- လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီ ထိုးစစ်ဆင်နေ
- ပေါက်တောက မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရမှု အမြန်ဆုံး ထိရောက်စွာအရေးယူပေးရန် ကျောင်းသားသမဂ္ဂက တောင်းဆို
- ဗြိတိန်လေဆိပ်များ၌ လေကြောင်းထိန်းချုပ်ရေးစနစ် ချို့ယွင်းရာမှ ခရီးစဉ်နှောင့်နှေးမှုများ ဖြစ်ပေါ်
- အိန္ဒိယ မီဇိုရမ်မှာ မြန်မာဒုက္ခသည်များ၏ ကိုယ်ရေးအချက်အလက်များ စတင်ကောက်ယူ
- တရုတ် ကြိုးကိုင်တဲ့ မြန်မာ့ပြည်တွင်းစစ်
မိုင်းနှင့် လေကြောင်းရန်ကြောင့် မောင်တောမြို့ခံအများစု နေရပ်ပြန်ရန် တွန့်ဆုတ်နေ
ရခိုင်ပြည်၊ မောင်တောမြို့မှ စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံများကို အာရက္ခတပ်တော် (AA) မြို့တွင်းသို့ ပြန်လည်နေထိုင်ခွင့်ပြုပြီးနောက် မြို့ခံများမှာ ဝင်ရောက်နေထိုင်မှုများ ရှိလာနေသော်လည်း အများစုမှာ လုံခြုံရေးစိုးရိမ်ချက်ကြောင့် နေရပ်ပြန်ရန် တွန့်ဆုတ်နေကြသည်ဟု သိရသည်။
21 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၁
ရခိုင်ပြည်၊ မောင်တောမြို့မှ စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံများကို အာရက္ခတပ်တော် (AA) မြို့တွင်းသို့ ပြန်လည်နေထိုင်ခွင့်ပြုပြီးနောက် မြို့ခံများမှာ ဝင်ရောက်နေထိုင်မှုများ ရှိလာနေသော်လည်း အများစုမှာ လုံခြုံရေးစိုးရိမ်ချက်ကြောင့် နေရပ်ပြန်ရန် တွန့်ဆုတ်နေကြသည်ဟု သိရသည်။
မြို့တွင်းသို့ ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုနေသော်လည်း အများစုမှာ စစ်ကောင်စီ၏ လေကြောင်းနှင့် မိုင်းအန္တရာယ်ကို စိုးရိမ်၍ ဝင်ရောက်နေထိုင်မှု နည်းပါးနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ အခုက ပြန်ဝင်ခွင့်ပေးတယ်ဆိုတော့ အိမ်ပြန်ချင်တာပေါ့။ ဒါပေမယ့် လေကြောင်းရန်တွေ၊ မိုင်းအန္တရာယ်တွေကို စိုးရိမ်နေရတော့ မပြန်ဖြစ်သေးဘူး။ လုံခြုံရေးအခြေအနေတွေ စောင့်ကြည့်ပြီးမှ ပြန်ဝင်ဖို့ဆုံးဖြတ်ထားတယ်” ဟု မောင်တောဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းတွင် စတင်ဖြစ်ပွားသည့်တိုက်ပွဲကြောင့် မောင်တောဒေသခံများမှာ ဘေးလွတ်ရာတွင် တိမ်းရှောင်ခဲ့ရပြီးနောက် ယခုနှစ်၊ ဇန်နဝါရီလမှ စ၍ မောင်တောမြို့ခံကို AA က အသုတ်လိုက် ပုံစံမျိုးဖြင့် မြို့တွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်ခွင့် ပေးနေခြင်းဖြစ်သည်။
ယခုရက်ပိုင်းတွင်လည်း မောင်တောမြို့ရှိ မြို့မအရှေ့ရပ်ကွက် ၊ ရပ်ကွက် ၁၊ ရပ်ကွက် ၃၊ ရပ်ကွက် ၄ ၊ ရွှေဇားနှင့် အောင်ဗလရပ်ကွက်များမှ ဟိန္ဒူလူမျိုး အိမ်ထောင်စု ၉၀ ခန့်၊ လူဦးရေ ၄၀၀ ခန့်ကို ထပ်မံ၍ နေထိုင်ခွင့်ပြုခဲ့သည်။
“ AA က နောက်ထပ် မောင်တောဒေသခံ ဒီရက်ပိုင်းအတွင်းမြို့ထဲ ပြန်ဝင်ခွင့်ပေးထားတာရှိတယ်။ အခု တစ်ခေါက် ပြန်ဝင်လာတဲ့သူတွေကတော့ နည်းတယ်လို့ ပြောလို့ရတယ်။ ရပ်ကွက် ၁ တို့ ရပ်ကွက် ၃ တို့က ဟိန္ဒူတွေ ပြန်ဝင် လာကြတယ်” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၂၆ ရက်နေ့အတွင်းက မောင်တောဒေသခံ ရခိုင်အိမ်ထောင်စု ၉၀၀ နှင့် မွတ်ဆလင် အိမ်ထောင်စု ၅၅၀ စုစုပေါင်း လူဦးရေ ၄,၆၀၀ ကျော်ကို မြို့တွင်းသို့ဝင်ရောက် နေထိုင်ခွင့်ပြုခဲ့သည်။
“ စားဝတ်နေရေး အခက်အခဲတွေက ရှိနေတုန်းပဲ။ အိမ်အတွင်းက ပစ္စည်းတွေဆိုရင်လည်း ဖျက်စီးခံလိုက်ရတော့ နေဖို့ထိုင်ဖို့က အခက်အခဲတွေ ရှိနေသေးတယ်”ဟု မောင်တောမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
မောင်တောမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် AA က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်တွင် အပြီးသတ်သိမ်းပိုက် ထိန်းချုပ်ထားသည်။
လက်ရှိမောင်တောမြို့အတွင်း ဒေသခံများလုံခြုံရေးအတွက် AA က နေ့၊ ညကင်းလှည့်ကာ လုံခြုံရေးယူပေးနေပြီး မိုင်းရှင်းလင်းရေးများလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။