ဗျိုင်းဖြူရွာသားများအား စစ်ကောင်စီသတ်ဖြတ်မှုအပေါ် အဖွဲ့အစည်း ၂၀၀ ကျော် ကန့်ကွက်ရှုတ်ချ 

စစ်တွေမြို့၊ ဗျိုင်းဖြူရွာတွင် စစ်ကောင်စီက ဒေသခံများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံတကာရှိ ရခိုင်လူမှုအဖွဲ့အစည်းများနှင့် ညီနောင်မဟာမိတ်အဖွဲ့အစည်း ၂၀၃ ဖွဲ့က ထုတ်ပြန်လိုက်သည်။ 

By Admin 08 Jun 2024

စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဗျိုင်းဖြူရွာသားများ။ 
စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဗျိုင်းဖြူရွာသားများ။ 

DMG ၊ ဇွန်လ ၈

စစ်တွေမြို့၊ ဆက်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာတွင် စစ်ကောင်စီက ဒေသခံများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံတကာရှိ ရခိုင်လူမှုအဖွဲ့အစည်းများနှင့် ညီနောင်မဟာမိတ်အဖွဲ့အစည်း ၂၀၃ ဖွဲ့က ထုတ်ပြန်လိုက်သည်။ 

ထိုလုပ်ရပ်မှာ ရက်စက်ကြမ်းကြုတ်သည့် လူမျိုးတုံးသတ်ဖြတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်းခြင်း ဖြစ်ပြီး ကျူးလွန်သူများကို ထိရောက်စွာအရေးပေးရန် အဖွဲ့အစည်း ၂၀၃ ဖွဲ့က တောင်းဆိုထားကြသည်။ 

ပြီးခဲ့သည့် မေလ ၂၉ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဗျိုင်းဖြူရွာအတွင်းသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာပြီး အမျိုးသမီး၊ အမျိုးသား၊ နို့စို့ကလေးမကျန်ဖမ်းဆီးကာ စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။

စစ်ကောင်စီတပ်သားများ၊ ALP တပ်ဖွဲ့ဝင်များနှင့် စစ်သင်တန်းဆင်းမွတ်ဆလင်များသည် ဗျိုင်းဖြူရွာသား ၇၀ ကျော်ကိုသတ်ဖြတ်ကာ အလောင်းဖျောက်ခြင်း၊ အမျိုးသမီးအချို့အား အဓမ္မကျင့်သတ်ဖြတ်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။

ဗျိုင်းဖြူရွာဒေသခံများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းမရှိကြောင်း စစ်ကောင်စီက ငြင်းဆိုထားပြီး စောမြရာဇာလင်း ဦးဆောင်သော ALP ကလည်း ထိုကိစ္စတွင်ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ပြောဆိုထားသည်။  

ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်ပါ နိုင်ငံတစ်ခုလိုက်နာရမည့် စည်းမျဉ်းနှင့် နိုင်ငံတကာဥပဒေများကို စဉ်ဆက်မပြတ် ချိုးဖောက်နေသော စစ်ကောင်စီကို အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်မှ ထုတ်ပယ်ပေးရန်  ရခိုင်နှင့် ညီနောင်မဟာမိတ် အဖွဲ့အစည်းများက တောင်းဆိုထားသည်။ 

လက်ရှိတွင် ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက ရွာမှနှင်ထုတ်ထားသဖြင့် စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြပြီး စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

ဗျိုင်းဖြူရွာသားများ အပြစ်မဲ့အသက်ဆုံးရှုံးခဲ့ရမှုနှင့်ပတ်သက်၍ ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြောင်းနှင့် အရေးပေါ်အကူညီများကိုလည်း ဆောင်ရွက်ပေးသွားမည်ဟု ရခိုင်နှင့် ညီနောင်မဟာမိတ် အဖွဲ့အစည်းများက ပြောဆိုထားသည်။

ဗီဒီယိုများ