ရခိုင်တွင် ညမထွက်ရအမိန့် ရုတ်သိမ်းပေးရန် ဒေသခံများလိုလားနေ

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်ခဲ့ချိန်က ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်ကို ယခု အပစ်ရပ်ကာလတွင် ရုတ်သိမ်းပေးရန် ဒေသခံများက လိုလားနေကြသည်။

By Admin 10 Dec 2022

ရခိုင်တွင် ညမထွက်ရအမိန့် ရုတ်သိမ်းပေးရန် ဒေသခံများလိုလားနေ

စစ်တွေမြို့ဝင်ဝကို ညဘက်တွေ့ရစဉ်

DMG | ဒီဇင်ဘာ ၁၀

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်ခဲ့ချိန်က ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်ကို ယခု အပစ်ရပ်ကာလတွင် ရုတ်သိမ်းပေးရန် ဒေသခံများက လိုလားနေကြသည်။

ညမထွက်ရအမိန့်များကို ထုတ်ပြန်ထားခဲ့သည့် မြို့နယ်များမှာ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မောင်တော၊ ပုဏ္ဏားကျွန်းနှင့် မြေပုံတို့ဖြစ်ကြသည်။

ထိုသို့ အမိန့်ထုတ်ပြန်ထားသဖြင့် ဒေသခံ ကျေးရွာသားများမှာ မြို့ပေါ်သို့ ကုန်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချရန်လာရောက်ကြသည့် အခါများစွာသော အခက်အခဲများဖြစ်နေကြကြောင်း မင်းပြားမြို့ ဒေသခံတစ်ဦးက DMG ကို ပြောသည်။

“နယ်ကလာပြီး မင်းပြားမြို့ထက်ကို စီးပွားရေးလုပ်စားဖို့ လာကြတဲ့လူတွေပေါ့။ အချိန်ကန့်သတ်ချက်လည်း လုပ်ထားဆဲဖြစ်တော့ လူတွေကလည်း မလာကြတော့ဘူး။ နယ်ဘက်တွေက လိုင်းဘုတ်တွေလည်း မလာကြတော့ဘူး။ ကားတွေလည်း မထွက်ကြတော့ဘူး။ အဓိကတော့ စျေးသည်တွေ အရမ်း အခက်အခဲဖြစ်နေကြပါတယ် ” ဟု သူကပြောသည်။

တိုက်ပွဲများ ရပ်တန့်နေချိန် ယခုလို ညမထွက်ရအမိန့်များ ကန့်သတ်ခံထားရဆဲဖြစ်သောကြောင့် စီးပွားရေး၊ လှုမှုရေး၊ ကျန်းမာရေး ကိစ္စများစွာ ထိခိုက်နစ်နာမှုများ ရှိနေဆဲဖြစ်သည့်အတွက် ဒေသခံများက အမိန့်များကို ရုတ်သိမ်းပေးရန် တောင်းဆိုနေကြခြင်းလည်းဖြစ်သည်။

ထိုနည်းတူ မြောက်ဦးမြို့တွင်လည်း ပြီးခဲ့သည့် ‌စက်တင်ဘာလကတည်းကပင် ည ၈ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲဖြစ်သောကြောင့် ရုတ်သိမ်းပေးရန် ဒေသခံများက မျှော်လင့်နေကြသည်။

ထို့ပြင် မြို့တွင်း အချက်အချာကျသော လမ်းဆုံလမ်းခွများတွင်လည်း မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ အမြဲလိုလို ရှိနေသောကြောင့် မလုံမခြုံခံစားရကြောင်း ဒေသခံများကပြောသည်။

“ တစ်နေရာကနေ တစ်နေရာကို သွားလာတာတွေမှာ နောက်ကျပြီး အခက်အခဲတွေ ကြုံနေရတုန်းပဲပေါ့။ စစ်တွေကနေ ဆေးကုပြီး ပြန်လာကြတဲ့ လူတွေဆိုရင်လည်း ညရောက်ရင် မသွားရဲကြတော့ဘူး။ တချို့ဆိုရင် လမ်းတွေမှာဆိုလည်း နီးစပ်တဲ့ ဘုန်းကြီးကျောင်းတွေကို ဝင်အိပ်ကြရတယ်။ ဒါကြောင့် အမိန့်တွေကို ရုတ်သိမ်းပေးဖို့ကို အားလုံး ဆန္ဒရှိနေကြပါတယ် ” ဟု မြောက်ဉီး ဒေသခံတစ်ဉီးက ပြောသည်။

ယခုလို အမိန့်များထုတ်ပြန်ထားဆဲဖြစ်သောကြောင့် ညပိုင်းစျေးရောင်းချကြသည့် စျေးဆိုင်သည်များလည်း ဆုံးရှုံးနစ်နာမှုများရှိကြသည့်အတွက် တိုက်ပွဲများရပ်တန့် နေချိန်တွင် လွပ်လပ်စွာ သွားလာခွင့်များ ပေးသင့်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

“ တိုက်ပွဲတွေလည်း လောလောဆယ် ရပ်တန့်နေတယ်။ ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းတွေကိုလည်း ဖွင့်ပေးလိုက်ပြီ။ ဒါပေမယ့် ညမထွက်ရ လုပ်ထားတာတွေကို ဖြေလျော့လို့လည်း မပေးဘူး။ ညပိုင်းမှ ဆိုင်ဖွင့်ရောင်းကြတဲ့ စျေးသည်တွေဆိုရင်လည်း ၈ နာရီတောင် မခွဲသေးဘူး။ ဆိုင်သိမ်းနေကြပြီ ” ဟု စစ်တွေဒေသခံ ကိုနိုင်ကြီး ကပြောသည်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ကိစ္စများနှင့်ပတ်သတ်ပြီး ရုတ်သိမ်းပေးရန် အစီအစဉ် ရှိ/မရှိ ကို ရခိုင်ပြည်နယ်လုံခြုံ့ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းတို့ကို DMG က ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း လတ်တလောတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။

ဗီဒီယိုများ