တောင်ကုတ်ဒေသခံ ကိုမိုက်ကယ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီး

ရခိုင်ပြည်၊ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ အသက်(၄၆)နှစ်အရွယ် ကိုစည်သူကျော်ဇံ(ခ)ကိုမိုက်ကယ်ကို နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

By Admin 05 Nov 2022

တောင်ကုတ်ဒေသခံ ကိုမိုက်ကယ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီး

ကိုစည်သူကျော်ဇံ (ခ)ကိုမိုက်ကယ်။ ဓာတ်ပုံ - Sai Zann Myat Aung Facebook

DMG ၊ နိုဝင်ဘာ ၅

ရခိုင်ပြည်၊ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ အသက်(၄၆)နှစ်အရွယ် ကိုစည်သူကျော်ဇံ(ခ)ကိုမိုက်ကယ်ကို နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

၎င်းမှာ ယမန့်နေက ကံပိုင်ရပ်ကွက်ရှိ မိမိနေအိမ်တွင်အိပ်နေစဉ် ရဲတပ်ဖွဲ့ဝင်များအပါအဝင် အရပ်ဝတ် ဝင်ဆင်ထားသူများက မေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက DMG သို့ အတည်ပြုပြောဆိုသည်။

“မနေ့က ညနေ ၁၁ နာရီလောက်မှာ ရဲသား ၅ ယောက်နဲ့ အရပ်ဝတ်ဝတ်ထားတဲ့ လူတစ်စုက သူကိုလာပြီးတော့ စစ်ဆေးမေးမြန်းစရာရှိတယ်။ စစ်ဆေးပြီးရင် မနက်ဖြန်ပြန်လွှတ်ပေးမယ်ဆိုပြီးတော့ ခေါ်သွားတာ။ ကျနော်တို့ရဲစခန်းမှာ စုံစမ်းပြီးပြီ၊ အခု ရဲစခန်းမှာ မရှိဘူး။ ဘယ်နေရာကို ခေါ်သွားလည်းဆိုတာလည်း မသိရသေးဘူး”ဟု ၎င်းကဆိုသည်။

ကိုစည်သူကျော်ဇံ(ခ) ကိုမိုက်ကယ်မှာ ကံပိုင်ရပ်ကွက်တွင် သူ၏ ဇနီးနှင့် ရှမ်းခေါက်ဆွဲဆိုင် ဖွင့်လှစ်ရောင်းချနေပြီး လက်ရှိတွင် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးသည့်အတွက် မိသားစုဝင်အနေဖြင့် စိုးရိမ်မှုရှိကြောင်းလည်း ပြောဆိုကြသည်။

“မိသားစုအနေနဲ့တော့ စိုးရိမ်မှုရှိတာပေါ့။ အရင်းတစ်ခါကလည်း အဖမ်းခံရပြီးပြီ။ သူက သူ့မိန်းမနဲ့အတူ ရှမ်းခေါက်ဆွဲဆိုင်ဖွင့်ထားပြီးတော့ အလုပ်လုပ်နေတာ။ နောက်ထပ်လည်း ဘာအလုပ်မှမရှိဘူး။ အခုလို့ ဖမ်းဆီးသွားတာတော့ မိသားစုအနေနဲ့ စိုးရိမ်မှုရှိတာပေါ့”ဟု ၎င်းကဆိုသည်။

ထိုသို့ ကိုမိုက်ကယ် ဖမ်းဆီးခံမှုနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်း တာဝန်ရှိသူထံသို့ DMG က ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။ ယင်းအပြင် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ကိုမိုက်ကယ်မှာ ယခင်က တောင်ကုတ်မြို့နယ်တွင် လူမှုရေးကိစ္စရပ်များတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။

ယင်းနောက် ပြီးခဲ့သည့် (NLD) အစိုးရလက်ထက် ၂၀၂၀ ခုနှစ်၊ ဧပြီလတွင် ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားရင်ဆိုင်ခဲ့ရပြီး ၂၀၂၁ ခုနှစ် ဧပြီ ၂၆ ရက်နေ့တွင် လွတ်မြောက်လာပြီးနောက် ယခုအခါ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

“သူက အရင်ဖမ်းဆီးမခံရတုန်းကတော့ လူမှုရေးကိစ္စတွေ၊ ပရဟိတ၊ ကိုဗစ်စတဲ့ ကိစ္စတွေမှာ ဦးဆောင်လုပ်ခဲ့တယ်။ အဖမ်းခံရပြီးနောက်ပိုင်းမှာတော့ လူမှုရေးကိစ္စတွေမှာ ပါဝင်တာမရှိတော့ဘဲ သူ့စီးပွားရေး ဆိုင်ရောင်းတဲ့လုပ်ငန်းကိုပဲ လုပ်နေတာတွေ့ရတယ်။ ဒါကြောင့် သူ့ကိုဖမ်းသွားတာ ယုံတောင်မယုံနိုင်တော့ဘူး”ဟု ကိုမိုက်ကယ် သူငယ်ချင်းတစ်ဦးက ပြောသည်။

ထိုသို့ ကိုမိုက်ကယ်ဖမ်းဆီးခံမှုကြောင့် လက်ရှိတောင်ကုတ်လူငယ်များမှာလည်း မလုံခြုံသလိုဖြစ်နေကြပြီး ထပ်မံအကြောင်းပြချက်အမျိုးမျိုးပေးကာ မြန်မာစစ်တပ်က လာရောက်ဖမ်းဆီးမည်ကို စိုးရိမ်စရာ ဖြစ်လာနေကြောင်းလည်း ဒေသခံများကဆိုသည်။

လက်ရှိ တောင်ကုတ်မြို့အပါအဝင် ရခိုင်ပြည်နယ်အနှံ့တွင် မြန်မာစစ်တပ်နှင့် AA တို့ စစ်ရေးတင်းမားနေပြီး စစ်ကောင်စီက ဒေသခံများကို ဖမ်းဆီးမှုများမှာလည်း နေ့စဉ်ရှိလာပြီး AA ဘက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အပြန်အလှန်ဖမ်းဆီးမှုများ ရှိလာနေသည်။

ဗီဒီယိုများ