အနန့်ပါကို စစ်ကောင်စီမှ တိုက်ခိုက်သည့်ဖြစ်ရပ်ကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်တင်သွားမည်ဟု KIO ဆို

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက် ည ၈ နာရီခွဲအချိန်က KIA တပ်မဟာ(၉)နယ်မြေ အနန့်ပါကျေးရွာတွင် (၆၂)နှစ်ပြည့် KIO တည်ထောင်ခြင်း နှစ်ပတ်လည်အခမ်းအနား ကျင်းပနေစဉ် စစ်တပ်မှ ဂျက်တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လူပေါင်းများစွာ အသက်သေဆုံးခဲ့သည့် ဝမ်းနည်းဖွယ်ဖြစ်ရပ်ကို တော်လှန်ရေး ခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)ဗဟိုမှ ထုတ်ပြန်ထားသည်။

By Admin 25 Oct 2022

အနန့်ပါကို စစ်ကောင်စီမှ တိုက်ခိုက်သည့်ဖြစ်ရပ်ကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်တင်သွားမည်ဟု KIO ဆို

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ကချင်အနုပညာရှင်များ၊ ပြည်သူများနှင့် KIA အရာရှိများကို တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၂၅

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက် ည ၈ နာရီခွဲအချိန်က KIA တပ်မဟာ(၉)နယ်မြေ အနန့်ပါကျေးရွာတွင် (၆၂)နှစ်ပြည့် KIO တည်ထောင်ခြင်း နှစ်ပတ်လည်အခမ်းအနား ကျင်းပနေစဉ် စစ်တပ်မှ ဂျက်တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လူပေါင်းများစွာ အသက်သေဆုံးခဲ့သည့် ဝမ်းနည်းဖွယ်ဖြစ်ရပ်ကို တော်လှန်ရေး ခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)ဗဟိုမှ ထုတ်ပြန်ထားသည်။

“စစ်ကောင်စီတပ်၏ ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ်ကို သမိုင်းမှတ်ကျောက်အဖြစ် မှတ်တင်ထားရန်နှင့် ယခုဖြစ်ရပ်အပေါ် တွန်းလှန်တော်လှန်သည့် တော်လှန်ရေးခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမည်”ဟု ယနေ့(အောက်တိုဘာလ ၂၅ ရက်) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး ထုတ်ပြန်ချက်တွင် “အနန့်ပါဒေသက ကေအိုင်အေ တပ်စခန်းမဟုတ်ပါ။ ဒေသခံ ခရီးသွားများ ခေတ္တအနားယူသည့် ဈေးဆိုင်တန်း စခန်းငယ်နေရာဖြစ်သည်ကို စစ်တပ်မှသိရှိပြီး အစုအလိုက်အပြုံလိုက် သေစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူများနှင့် KIO အမှုထမ်းများ အမြောက်အမြားသေဆုံးခဲ့ရကာ ပြည်သူများမှ ဝမ်းနည်းကြေကွဲထိတ်လန့်ခဲ့ရသည်”ဟုလည်း ဆိုသည်။

ထိုတိုက်ခိုက်မှုအပေါ် အနန့်ပါနယ်မြေတွင် တရားမဝင် ကျောက်သူဌေးများ၊ KIA တပ်ဖွဲ့ဝင်များရှိနေသဖြင့် လိုအပ်သောစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ခြင်းဟု စစ်ကောင်စီက ဖြေရှင်းချက်ပေးထားသည်။

ယင်းသို့ စစ်ကောင်စီ၏လေကြောင်းစစ်ဆင်ရေးကြောင့် သေဆုံးသူ(၈၀)ဦးကျော်နှင့် ဒဏ်ရာရရှိသူဦးရေ (၁၀၀)ကျော်အထိရှိခဲ့ကြောင်း KIA တပ်မဟာ(၉) သတင်းရင်းမြစ်ထံမှ သိရသည်။

“သေဆုံးသူတွေအနေနဲ့ ဒီနေ့မနက်ပိုင်းမှာ အယောက်(၈၀)ကျော်ရှိသွားပြီ။ အလောင်းတွေကို ရရှိထားတယ်။ ဒဏ်ရာရတဲ့သူ တစ်ရာကျော်ထဲမှာ ဖြစ်သလို ဆေးကုသထားရတယ်”ဟု KIA တပ်မဟာ(၉) သတင်းရင်းမြစ်က ပြောသည်။

ယင်းအပြင် ကံဆီးကျေးရွာမှ ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားသဖြင့် ဒဏ်ရာရရှိသူများကို ကယ်ထုတ်နိုင်ရန် လူမှုကူညီရေးအသင်းများနှင့် ကချင်လူမှုအဖွဲ့အစည်းတို့မှ ကြိုးပမ်းနေကြောင်း ဖားကန့်မြို့ လူမှုကူညီရေးအသင်းအဖွဲ့များထံမှ သိရသည်။

“ဒီနေ့မနက်အထိကို ဝင်ခွင့်မပေးဘူး။ ကချင်လူမှုအဖွဲ့အစည်း တာဝန်ရှိသူတွေတော့ ရွာထဲကိုဝင်ခွင့်ရအောင် ပြောနေတာရှိတယ်။ အထဲမှာ ပိတ်မိနေတဲ့သူတွေကိုတော့ ရွာထဲမှာပဲ ဖြစ်သလို ဆေးကုသပေးထားတော့ အခြေအနေက စိုးရိမ်နေရပါတယ်”ဟု ဖားကန့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ဆိုသည်။

KIO နေ့ အထိမ်းအမှတ်ပွဲတွင် အပြစ်မဲ့ အရပ်သားပြည်သူလူထုများ၊ အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် KIO/KIA မှ စစ်ဖက်၊ အရပ်ဖက်ဝန်ထမ်းအချို့ အသက်ဆုံးရှုံးအပေါ် များစွာဝမ်းနည်းကြေကွဲရကြောင်း AA ၊ TNLA နှင့် MNDAA တို့ အပါအဝင် တခြားသော တော်လှန်ရေးအင်အားစု အသီးသီးကလည်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

ယခုတိုက်ခိုက်မှုမှာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအရ အရပ်သားများကို အကာအကွယ်ပေးရမည့် တာဝန်ဝတ္တရားကို အလေးမထားကြောင်းကို အထင်အရှား ပြသနေခြင်းဖြစ်ကြောင်း သြစတြေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံတို့အပြင် နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန် စသည့်သံရုံးများအပြင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး(EU)အဖွဲ့တို့မှ ထုတ်ပြန်ထားသည်။

ဗီဒီယိုများ