- အမေရိကန်နှင့် မဟာမိတ်များ ‘ဒရုန်း’သင်္ဘောများ စမ်းသပ်
- ရေဘေးသင့် ဖုံသာချောင်းဒေသတွင် ငှက်ဖျားနှင့် ဝမ်းရောဂါ အဖြစ်များနေ
- ဒုက္ခသည်အရေး အဆုံးမရှိ ထိုင်စောင့်နေ၍မရဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ်ပြော
- လေကြောင်းဗုံးကြဲမှုကြောင့် ရခိုင်တွင် လေးရက်အတွင်း အရပ်သား သေဆုံးဒဏ်ရာရသူ ၂၅ ဦးရှိ
- ဂွတိုက်ပွဲ ပြင်းထန် (ကုလားပြင်ရွာမှ စစ်ကောင်စီတပ်သားများ တပ်ဆုတ်ထွက်ပြေး)
မောင်တောတွင် ငါးရှာသွားသည့် သားအဖလေးဦး ပျောက်ဆုံးနေ
ကိုင်းကြီး(မြို)ကျေးရွာမှ သားအဖလေးဦးသည် စက်တင်ဘာ ၃၀ ရက်က ငါးရှာရန်ထွက်သွားပြီးနောက် ပျောက်ဆုံးနေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးကြောင်း ဒေသခံများက ပြောသည်။
02 Oct 2024
DMG ၊ အောက်တိုဘာ ၂
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကိုင်းကြီး(မြို)ရွာမှ ငါးရှာသွားသည့် ဒေသခံအမျိုးသား လေးဦးမှာ သုံးရက်ကြာထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။
၎င်းတို့သည် စက်တင်ဘာ ၃၀ ရက်က ငါးရှာရန်ထွက်သွားပြီးနောက် ပျောက်ဆုံးနေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးကြောင်း ဒေသခံများက ပြောသည်။
“ရွာသားတွေလည်း ရွာအနီးအနားမှာ ရှာပြီးပြီ။ မတွေ့ဘူး။ အဖမ်းခံရတာလား မသိဘူး။ မိသားစုတွေကတော့ စိတ်ပူနေကြတယ်” ဟု ကိုင်းကြီးကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ပျောက်ဆုံးနေသူများမှာ အဖေဖြစ်သူ ဦးဆိုင်ဝိုင်း အပါအဝင် ဆယ်ကျော်သက်အရွယ် သားသုံးဦးတို့ ဖြစ်သည်။
မောင်တောဒေသတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ARSA၊ RSO၊ ARA အဖွဲ့သည် ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ရှိနေသည်။
မောင်တောဒေသခံတစ်ဦးက “မောင်တောမှာ ARSA၊ RSO၊ ARA အဖွဲ့တွေက သောင်းကျန်းနေတာရှိတယ်။ ငါးရှာ၊ ဟင်းရှာသွားသူတွေ၊ ဈေးဝယ်သွားသူတွေက သူတို့အဖွဲ့တွေနဲ့ တွေ့ပြီးတော့ အသတ်ခံရတာတွေရှိတယ်။ သူတို့နဲ့ ထိပ်တိုက်တွေရင်တော့ အသတ်ခံရမှာ သေချာတယ်။ ဒါကြောင့် အသွားအလာတွေကို ဂရုစိုက်ပြီးတော့ သွားနေရတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်က ဘူးသီးတောင်မြို့၊ ဂန္ဓာရီစစ်ဘေးရှောင်စခန်းမှ ခမီလူမျိုး ၇ ဦးမှာ လက်ပံရှည်(ခ) မော်နီကိုကျေးရွာအနီး တောင်သို့ မျှစ်ချိုးရန်သွားစဉ် မွတ်ဆလင်လက်နက်ကိုင်များ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
မောင်တောခရိုင်အတွင်းရှိ ကျေးလက်နေသူအများစုမှာ တောတောင်များကို အမှီပြု၍ သစ်ခုတ်၊ ဝါးခုတ်၊ ဟင်းရှာ၊ လယ်ယာနှင့် ငါးဖမ်းလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်ကြပြီး မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ ဖမ်းဆီးသတ်ဖြတ်များကြောင့် သေဆုံးမှုဖြစ်စဉ်များ မကြာခဏ ရှိနေသည်။