စစ်ကောင်စီလက်ချက်ကြောင့် တစ်လကျော်အတွင်း ကလေးငယ် ၂၄ ဦးသေဆုံး

အသက် ၅ နှစ် ကလေးငယ်တစ်ဦးအပါဝင် အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီးငယ် ၅ ဦး ပါဝင်ကြောင်း ဖော်ပြသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုများခဲ့ပြီး ရခိုင်နှင့် တနင်္သာရီတွင် ၅ ဦးစီဖြင့် အများဆုံးဖြစ်သည်။

By Admin 08 Jun 2024

စစ်ရေးပဋိပက္ခကြောင့် ကလေးသူငယ်များမှာ ဉပဒေပါအခွင့်အရေးများ ချိုးဖောက်ခံနေရသည်။ 
စစ်ရေးပဋိပက္ခကြောင့် ကလေးသူငယ်များမှာ ဉပဒေပါအခွင့်အရေးများ ချိုးဖောက်ခံနေရသည်။ 

DMG ၊ ဇွန် ၈

မြန်မာနိုင်ငံတွင် မေလ ၁ ရက်မှ ဇွန်လ ၆ ရက်ထိ တစ်လကျော်ကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၄ ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) စာရင်းအရ သိရသည်။

အသက် ၅ နှစ် ကလေးငယ်တစ်ဦးအပါဝင် အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီးငယ် ၅ ဦး ပါဝင်ကြောင်း ဖော်ပြသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုများခဲ့ပြီး ရခိုင်နှင့် တနင်္သာရီတွင် ၅ ဦးစီဖြင့် အများဆုံးဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာကို စစ်ကောင်စီ Y – 12 လေယာဉ်ဖြင့် ဗုံးကြဲခဲ့၍ ၁၀ နှစ်အရွယ် အမျိုးသားတစ်ဦးအပါဝင် သေဆုံးသူ ၅ ဦးအထိ ရှိခဲ့သည်။ 

“အဲဒီနေ့က ဗုံးကြဲမှုကြောင်း ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံမှာ သေသွားကြတဲ့သူတွေရှိတယ်။ ရည်ရွယ်ချက်ရှိရှိ လာပစ်တာဆိုတော့ ဒဏ်ရာရသူတွေ များတယ်” ဟု ယိုးတရုပ်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ရှုံးနိမ့်နေသော စစ်ကောင်စီသည် မြန်မာနိုင်ငံအနှံ့ရှိ မြို့ရွာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်နေသည်။

“စစ်ကောင်စီက သူတို့စစ်ရှုံးလေ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်လာလေပဲ။ ဒါကြောင့် ထိခိုက်လွယ်တဲ့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေအတွက် ပိုပြီးစိုးရိမ်စရာဖြစ်လာတယ်” ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။ 

အရပ်သားများအား စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းမှာ ပြည်သူကို အကြပ်ကိုင်ပြီး အနိုင်တိုက်သည့် နည်းဗျူဟာကို သုံးနေခြင်းဖြစ်သည်ဟု နိုင်ငံရေလေ့လာသူများက ပြောဆိုကြသည်။

ဗီဒီယိုများ