ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန အရာရှိ ပစ်ခတ်ခံရပြီးနောက် စစ်တွေ ဒေသခံနှင့် စစ်ဘေးရှောင်တို့ကို စစ်ကောင်စီက ဖမ်းဆီး

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရသည့် နောက်ပိုင်း စစ်တွေမြို့မှ ဒေသခံတစ်ဦးနှင့် စစ်ဘေးရှောင်တစ်ဦးတို့ကို နိုဝင်ဘာ ၆ ရက်နေ့နှင့် ၇ ရက်တို့တွင် စစ်ကောင်စီ တပ်ဖွဲ့များက ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

By Admin 08 Nov 2022

ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန အရာရှိ ပစ်ခတ်ခံရပြီးနောက် စစ်တွေ ဒေသခံနှင့် စစ်ဘေးရှောင်တို့ကို စစ်ကောင်စီက ဖမ်းဆီး

ဖမ်းဆီးခံထားရသည့် ကိုသန်းလွင် (ABD) နှင့် ကိုဦးဌေးနိုင်

DMG ၊ နိုဝင်ဘာ ၈

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရသည့် နောက်ပိုင်း စစ်တွေမြို့မှ ဒေသခံတစ်ဦးနှင့် စစ်ဘေးရှောင်တစ်ဦးတို့ကို နိုဝင်ဘာ ၆ ရက်နေ့နှင့် ၇ ရက်တို့တွင် စစ်ကောင်စီ တပ်ဖွဲ့များက ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ စစ်တွေမြို့ Arakan Blood Donor – ABD (သွေးအလှူရှင်အသင်း)မှ အသင်း ဝင် အသက် ၃၀ ကျော်အရွယ် ကိုသန်းလွင် ဖြစ်ပြီး ၎င်းမှာ အောက်တိုဘာ ၆ ရက်နေ့ ညနေ့ ၁၀ ခန့်က စစ်တွေ ဆေးရုံမှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ယင်းအသင်းမှ ဥက္ကဌ ကိုမောင်မောင် က DMG သို့ ပြောသည်။

“ သူက ကျနော်တို့အဖွဲ့မှာ အသင်းဝင်ပါ။ လူနာ‌တွေအတွက် သွေးရှာပေးတဲ့ သူပါ။ ပြဿနာကလည်း အဲဒီနေ့ (နိုဝင်ဘာ ၆) က သွေးရှာပေးရင်းနဲ့ OPT မှာ ဘာဖြစ်လဲဆိုပြီးတော့ သွားမေးတာ။ အဲဒီမှာ ရဲတွေနဲ့တွေ့ပြီးတော့ ဖမ်းသွားတာ။ ကျနော်တို့ မနေ့က အမှတ်(၁) ရဲစခန်းကို သွားကြည့်တယ်။ သူကိုကားတစ်စီးနဲ့ခေါ်သွားတယ်။ ဘယ်ကို ခေါ်သွားလည်းဆိုတာတော့ ကျနော်တို့လည်းမသိဘူး။ ဘယ်မှာ စစ်ဆေးနေလဲဆိုတာ ကျနော်တို့လည်းမသိဘူး ”ဟု ၎င်းကဆိုသည်။

ယင်းအပြင် နိုဝင်ဘာ ၇ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်းကျေးရွာမှ စစ်တွေမြို့ပေါ်ရှိ ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်နေသူတစ်ဦးကိုလည်း မြန်မာစစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံရသူမှာ အသက်(၃၂)နှစ်အရွယ် ကိုဦးဌေးနိုင်ဖြစ်ပြီး ၎င်းကို ယင်းနေ့ နံနက် ၃ နာရီခန့်က အင်အား ၂၀ ခန့်ရှိသည့် မြန်မာစစ်တပ်မှ ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဆွေမျိုးဖြစ်သူ မယဉ်ဦးသန်းက ပြောသည်။

“ အဲဒီနေ့က နံနက် (၃) နာရီ ကျော်လောက်မှာ သူက ကလေးတွေကို အိမ်သာသွားပို့တာ။ အိမ်သာသွား ပို့ပြီးတော့ ကျောင်းက ကိုယ်တော်ကြီးနဲ့ စကားထိုင်ပြောဖို့ သွားတာ။ အဲဒီမှာ သူတို့ (စစ်သား) တွေ ဝင်လာပြီးတော့ ဖမ်းသွားတာ။ အခုဘယ်ကိုခေါ်သွားလည်းဆိုတာလည်း မသိရသေးဘူး။ နောက်ပြီးတော့ သူက အဲဒီနေ့က နေ မကောင်းဘူး ဖျားနေတာပါ ” ဟု မယဉ်ဦးသန်း ကဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံရသည့် ကိုဦးဌေးနိုင်ကို မည့်သည်နေရာတွင် ထိန်းသိမ်းထားသည့်ကို မသိသေးသည့် အတွက် စိုးရိမ်မှုရှိနေကြောင်း မိသားစုဝင်များထံမှ သိရသည်။

ထိုသို့ Arakan Blood Donor – ABD (သွေးအလှူရှင်အသင်း)မှ အသင်းဝင်တစ်ဦးနှင့် စစ်ဘေးရှောင်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးသွားကြောင်း မိသားစုဝင်များပြောဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိသေးပေ။

၎င်းနည်းအတူ နိုဝင်ဘာ ၆ ရက် ည ၁၁ နာရီခွဲအချိန်ခန့်က စစ်တွေမြို့၊ သုခကာရီကျောင်းတိုက်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားဖြင့်ဝင်ရောက်ကာ ဆရာတော် နှင့်အတူ ဦးဇင်းကြီးနှင့် ကိုရင်ကြီးနှစ်ပါးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းများထွက်ပေါ်နေပြီး ယင်းကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်ကို DMG က သီးခြား အတည်မပြုနိုင်သေးပေ။

လက်ရှိ ရခိုင်ပြည်အနှံ့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဒေသခံများကိုဖမ်းဆီးမှုများ နေ့စဉ်ရှိလာကာ AA ဘက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးမှုများ ရှိနေသည်။

ဗီဒီယိုများ