ရခိုင်မှစက်လှေပိုင်ရှင်နှစ်ဦးကို AA ကိုအခွန်ဆောင်သည်ဟုဆိုကာ ၁၇(၁)ဖြင့် အမှုဖွင့်

ရခိုင်ပြည်၊ရသေ့တောင်မြို့နယ်မှ စက်လှေပိုင်ရှင်နှစ်ဦးကို ရက္ခိုင့်တပ်တော်(AA)ကို အခွန်ဆောင်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

By Admin 04 Nov 2022

ရခိုင်မှစက်လှေပိုင်ရှင်နှစ်ဦးကို AA ကိုအခွန်ဆောင်သည်ဟုဆိုကာ ၁၇(၁)ဖြင့် အမှုဖွင့်

DMG | နိုင်ဝင်ဘာ ၄

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်မှ စက်လှေပိုင်ရှင်နှစ်ဦးကို ရက္ခိုင့်တပ်တော်(AA)ကို အခွန်ဆောင်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အမှုဖွင့်ခံရသူများမှာ ရသေ့တောင်မြို့နယ်၊အငူမော်ကျေးရွာမှ စက်လှေပိုင်ရှင် ဦးမောင်သန်းဝင်းနှင့်ဦးသိန်းထွန်း တို့ဖြစ်ကြပြီး ဦးသိန်းထွန်းမှာ စစ်တွေမြို့နယ်တရားရုံးသို့ တရားရင်ဆိုင်ရန်လာစဥ် ဖမ်းဆီးခံလိုက်ရပြီး ကျန်တစ်ဦးမှာမလာရောက် သော ကြောင့် လွတ်မြောက်သွားခဲ့သည်။

အောက်တိုဘာလ ၁၂ ရက်နေ့က စစ်တွေမြို့နယ်၊မင်းချောင်းတံတားအနီးတွင်  စက်လှေ ၉ စီးနှင့်အတူ ပိုင်ရှင် များနှင့်အလုပ်သမား ၉ ဦးဖမ်းဆီးခံခဲ့ရသည်။ ယင်းနောက် ၄င်းတို့ကို ရေကြောင်းဥပဒေပုဒ်မ ၄၃ ဖြင့် အမှုဖွင့်ပြီးအာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

 နိုဝင်ဘာလ ၂ ရက်နေ့တွင် ထပ်မံအာမခံပေးမည်ဟုဆိုကာ စစ်တွေမြို့နယ်တရားရုံးသို့ ရဲကဆင့်ခေါ်သဖြင့်  ဦးမောင်သန်းဝင်းကလွဲပြီး ကျန် လူ ၈ ဦးသွားရောက်ခဲ့သည်။ထို့နောက် ဦးသိန်းထွန်းကို ရဲများက ဖမ်းဆီးသွားပြီး ဦးမောင်သန်းဝင်းကိုလည်း ၁၇(၁)ဖြင့် အမှုဖွင့်လှစ်ကြောင်း သိရသည်ဟု အမည်မဖော်လိုသည့် စက်လှေပိုင်ရှင်တစ်ဦးက ဆိုသည်။

 “ ကျွန်တော်တို့လည်း လိုအပ်တာတွေလုပ်၊ လက်မှတ်တွေထိုးပြီးလုပ်နေကြတုန်းမှာ ကျွန်တော်တို့နဲ့ ပါလာတဲ့ လူတွေ လာပြောပါတယ်။ အငူမော်က ဦးသိန်းထွန်းကို အမှတ် ၁ က ဗိုလ်တယောက်နဲ့ အမြင့်ကျွန်းက ဒုရဲအုပ်နှစ်ယောက်ပေါင်းပြီး လည်ပင်းဖက်ပြီး တုတ်တုတ်ဆိုင်ကယ်ပေါ်သို့ တင်သွားပါပြီတဲ့ “ ဟု ၄င်းက ပြောသည်။

၄င်းတို့ကို စက်လှေများနှင့်အတူ ဖမ်းဆီးပြီး စစ်တွေမြို့၊အမှတ် ၁ ရဲစခန်းတွင် စက်လှေလိုင်စင် ရှိ၊ မရှိနှင့် တင်ဆောင်လာသည့် ကုန်ပစ္စည်းစာရင်းစသည်တို့ကိုလည်း စစ်ဆေးမေးမြန်းခဲ့သည်ဟု အထက်ပါစက် လှေပိုင်ရှင်က ဆိုသည်။

“ စရဖ နဲ့ ရဲက လူတိုင်းကိုစစ်ပါတယ်။ မတရားအသင်းတွေနဲ့ ဆက်သွယ်ဖူးလား။ အခွန်ဆောင်ဖူးတာတွေ၊ ထောက်ပံ့ကြေးပေးတာတွေ၊ ရိက္ခာသွားပို့တာတွေရှိလား ဆိုပြီး မေးကြတယ်။ ကျန်လူတွေက ငွေပေးတာတွေ၊ ထောက်ခံတာတွေ မရှိပါဖြေကြတယ်။ သူတို့နှစ်ယောက်ကတော့ ၅ သောင်းပေးဖူးတယ် ဆိုပြီး ထွက်ဆို တယ်လို့ကြားရတယ်။ ဦးသိန်းထွန်းက တစ်သိန်းထောက်ပံ့ဖူးတယ်ဆိုပြီး ဖြေခဲ့တယ်တဲ့။ အဲတာကြောင့် သူတို့ကို မတရားအသင်းဆက်သွယ်မှု ဥပဒေ နဲ့ စွဲလိုက်တယ်ထင်ပါတယ်   “ ဟု ၄င်းက ဆက်ပြောသည်။

ယင်းနေ့က ဖမ်းဆီးခံရသည့် စက်လှေများမှာ စစ်တွေမြို့နယ်မှ နှစ်စီး၊ ပေါက်တောမြို့နယ်မှ တစ်စီးနှင့် ရသေ့တောင်မြို့နယ်မှ ခြောက်စီးတို့ဖြစ်ကြသည်။ အဆိုပါ စက်လှေများမှာ စစ်တွေမြို့မှ ကုန်ပစ္စည်းဝယ်ယူပြီး နေရာအသီးသီးသို့ သွားရောက်ရန်စီစဉ်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်  ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

ဗီဒီယိုများ