိုင်တော့ဘူး။ ပြီးတော့ ရခိုင်မှာရှိတဲ့ အမျိုးသမီးအဖွဲ့တွေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်သူအနေနဲ့လည်း ဒါတွေကို ဦးစားပေးလုပ်ဖို့ လိုအပ်လာတယ်လို့ မြင်တယ်" ဟု အမျိုးသမီး အရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမျိုးသမီး ၁၁ ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ အမျိုးသားတစ်ဦးအား ယင်းအထဲမှ အမျိုးသမီး ၄ ဦးအမှုအတွက် ULA/AA ၏ မြောက်ဦးခရိုင်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၄၀ ချမှတ်ခဲ့သည်။
ယင်းအပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ လက်အောက်တွင် အဓမ္မပြကျင့်မှုများအား ကိုင်တွယ်ဖြေရှင်းရာတွင် ပြည်သူများအနေဖြင့် အားမလိုအားမရမှုများ ရှိနေကြဆဲဖြစ်သည်။
ရခိုင်ပြည်အတွင်းက မြို့နယ်အများစုကို သိမ်းပိုက်ထားသည့် ULA/AA က တရားစီရင်ရေးကဏ္ဍကို ကိုင်တွယ်ဖြေရှင်းပေးနေသော်လည်း အားနည်းချက်များစွာရှိနေသေးကြောင်း ထောက်ပြဝေဖန်မှုများ ရှိနေသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်က ပေါက်တောမြို့နယ်၊ ဟင်းခရော်ကျေးရွာမှ အသက် ၉ နှစ်အရွယ် ကလေးငယ် အဓမ္မပြုကျင့်ခံရမှု၊ မေလ ၆ ရက်က မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာတွင် အသက် ၉နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှုတို့ ရှိခဲ့သည်။
ထို့အတူ ဇွန်လ ၂၀ ရက်က မြေပုံမြိုနယ်၊ လွန်းလုံးပိုက်ကျေးရွာမှ အသက် (၂၀) အရွယ် အမျိုးသမီးတစ်ဦးမှာ တစ် ရွာတည်းနေ အမျိုးသားတစ်ဦး၏ အဓမ္မ ပြု ကျင့်ရန်ကြံစည်မှုရှိခဲ့ပြီး နစ်နာသူများကလည်း တရားမျှတမှု ရရှိရေး လိုလားနေကြသည်။