- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
ကိုဗစ်ကြောင့် ၃ နှစ်ကျော်ကြာပိတ်ထားခဲ့သည့် တာချီလိတ်-မယ်ဆိုင်တံတား ပြန်ဖွင့်
တံတားဖွင့်လှစ်နိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစ၍ နှစ်နိုင်ငံတာဝန်ရှိသူကြား ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
20 Feb 2023

DMG ၊ ဖေဖော်ဝါရီလ ၂၀
ကိုဗစ်နိုင်တင်း ကပ်ရောဂါကြောင့် ၃ နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသည့် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
တံတားဖွင့်လှစ်နိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစ၍ နှစ်နိုင်ငံတာဝန်ရှိသူကြား ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
“မနက်အစောပိုင်းကပဲ တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ထိုင်းက မယ်ဟောင်ဆောင် ခရိုင်အုပ်ချုပ်ရေးမှူးတို့ လာပြီးတော့ ဖွင့်ပွဲလုပ်ပေးသွားတယ်။ ဂိတ်ကပိတ်ထားတာ အချိန် ၃ နှစ်ကျော်လောက် ရှိနေတာရယ်၊ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် အဆင်ပြေဖို့ရယ်အတွက် ဂိတ်ကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်” ဟု နယ်စပ်တံတားဂိတ် တာဝန်ခံတစ်ဦးက ပြောသည်။
လက်ရှိ ပြန်ဖွင့်ခဲ့သည့် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ကိုဗစ်ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးကြောင်းလက်မှတ်မိတ္တူနှင့် မှတ်ပုံတင်ရှိသူများကိုသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass)ပြုလုပ်ကာ ဖြတ်သန်းသွားလာခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးသည်တင်ယာဉ်များ၊ အိမ်စီးကားများနှင့် ကုန်တင်ယာဉ်ငယ်များကိုသာ အမှတ်(၁)တံတားမှ ဖြတ်သန်းခွင့်ပြုသွားမည်ဖြစ်ပြီး ကုန်တင်ယာဉ်ကြီးများကို မြန်မာ-ထိုင်း တာချီလိတ်အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ဖြတ်သန်းသွားလာခွင့်ပြုသွားမည်ဖြစ်သည်။
နယ်စပ်တံတားမှတစ်ဆင့် ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်ကြီး/ငယ်များမှာ သက်ဆိုင်ရာ ယာဉ်လိုင်စင်အထောက်အထား ပါရှိရမည့်အပြင် ဂိတ်တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့်သာ ဖြတ်သန်းခွင့်ပြုသွားမည်ဟု တံတားဂိတ် စစ်ဆေးရေးတာဝန်ရှိသူများထံမှ သိရသည်။
“ယာဉ်လိုင်စင် အပြည့်အစုံရှိတဲ့ ကားငယ်တွေ၊ မှန်လုံခရီးသည်တင် ဘတ်စ်ကား၊ ဆိုင်ကယ်၊ ကုန်တင်ယာဉ်ငယ်တွေကို အခုတံတားကနေ ဖြတ်သန်းခွင့်ရှိတယ်။ မပြည့်စုံတဲ့ယာဉ်တွေကိုတော့ သွားလာခွင့်မပြုတဲ့အတွက် အထောက်အထားတွေ လုပ်ထားဖို့လိုအပ်ပါမယ်” ဟု တံတားဂိတ်စစ်ဆေးရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။
တာချီလိတ်-မယ်ဆိုင်တံတားကို ပြန်လည်ဖွင့်လှစ်လိုက်၍ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ကုန်စည်ဖလှယ်မှုများ ပြုလုပ်ရာတွင် အဆင်ပြေချောမွေ့လာမည်ဟု တာချီလိတ်ကုန်သည်များက မျှော်လင့်နေကြသည်။
တာချီလိတ်မြို့ခံ ကုန်သည်တစ်ဦးက “တံတားပြန်ဖွင့်လိုက်တဲ့အတွက် ကုန်စည်တွေပို့ရာမှာလည်း ပြန်အဆင်ပြေသွားတယ်။ ကုန်စျေးနှုန်းမြင့်တက်မှုတွေပါ အထိုက်အလျောက် လျော့သွားနိုင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် မယ်ဆိုင်မြို့ တို့ကို ဆက်သွယ်ထားသည့် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင် အမှတ်(၁) ချစ်ကြည်ရေးတံတားမှာ နှစ်နိုင်ငံ ကူးသန်းသွားလာရေးအတွက် အရေးပါသည့် တံတားတစ်စင်းဖြစ်သည်။
#F004