ဖမ်းဆီးခံရသည့် မောင်တော ရွက်ညိုတောင်ကျောင်းထိုင်ဆရာတော်ပြန်လွတ်လာ

စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း ရွက်ညိုတောင်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်မှာ ဖမ်းဆီးခံရပြီး (၅) ရက်အကြာ ယနေ့ (နိုဝင်ဘာ ၉) ရက်နေ့၊ နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း ဆရာတော်နှင့်နီးစပ်သူ တစ်ဦးထံမှ သိရသည်။

By Admin 09 Nov 2022

ဖမ်းဆီးခံရသည့် မောင်တော ရွက်ညိုတောင်ကျောင်းထိုင်ဆရာတော်ပြန်လွတ်လာ

ပြန်လွတ်လာသည့် ရွက်ညိုတောင်ဆရာတော်အား တွေ့ရစဉ်။ ဓာတ်ပုံ - Arakan Bay News-ABN

DMG | နိုဝင်ဘာ ၉

စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း ရွက်ညိုတောင်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်မှာ ဖမ်းဆီးခံရပြီး (၅) ရက်အကြာ ယနေ့ (နိုဝင်ဘာ ၉) ရက်နေ့၊ နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း ဆရာတော်နှင့်နီးစပ်သူ တစ်ဦးထံမှ သိရသည်။

သက်တော်(၄၀)ကျော်အရွယ် ဆရာတော်အရှင်ပညာသီရိကို ယနေ့ နံနက်ပိုင်းက စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့ဝင်များက မြို့မဘုန်းကြီးကျောင်းတိုက်အတွင်းသို့ အိမ်စီးကားနှစ်စီးဖြင့် လာရောက်ပို့ဆောင်ပေး လာခြင်းဖြစ်ကြောင်း မောင်တောဒေသခံတစ်ဦးက DMG သို့ပြောသည်။

“ ဒီနေ့ နံနက်ပိုင်းက ဖမ်းဆီးသွားတဲ့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)တပ်ဖွဲ့ဝင်တွေ ကျောင်းကိုလာပို့ လာတယ်လို့ သိရတယ်။ အခုတော့ ဆရာတော်ကိုရွာကို (ရွက်ညိုတောင်) ပြန်ပို့ဖို့ ကျောင်းတကာတွေ လုပ်နေကြပါတယ်” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံရသည့်ဖြစ်စဉ်အပါအဝင် လွတ်မြောက်လာသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ဆရာတော်အား DMG က ဆက်သွယ်မေးမြန်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။

ဆရာတော်မှာ နိုဝင်ဘာလ ၄ ရက်နေ့၊ ည ၁၀ နာရီခန့်က မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်ရှိ မြို့မ ဘုန်းကြီးကျောင်းတွင်ကျင်းပသည့် ပဋ္ဌာန်းပွဲ ဒုတိယမြောက်နေ့ ပဋ္ဌာန်းရွတ်အပြီးတွင် စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) တပ်ဖွဲ့ဝင်များက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

မောင်တောဒေသတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ ကြိမ်ချောင်းအမှတ်(၂၄) စစ်ဆေးဂိတ်တွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တို့က ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။

လက်ရှိ ရခိုင်ပြည်အနှံ့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဒေသခံများကိုဖမ်းဆီးမှုများ နေ့စဉ်ရှိလာကာ AA ဘက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ဖမ်းဆီးမှုများ ရှိနေသည်။

ဗီဒီယိုများ