ဘူးသီးတောင်မှ ဒေသခံ ၂၀ ကျော်ကို မြန်မာစစ်တပ်က ဖမ်းဆီးထား

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့၊ မြို့မဈေးနှင့် ဆိပ်ကမ်းအနီးမှ ရခိုင်နှင့် မွတ်ဆလင်များအပါအဝင် ဒေသခံ ၂၀ ကျော်ကို ယမန်နေ့(အောက်တိုဘာလ ၂၃ ရက်) နေ့လယ် ၁၂ နာရီခန့်တွင် မြန်မာစစ်တပ်က စစ်ကား ၃ စီးဖြင့် လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များထံမှ သိရသည်။

By Admin 24 Oct 2022

ဘူးသီးတောင်မှ ဒေသခံ ၂၀ ကျော်ကို မြန်မာစစ်တပ်က ဖမ်းဆီးထား

ဘူးသီးတောင်မြို့ ဆိပ်ကမ်းအား ၂၀၂၂ ဇန်နဝါရီလက တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၂၄

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့၊ မြို့မဈေးနှင့် ဆိပ်ကမ်းအနီးမှ ရခိုင်နှင့် မွတ်ဆလင်များအပါအဝင် ဒေသခံ ၂၀ ကျော်ကို ယမန်နေ့(အောက်တိုဘာလ ၂၃ ရက်) နေ့လယ် ၁၂ နာရီခန့်တွင် မြန်မာစစ်တပ်က စစ်ကား ၃ စီးဖြင့် လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ ဦးတင့်ဝင်း၊ ဦးမောင်အေးထွန်း၊ ကိုကျော်စိုးနိုင်၊ ဦးကျော်လှမြင့်၊ ဦးဇော်ဝင်း၊ ဦးမော်နီအာမောက်၊ ကိုတော်ယု၊ ဦးအူဘိုင်ဒူလာ၊ ကိုသက်ထူး၊ ကိုအောင်ကျော်ဌေးနှင့် အခြားဖမ်းဆီးခံရသူများမှာ အမည်စုံစမ်းဆဲဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံရသူများထဲတွင် မြို့မဈေး ဈေးကောက်နှင့် စာရေး၊ ဈေးစောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၊ ဆိပ်ကမ်းရှိ စက်လှေပိုင်ရှင်များနှင့် ကုန်တင်ကုန်ချ လုပ်ကိုင်သူများပါဝင်ပြီး ၎င်းတို့ကို ယမန်နေ့က မြန်မာစစ်တပ်တပ်ဖွဲ့ဝင် အင်အား(၅၀)ခန့်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“သူက ဈေးထဲမှာ ဈေးကောက်လုပ်နေတာ။ အဲဒီမှာ စစ်သားတွေလာပြီးတော့ ဈေးကောက်ရုံးထဲကနေ အကြောင်းမဲ့ ဖမ်းဆီးသွားတာ။ စာရွက်စာတန်းတွေလည်း အကုန်လုံးယူသွားတယ်။ သူနဲ့ ဈေးကောက်အပါအဝင်ဆိုရင် (၄)ယောက်ပါသွားတယ်။ မိသားစုတွေအနေနဲ့ စိုးရိမ်မှုရှိတာပေါ့။ ဒါကြောင့် အပြစ်လုပ်ထားတာ တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးခံရတဲ့ ကျနော့်အစ်ကိုအပါအဝင် ဖမ်းဆီးထားတဲ့သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်”ဟု ဦးကျော်လှမြင့်၏ ညီဖြစ်သူ ကိုစိုးမင်းသန်းက DMG သို့ပြောသည်။

၎င်းတို့ကို ဘူးသီးတောင်အခြေစိုက်တပ်ရင်းများဖြစ်သော ခမရ (၃၅၄)၊ ခမရ(၃၅၂)ရှိ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိတွင် မည့်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များကပြောသည်။

ဖမ်းဆီးခံရသူ ဦးမောင်အေးထွန်း၏ မိသားစုဝင်တစ်ဦးက “ကျနော်တို့ သိရတာကတော့ ဘူးသီးတောင်အခြေစိုက် ဗျုဟာကုန်းကနေ ဖမ်းသွားတာလို့ သိရတယ်။ ဒါပေမယ့် ဘယ်တပ်ရင်းကို ဖမ်းသွားလဲဆိုတာ မသိရသေးတဲ့အတွက် မိသားစုတွေကလည်း ဘယ်ကိုသွားတွေ့ရမှန်း မသိဖြစ်နေတယ်။ သူက ဈေးထဲမှာ ဈေးကောက်စာရေးလုပ်နေတာပါ။ အသက်လည်းကြီးနေပြီ”ဟု ဆိုသည်။

ထိုသို့ ဘူးသီးတောင်မြို့ပေါ်မှ ဒေသခံ ၂၀ ကျော်ကို မြန်မာစစ်တပ်က ဖမ်းဆီးသွားခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းအား DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

မြန်မာစစ်တပ်က ပြည်သူလူထုကို အကြောင်းမဲ့ဖမ်းဆီးနေခြင်းမှာ ကြောက်လန့်အောင် လုပ်ဆောင်နေခြင်းဟု ဘူးသီးတောင်မြို့နယ် အမတ်ဟောင်း ဦးအောင်သောင်းရွှေက သုံးသပ်ပြောဆိုသည်။

“မြန်မာစစ်တပ်က အကြောက်တရားနဲ့ ပြည်သူတွေကို ဖမ်းဆီးနေတယ်။ ULA/AA တပ်ဖွဲ့ဝင်တွေကျတော့ မဖမ်းနိုင်ဘဲ ပြည်သူလူထုတွေကိုပဲ ဖမ်းဆီးနေတယ်။ အဲဒါဟာ မြန်မာစစ်တပ်က အကြောက်တရား လွှမ်းမိုးနေတယ်လို့ပဲ မြင်တယ်။ အခုက ပြည်သူလူထုကိုပဲ ဦးတည်ပြီးတော့ ဖမ်းနေတယ်။ တမင်တကာ ပြည်သူတွေကို ကြောက်အောင်လုပ်နေသလို ပြည်သူဖက်ကို ဦးတည်ပြီးလုပ်နေတယ်လို့ပဲမြင်တယ်။ အရပ်သားတွေကို ဖမ်းဆီးနေတာဟာ စစ်ရေးအရဆိုရင်လည်း စစ်ရာဇဝတ်မှုကိုကျူးလွန်းတာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ဗီဒီယိုများ