ကိုဂန်ဘာရီကို အကြမ်းဖက်ပုဒ်မဖြင့် စစ်ကောင်စီ အမှုဖွင့်

ကိုဂန်ဘာရီသည် အဖွဲ့အစည်းတစ်ခုနှင့် ပတ်သက်ဆက်နွယ်ပြီး ငွေကြေးချိတ်ဆက်မှုရှိသည် ဆိုသည့်စွပ်စွဲချက်ဖြင့် တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

By Admin 08 Jun 2024

ကိုဂန်ဘာရီကို အကြမ်းဖက်ပုဒ်မဖြင့် စစ်ကောင်စီ အမှုဖွင့်

DMG ၊ ဇွန် ၈ 

ရန်ကုန်တွင် စစ်ဘေးရှောင်နေစဉ် ဖမ်းဆီးခံလိုက်ရသည့် ရခိုင်အမျိုးသားပါတီ(ANP) လူငယ်ခေါင်းဆောင်ဟောင်း ကိုဂန်ဘာရီ (ခ) ခင်ဝင်းမောင်ကို စစ်ကောင်စီက အကြမ်းဖက်မှုပုဒ်မ ၅၀ (ည)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ကိုဂန်ဘာရီသည် အဖွဲ့အစည်းတစ်ခုနှင့် ပတ်သက်ဆက်နွယ်ပြီး ငွေကြေးချိတ်ဆက်မှုရှိသည် ဆိုသည့်စွပ်စွဲချက်ဖြင့် တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

“သူ့ကိုဖမ်းသွားပြီးနောက် သူ့ဆီမှာ ပိုက်ဆံသိန်းတစ်ရာကျော် တွေ့တယ်။ အဲဒါကို အဖွဲ့အစည်းတစ်ခုခုနဲ့ ချိတ်ဆက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့်လိုက်တာ။ မနေ့ကတော့ ရမန်ယူတယ်” ဟု ကိုဂန်ဘာရီ၏ မိတ်ဆွေတစ်ဦးက ပြောသည်။ 

ကိုဂန်ဘာရီကို မေလ ၃၁ ရက် ညဉ့်အချိန် လှိုင်မြို့နယ်ရှိ နေအိမ်၌ရှိနေစဉ် စစ်ဆေးမေးမြန်းစရာရှိသည် ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ဇွန်လ ၇ ရက်က ရန်ကုန်တိုင်း၊ အလုံမြို့နယ်တရားရုံးတွင် ရုံးထုတ်ရမန်ယူခဲ့ကြောင်း သိရသည်။

ဒေသတွင်း လူမှုရေးလုပ်ငန်းလုပ်နေသူများကို လိုက်လံဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းများ လုပ်ဆောင်နေသည်မှာ စစ်ကောင်စီ၏ လုပ်ထုံးလုပ်နည်းတစ်ခုကဲ့သို့ ဖြစ်နေသည်ဟု ရခိုင်ဒေသခံများက ပြောသည်။

“ဆိုရှယ်မီဒီယာမှာ လူအာရုံစိုက်ခံရတဲ့ လူတွေကို စစ်ကောင်စီက ပိုပြီးအာရုံစိုက်လာတယ်။ ပြီးတော့ လူငယ်တွေကို ပစ်မှတ်ထားပြီး ဖမ်းတယ်။ တရားစွဲတယ်‌ပေါ့။ လူမှုရေးလုပ်တဲ့သူတွေကို စိတ်မလုံခြုံအောင် လုပ်လာတယ်” ဟု ပေါက်တောဒေသခံတစ်ဦးက ပြောသည်။ 

ကိုဂန်ဘာရီနှင့်နီးစပ်သည့် လူအချို့ကိုလည်း စစ်ကောင်စီက လိုက်ရှာနေသဖြင့် ၎င်း၏မိတ်ဆွေအချို့မှာ တိမ်းရှောင်နေရကြောင်း သိရသည်။ 

ကိုဂန်ဘာရီသည် ပေါက်တောဇာတိဖြစ်ပြီး ရခိုင်အမျိုးသားပါတီ(ANP) ဗဟိုကော်မတီဝင် Youth Wing ခေါင်း ဆောင်ဟောင်းတစ်ဦးဖြစ်ကာ စစ်ဘေးရှောင်အရေးတို့တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ  လုပ်နေသူဖြစ်သည်။

လက်ရှိ ကိုဂန်ဘာရီအား တရားစွဲဆိုထားသည့် အကြမ်းဖက်မှုပုဒ်မ ၅၀(ည)မှာ ပြစ်မှုထင်ရှားလျှင် အနည်းဆုံး ထောင်ဒဏ်ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင် ဖော်ပြထားသည်။

ဗီဒီယိုများ