စစ်သင်တန်းတက်မှ နိုင်ငံတကာထောက်ပံ့ကြေးပေးမည်ဟု မွတ်ဆလင်ဒုက္ခသည်များကို စစ်ကောင်စီအကြပ်ကိုင် 

နိုင်ငံတကာအဖွဲ့အစည်းများက မွတ်ဆလင်ဒုက္ခသည် တစ်ဦးလျှင် ငွေကျပ် ၄၂,၀၀၀ စီ လစဉ်ထောက်ပံ့နေခြင်း ဖြစ်သည်။ ယခုလအတွက် ထောက်ပံ့ငွေကို တစ်အိမ်လျှင်လူတစ်ဦးစီ စစ်သင်တန်းတက်မှသာ ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းလာခဲ့ခြင်း ဖြစ်သည်။ 

By Admin 04 Jun 2024

စစ်သင်တန်းတက်မှ နိုင်ငံတကာထောက်ပံ့ကြေးပေးမည်ဟု မွတ်ဆလင်ဒုက္ခသည်များကို စစ်ကောင်စီအကြပ်ကိုင် 

DMG ၊ ဇွန် ၄  

စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည်များအတွက် နိုင်ငံတကာအဖွဲ့အစည်းများကပေးသည့် ထောက်ပံ့ငွေများကို စစ်ကောင်စီက မပေးတော့ဘဲ ‘စစ်သင်တန်းတက်မှပေးမည်’ ဟု ခြိမ်းခြောက်အကြပ်ကိုင်နေကြောင်း DMG က စုံစမ်းသိရှိရသည်။

နိုင်ငံတကာအဖွဲ့အစည်းများက မွတ်ဆလင်ဒုက္ခသည် တစ်ဦးလျှင် ငွေကျပ် ၄၂,၀၀၀ စီ လစဉ်ထောက်ပံ့နေခြင်း ဖြစ်သည်။ ယခုလအတွက် ထောက်ပံ့ငွေကို တစ်အိမ်လျှင်လူတစ်ဦးစီ စစ်သင်တန်းတက်မှသာ ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒုက္ခသည်စခန်းများသို့လာပြီး အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

“စစ်မှုထမ်းမလုပ်ပေးရင် ဒီလစားနပ်ရိက္ခာကိုလည်း မပေးဘူးလို့ ပြောတယ်။ လူတွေကို ခြိမ်းခြောက်ပြီး စစ်မှုထမ်းခိုင်းနေတာပေါ့။ ဆို‌တော့ တချို့ကတော့ စားနပ်ရိက္ခာ မရမှာစိုးလို့ သင်တန်းတက်ဖို့ သွားကြပါတယ်” ဟု သက္ကယ်ပြင်ဒုက္ခသည်စခန်းမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တွေမြို့နယ်ရှိ ဘုမေ၊ သဲချောင်း၊ ဘာဆာ၊ ဒါးပိုင်၊ သက္ကယ်ပြင်၊ အုန်းတောကြီး စသည့် ဒုက္ခသည်စခန်းများမှ မွတ်ဆလင်များကို စခန်းတစ်ခုမှ ၁၅ ယောက်ကျစီဖြင့် စစ်သင်တန်းတက်ရန် စစ်ကောင်စီက မေလအတွင်း ခေါ်ယူခဲ့သည်။ 

ဒုက္ခသည်များမှာ စစ်ကောင်စီ၏ ကန့်သတ်ပိတ်ဆို့မှုကြောင့် နိုင်ငံတကာအဖွဲ့များထံမှ ကူညီထောက်ပံ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်း၊ အလုပ်အကိုင်မရှိသည့်အပြင် ဝင်ငွေလည်း လုံးဝမရှိသဖြင့် စစ်ကောင်စီ၏ ခြိမ်းခြောက်မှုကို မလွန်ဆန်နိုင်ကြောင်း ပြောကြသည်။ 

လက်ရှိတွင် စစ်သင်တန်းတက်သူများ၏ မိသားစုဝင်များသာ နိုင်ငံတကာထောက်ပံ့သည့် တစ်ဦးလျှင် ငွေ ၄၂,၀၀၀ ကျပ်ကို ရရှိကြောင်း မွတ်ဆလင်ဒုက္ခသည်များက ပြောသည်။  

“စနေနေ့က ပထမအသုတ်အဖြစ် လူအယောက် ၅၀ ကိုပေးတယ်။ အများစုကတော့ မရကြသေးဘူး။ ဘယ်နေ့လာပေးမယ်ဆိုတာလည်း ကျနော်တို့ မသိရဘူး။ ရိက္ခာကိုအကြောင်းပြပြီး စစ်သင်တန်းခေါ်တာဆိုတော့ ကျနော်တို့က မပေးလို့လည်း မရပါဘူးလေ” ဟု မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။ 

မွတ်ဆလင်ဒုက္ခသည်များကို နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော WFP၊ ICRC၊ Save the Children၊ MSF နှင့် အခြားအဖွဲ့များက အဓိက ကူညီထောက်ပံ့ပေးနေခြင်း ဖြစ်သည်။ 

နိုင်ငံတကာအဖွဲ့များအနေဖြင့် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့်သာ လူသားချင်းစာနာမှုအကူအညီများ ပေးနေရခြင်းဖြစ်ကြောင်း NGO အသိုင်းအဝိုင်းမှ သိရသည်။  

“စစ်ကောင်စီထိန်းချုပ်တဲ့မြို့တွေမှာ ကူညီထောက်ပံ့မှုတွေ ပေးမယ်ဆိုရင် စစ်ကောင်စီကို အကုန်အပ်ရတယ်လို့ ကြားတယ်။ နောက်တစ်ခုက စစ်ကောင်စီရဲ့ ခွင့်ပြုချက်ကိုလည်း လတာရှည်အကြာကြီး စောင့်ဆိုင်းရတယ်” ဟု NGO ဝန်ထမ်းတစ်ဦးက ပြောသည်။ 

ရခိုင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် နိုင်ငံတကာက လူသားချင်းစာနာမှု အကူအညီများပေးအပ်သည့် စားနပ်ရိက္ခာ၊ ငွေများကို အကြောင်းပြပြီး စစ်သားအင်အား ဖြည့်တင်းနေခြင်းဖြစ်သည်ဟု ပြောဆိုနေကြသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လကလည်း စစ်တွေမြို့နယ်ထဲမှ ထောင်နှင့်ချီသည့် မွတ်ဆလင်များကို စစ်ကောင်စီက အတင်းအဓမ္မခေါ်ယူကာ စစ်သင်တန်းပေးခဲ့သည်။ 

စစ်သင်တန်းတက်ရန် ခေါ်ဆောင်ခံရသည့် မွတ်ဆလင်များမှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် - ဒကစ(စစ်တွေ)တွင် ၁၄ ရက်ကြာ သင်တန်းတက်ပြီးနောက် စစ်ကောင်စီစေခိုင်းရာ နေရာအသီးသီးတွင် တာဝန်ထမ်းဆောင်နေရပြီး လုပ်ပိုင်ခွင့်အာဏာနှင့် တပ်မက်မှုများ ပေးထားသည်။  

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “အေအေထိုးစစ်ကြောင့် ရခိုင်ပြည်တစ်ခုလုံး ကျရှုံးတော့မယ့်အခြေအနေမှာ စစ်ကောင်စီက စစ်သားအရင်းအမြစ်လိုအပ်ချက်ကို မွတ်ဆလင်တွေနဲ့ ဖြည်းဆည်းနေတယ်။ မွတ်ဆလင်တွေကို ခြိမ်းခြောက်မှုတွေ၊ တပ်မက်မှုတွေပေးပြီးတော့ ကြိုက်သလိုလုပ်နေတာလို့ မြင်တယ်” ဟု ပြောသည်။ 

ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှန်သိန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။ 

စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်များမှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်အတွင်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာပြီး ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသူများ ဖြစ်သည်။ 

ဗီဒီယိုများ