- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အမ်းမြို့နယ်တွင် အလယ်တန်းကျောင်းအုပ်တစ်ဦး ဖမ်းဆီးခံရ
ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် အလယ်တန်းကျောင်းအုပ်တစ်ဦးအား မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များဟုယူဆရသူများက ယနေ့(နိုဝင်ဘာလ ၁၄ ရက်) နေ့လယ် ၁ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
14 Nov 2022

DMG ၊ နိုဝင်ဘာ ၁၄
ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် အလယ်တန်းကျောင်းအုပ်တစ်ဦးအား မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များဟုယူဆရသူများက ယနေ့(နိုဝင်ဘာလ ၁၄ ရက်) နေ့လယ် ၁ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဖမ်းဆီးခံရသူမှာ အမ်းမြို့နယ်၊ င/လက်ကျအုပ်စု၊ ခရမ်းကျွန်းကျေးရွာ အလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ် ဦးဇော်ဖြိုးဝေ(၃၀ နှစ်)ဖြစ်ပြီး ၎င်းကို အရပ်ဝတ် ဝတ်ဆင်ထားသူများက ဖမ်းဆီးသွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။
"သူတို့က အရပ်ဝတ်နဲ့ လက်နက်တွေကိုင်ပြီး ကျောင်းကိုဝင်လာတယ်။ ပြီးတော့ ကျောင်းရှေ့မှာထိုင်နေတဲ့ ဆရာ/ဆရာမတွေကို ကျောင်းအုပ်ဘယ်မှာလဲဆိုပြီး မေးတယ်တဲ့။ ကျောင်းအုပ်ကြီးကို မေးမြန်းစရာတွေရှိတယ်လို့ပြောပြီး ခေါ်သွားတယ်လို့သိရတယ်။ ဘာကြောင့်ဖမ်းသွားသလဲတော့ မသိပါဘူး"ဟု ၄င်းဒေသခံကဆိုသည်။
ဦးဇော်ဖြိုးဝေမှာ အမ်းမြို့နယ်၊ ခွဆုံပြင်ကျေးရွာဇာတိဖြစ်ပြီး ခရမ်းကျွန်းရွာ၌ တာဝန်ကျနေသည်မှာ (၂)နှစ်ခန့်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။ ၄င်းကို ဖမ်းဆီးသွားသူများမှာ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များဟု ဒေသခံများနှင့် မျက်မြင်များက ပြောဆိုကြသည်။
"ကျောက်တွေ၊သဲတွေတင်တဲ့ ကားနှစ်စီးနဲ့လာကြတာပါ။ အပြင်မှာလည်း သေနတ်တွေကိုင်ပြီး အစောင့်တွေ ချထားတယ်။ ပြီးတော့ အရပ်ဝတ်တွေနဲ့ လူ ၅ ယောက်က ဝင်လာပြီးတော့ ခဏလိုက်ခဲ့ပါလို့ပြောပြီး ခေါ်သွားကြတာပါ။ အခုထိ ပြန်မလွတ်သေးပါဘူး။ ဘယ်နေရာမှာလည်းဆိုတာလည်း မသိရပါဘူး"ဟု ဖမ်းဆီးခံရသည့်ကျောင်းအုပ်နှင့် နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ ကျောင်းအုပ်ကြီး ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မေးမြန်းရန် င/လက်ကျအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်တင်စိုးအား ဆက်သွယ်ခဲ့ရာ ၄င်းအနေဖြင့် ယခုကိစ္စအားမသိသေးဟုဆိုကာ ဖုန်းချသွားခဲ့သည်။
ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး မျက်မြင်တစ်ဦးက “တပ်ရင်းကနေ ဒီရွာကိုလာမယ်ဆိုရင် စစ်တပ်စစ်ဆေးရေးဂိတ်တစ်ခုကို ဖြတ်ရတယ်။ ဒါကြောင့် အေအေဖက်က ကားနဲ့လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နောက်ပြီးသူတို့ထဲမှ အပေါ်ပိုင်းကျည်ကာဝတ်စုံ သုံး၊လေးယောက်လောက် ဝတ်လို့ပါတယ်။ ဗမာစကားတွေပြောတဲ့အတွက် စစ်တပ်ကလို့ အတည်ပြုပြောလို့ရတာပါ”ဟု ဆိုသည်။
ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီတပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG ကဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။