ကျောက်တော်မြို့နယ်၊ ကန်စောက် (၅၃၉) စစ်ဆေးရေး ဂိတ်တွင် လူငယ် ၇ဦးဖမ်းဆီးခံရ

ရခိုင်ပြည်၊ကျောက်တော်မြို့နယ်၊ကန်စောက်ရွာအနီး ခမရ ၅၃၉ စစ်ဆေးဂိတ်တွင် ယမန်နေ့(နိုဝင်ဘာလ ၁၈ ရက်)၊နေ့လယ် ၂ နာရီခန့်က လူငယ် ၇ ဦးဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

By Admin 19 Nov 2022

ကျောက်တော်မြို့နယ်၊ ကန်စောက် (၅၃၉) စစ်ဆေးရေး ဂိတ်တွင် လူငယ် ၇ဦးဖမ်းဆီးခံရ

၅၃၉ ခြေမြန်တပ်ရင်း တစ်နေရာအား ကားလမ်းပေါ်မှ မြင်တွေ့ရပုံ။

DMG | နိုဝင်ဘာ ၁၉

ရခိုင်ပြည်၊ကျောက်တော်မြို့နယ်၊ကန်စောက်ရွာအနီး ခမရ ၅၃၉ စစ်ဆေးဂိတ်တွင် ယမန်နေ့(နိုဝင်ဘာလ ၁၈ ရက်)၊နေ့လယ် ၂ နာရီခန့်က လူငယ် ၇ ဦးဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

ကျောက်တော်ဘက်မှ စစ်တွေမြို့သို့ သွားသည့် ဆိုင်ကယ်တစ်စီးနှင့်သုံးဘီးတစ်စီးအား အဆိုပါဂိတ်တွင် မြန်မာ စစ်တပ်က ရပ်တန့်စစ်ဆေးပြီးနောက် ထိုသို့ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း အနီးအနားမှ ဒေသခံတစ်ဦးက DMG သို့ပြောသည်။

"ပထမတော့ ဆိုင်ကယ်နဲ့လာတဲ့လူနှစ်ယောက်ကိုသေနတ်နဲ့လိုက်ပစ်ပြီးဖမ်းတာပါ။ တစ်ယောက်ကထွက်ပြေး လို့လွတ်သွားတယ်။နောက်တယောက်ကအဖမ်းခံလိုက်ရတယ်။သူတို့ဖမ်းပြီးတာနဲ့ သူတို့နဲ့ရှေ့ဆင့် ၊နောက်ဆင့် လာတဲ့သုံးဘီးယာဥ်ကိုပါဖမ်းလိုက်တာပါ။သုံးဘီးပေါ်မှာ သုံးဘီးသမားအပါအဝင် ခြောက်ဦးစီးလာကြတာပါ။ အခုသူတို့ကိုရော သုံးဘီးကိုရော တပ်ရင်းထဲမှာထိန်းသိမ်းထားတယ်လို့သိရပါတယ်" ဟုလုံခြုံရေးအရအမည် မဖော်လိုသူတစ်ဦးက ပြောသည်။

အလားတူ နောက်ထပ်ဒေသခံတစ်ဦးကလည်း ကန်စောက်စစ်ဆေးရေးဂိတ်၌ လူငယ်များဖမ်းဆီးခံရမှုမှာ မှန် ကန်ကြောင်း၊မည်သူမည်ဝါတို့ဖြစ်သည်ကို မသိရှိရသေးကြောင်း ပြောဆိုသည်။

" သေနတ်ပစ်သံတွေအဆက်မပြတ်ကြားလိုက်ရတော့ ဘာဖြစ်တာလဲမသိဘူးဆိုပြီး လေ့လာကြည့်တော့မှ စစ်ဆေးဂိတ်မှာ လူငယ်တစ်စုဖမ်းခံရတယ်လို့သိရတာပါ။အစစ်မခံဘဲထွက်ပြေးလို့ သေနတ်နဲ့လိုက်ပစ်ပြီး ဖမ်းတာလို့ပြောတယ်။ထွက်ပြေးတဲ့နှစ်ယောက်မှာ တစ်ယောက်ကလဲကျသွားပြီး အဖမ်းခံလိုက်ရတယ်။ ကျည်မှန်သွားတာဟုတ်၊မဟုတ်တော့မသိရဘူး။နောက်တစ်ယောက်တော့ ပန်းဖဲချောင်းရွာဖက်ကိုပြေးရင်း လွတ်သွားတယ်လို့သိရတယ်။အဲဒီနောက်ပိုင်း သုံးဘီးတစ်စီးကိုပါ မယုံလို့ဖမ်းသွားတာထင်ပါတယ်" ဟု၄င်းကဆိုသည်။

ထိုသို့ဖမ်းဆီးမှုဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်က ပန်းဖဲချောင်းရွာထဲသို့ဝင်ရောက်ကာ ထွက်ပြေး လွတ်မြောက်သွားသူအား ရှာပေးရန်သတိပေးခဲ့ကြောင်းလည်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

" စစ်သားတွေက ပြေးသွားတဲ့လူငယ်ဟာ ပန်းဖဲချောင်းရွာထဲကို ဝင်ပြေးသွားတာမြင်တယ်လို့ပြောတယ်။ ဒါကြောင့် ထွက်ပြေးသွားတဲ့လူကိုဖမ်းပေးပြီးတော့ သူတို့ဆီကို အမြန်လာအပ်ပေးရမယ်ဆိုပြီး အဲဒီရွာကလူကြီးတွေကို လာပြောခဲ့တာတွေရှိပါတယ်။အရင်ကတည်းက ကားလမ်းတွေက အသွားအလာနည်းနေတာ၊ အခုလိုဖမ်းဆီးမှုဖြစ်တော့ အသွားအလာပိုနည်းသွားတာပေါ့။ဒါတောင် မနေ့က ကားအသွားအလာတွေရှိလို့ အဖမ်းခံရတာကိုမြင်ခဲ့သူတွေရှိပြီး သိရတာပါ" ဟုအမည်မဖော်လိုသည့်ဒေသခံ ကဆက်ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြောခွင့်ပုဂ္ဂိုလ်ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့ သော်လည်း ဖုန်းလက်ခံဖြေကြား ခြင်းမရှိခဲ့ပါ။

ဗီဒီယိုများ