KIO အထိမ်းအမှတ်ပွဲ ဗုံးကြဲတိုက်ခိုက်ခံရမှု‌ကြောင့် ဒဏ်ရာရရှိသူ ရာနှင့်ချီပြီး ဆေးကုသရန် အခက်အခဲရှိနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကံဇီးကျေးရွာအနီး KIO/KIA တပ်မဟာ(၉) ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ (၁၀၀)ကျော်မှာ ဆေးကုသရန် အခက်အခဲရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 24 Oct 2022

KIO အထိမ်းအမှတ်ပွဲ ဗုံးကြဲတိုက်ခိုက်ခံရမှု‌ကြောင့် ဒဏ်ရာရရှိသူ ရာနှင့်ချီပြီး ဆေးကုသရန် အခက်အခဲရှိနေ

စစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြင်ကွင်း။

DMG၊ အောက်တိုဘာ ၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကံဇီးကျေးရွာအနီး KIO/KIA တပ်မဟာ(၉) ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ (၁၀၀)ကျော်မှာ ဆေးကုသရန် အခက်အခဲရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသို့ အခက်အခဲဖြစ်နေရခြင်းမှာ ကံဇီးကျေးရွာအနီး၌ စစ်တပ်က ယနေ့(အောက်တိုဘာလ ၂၄ ရက်) နံနက် ၁၀ နာရီမှစပြီး ဒေသခံများကို အသွားအလာပိတ်ပင်ထားသည့်အတွက်ဖြစ်သည်ဟု ဖားကန့်မြို့ခံတစ်ဦးက ပြောသည်။

“ကံဇီးရွာဘက်ကို သွားလို့မရတော့ဘူး။ မနက်ပိုင်းကတည်းက အသွားအလာ ပိတ်လိုက်တယ်။ စစ်တပ် အင်အားများစွာနဲ့ ရွာဘက်ကို ထွက်သွားတာတွေ့လိုက်ရတယ်”ဟု ၎င်းကပြောသည်။

ထိုသို့ စစ်တပ်က အသွားအလာကန့်သတ်ပိတ်ပင်မှုကြောင့် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဒေသခံ ၁၀၀ ဦးကျော်မှာ လက်ရှိအချိန်အထိ ဆေးကုသခွင့်မရရှိဘဲဖြစ်နေကြောင်း ဖားကန့်မြို့ခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။

“ရွာကိုစစ်တပ်က အသွားအလာ ပိတ်လိုက်တယ်။ ဒဏ်ရာရတဲ့သူတွေကို ကယ်ထုတ်ဖို့ ပရဟိတအသင်း အကုန်သွားတာ အခုအထိ သွားခွင့်မပြုဘူး။ အဲမှာ ဒဏ်ရာရတဲ့သူ ၁၀၀ ကျော်လောက် ပိတ်မိနေတယ်။ မြို့ထဲက အသင်းတွေ အခုအထိ ရွာထဲကိုဝင်ဖို့ စောင့်နေရတယ်”ဟု ဖားကန့်မြို့လူမှုကူညီရေးအသင်းဝင်တစ်ဦးက ယနေ့ ညနေပိုင်းတွင်ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉) ထိန်းချုပ်နယ်မြေတွင် ယမန်နေ့ (အောက်တိုဘာလ ၂၃ ရက်) ည ၈ နာရီ၌ KIO အထိမ်းအမှတ်ပွဲပြုလုပ်နေစဉ် စစ်တပ်က လေကြောင်းမှ လာရောက်ဗုံးကြဲမှုကြောင့် KIA အရာရှိများ၊ လုပ်ငန်းရှင်များ၊ အနုပညာရှင်များနှင့် အရပ်သားစုစုပေါင်း (၆၀)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်းအခြေစိုက် မီဒီယာများနှင့် ဒေသခံများမှ ယနေ့နံနက်ပိုင်းတွင် ပြောကြားထားသည်။

အဆိုပါပွဲ့သို့ ဖားကန့်မြို့နယ်၊ ကံဆီးကျေးရွာအနီး KIA/KIO တပ်မဟာ(၉)နယ်မြေ အနန့်ပါ(A Nang Pa)နေရာ၌ ဂီတဖြေဖျော်ပွဲပြုလုပ်နေစဉ် စစ်တပ်က ဂျက်တိုက်လေယာဉ်သုံးစီးဖြင့် ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပွဲတော်အတွင်းရှိ လူများ ထိခိုက်သေဆုံးဒဏ်ရာရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းနေရာအနီးအနားရှိ ကံဆီးကျေးရွာသားများက ပြောသည်။

“အခုအထိ သေဆုံးသူထဲမှာ အဆိုတော်နှစ်ဦးနဲ့ ပွဲကိုလာရောက်တဲ့ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေ အပါအဝင် ဒေသခံ(၆၀)ဝန်းကျင် စာရင်းရရှိထားတယ်။ အလောင်းတွေကို KIA က အဖွဲ့တွေ မရရ အောင်ထုတ်နေတယ်။ ထိခိုက်တဲ့အယောက် ၁၂၀ မှာ ဒဏ်ရာပြင်းထန်တဲ့သူတွေ ရှိနေတယ်။ အခုအထိ ရွာကိုဖြတ်ပြီး ထုတ်လို့မရဘူး။ ပိတ်မိနေတယ်”ဟု KIA တပ်မဟာ(၉) သတင်းရင်းအမြစ်က အတည်ပြုပြောဆိုသည်။

စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် KIO နေ့ အထိမ်းအမှတ် ပြုလုပ်နေကြသော အပြစ်မဲ့ အရပ်သားပြည်သူလူထုများ၊ အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် KIO/KIA မှ စစ်ဖက်၊ အရပ်ဖက်ဝန်ထမ်းအချို့ အသက်ဆုံးရှုံးအပေါ် များစွာဝမ်းနည်းကြေကွဲရကြောင်း AA ၊ TNLA နှင့် MNDAA တို့ ညီနောင်မဟာမိတ်(၃)ဖွဲ့က ယနေ့(အောက်တိုဘာလ ၂၄ ရက်တွင်) သဝဏ်လွှာပေးပို့ထားသည်။

“စစ်ကောင်စီ၏ အပြစ်မဲ့ ပြည်သူလူထုအပေါ် ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများအတွက် ထိုက်သင့်သော ပြစ်ဒဏ်ပေးရေးနှင့် ကျူးလွန်ခံရသူများဖက်မှ တရားမျှတမှုကိုရရှိရန် မျှော်လင့်ပါကြောင်း ဖော်ပြရင်း မိမိတို့ ညီနောင်မဟာမိတ်(၃)ဖွဲ့မှ ဤဝမ်းနည်းကြောင်း သဝဏ်လွှာအားပေးပို့အပ်ပါသည်”ဟု ဖော်ပြထားသည်။

ယင်းသို့ စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုအပေါ် ယနေ့ ညနေ ၄ နာရီခွဲအချိန်ထိ စစ်ကောင်စီမှ တစုံတရာ ပြောဆိုထုတ်ပြန်ခြင်း မရှိသေးပေ။

ကံဇီးကျေးရွာအနီး စစ်တပ်မှ အသွားအလာပိတ်ထားမှုကြောင့် ဖားကန့်မြို့ အနီးတဝိုက်၌ မြန်မာ စစ်တပ်နှင့် KIA တပ်များအကြား နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း မြို့ခံများထံမှသိရသည်။

ဗီဒီယိုများ