အထိအခိုက်များခဲ့သည့် မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း လက်နက်ကြီးကျရောက်မှု

ကချင်ပြည်နယ်၊ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်(KIA/KIO) ဌာနချုပ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို အောက်တိုဘာ ၉ ရက် ည ၁၁ နာရီကျော်မှာ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သည်။

By Admin 10 Oct 2023

Photo - CJ
Photo - CJ

DMG ၊ အောက်တိုဘာ ၁၀

ကချင်ပြည်နယ်၊ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်(KIA/KIO) ဌာနချုပ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို အောက်တိုဘာ ၉ ရက် ည ၁၁ နာရီကျော်မှာ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သည်။

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်မှုကြောင့် စစ်ဘေးရှောင်စခန်းအတွင်းက ၂၉ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၁၀ ဦးထက်မနည်း ပါဝင်ကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက မီဒီယာများကို ပြောဆိုထားသည်။

ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်မှာ ၅၆ ဦးအထိရှိခဲ့ပြီး ဒဏ်ရာရသူများကို လိုင်ဇာမြို့ ဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်း KIA ဘက်က ပြောသည်။

မုန်လိုင်ခက်ကျေးရွာသည် လိုင်ဇာမြို့နှင့် နှစ်မိုင်သာကွာဝေးပြီး စစ်ဘေးရှောင်များ ခိုလှုံနေသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် မည်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဌာနချုပ်ကိုမဆို ပစ်ခတ်နှိမ်နင်းနိုင်သော်လည်း မုန်လိုင်ခက်ဖြစ်စဉ်မှာ ၎င်းတို့လက်ချက်မဟုတ်ဘဲ ဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက်တွင် ပြောဆိုလာသည်။

“အဲဒီဖြစ်စဉ်မှာ သတင်းအမျိုးမျိုး ပြောကြတယ်။ စစ်တပ်က ပစ်တယ်လို့ဆိုတာမျိုး မတိကျဘဲပြောနေတာ။ ကျနော် အတိအကျပြောနိုင်တာတစ်ခုကတော့ အဲဒီနေရာဟာ KIA ရဲ့ မောင်းသူမဲ့လေယာဉ်သုံးပြီးတော့ ဒရုန်းလာချတဲ့ နေရာဖြစ်တယ်။ စစ်ကြောင်းတွေအပေါ်မှာ ဗုံးလာချတဲ့နေရာဖြစ်တယ်။ ဒီပေါက်ကွဲမှုဟာလည်း ဘာကြောင့်ဖြစ်တယ်ဆိုတာ စုံစမ်းနေဆဲပဲဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း လက်နက်ကြီးကျရောက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး United Nations Myanmar က “IDP စခန်းတွေဟာ ဒုက္ခသည်တွေရဲ့ နေရာတွေဖြစ်ပြီး အရပ်သားတွေဟာ သူတို့ ဘယ်နေရာမှာပဲရောက်ရောက် ပစ်မှတ်မဖြစ်သင့်ပါဘူး” ဟု အောက်တိုဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

#E001

ဗီဒီယိုများ