အာဏာသိမ်းကာလ ဖမ်းဆီးခံထားရသည့် NLD ပါတီဝင် ၁,၂၀၀ ကျော်ထဲတွင် ရခိုင်က ၅ ဦးပါဝင်

စစ်တပ်မှ အာဏာသိမ်းထားသည့် ကာလအတွင်း NLD ပါတီဝင် ၁,၂၃၂ ဦး ဖမ်းဆီးခံထားရသည့်အပြင် ပါတီမှ လွှတ်တော်ကိုယ်စားလှယ်  ၂ ဦးအပါအဝင် ပါတီဝင် ၈၄ ဦးသေဆုံးခဲ့ကြောင်း NLD ပါတီမှ ထုတ်ပြန်ထားသည်။ 

By Admin 31 Jan 2023

အာဏာသိမ်းကာလ ဖမ်းဆီးခံထားရသည့် NLD ပါတီဝင် ၁,၂၀၀ ကျော်ထဲတွင် ရခိုင်က ၅ ဦးပါဝင်

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က NLD ပါတီဝင် ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ပါတီဝင်များအား တွေ့ရစဉ်။/ ဓာတ်ပုံ - U Nyi Pu (Facebook Page)

DMG ၊ ဇန်နဝါရီ ၃၁ 

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦးအပါအဝင်  ပါတီဝင် ၁,၂၃၂ ဦး ဖမ်းဆီးခံထားရပြီး ယင်းအထဲတွင် ရခိုင်ပြည်အတွင်းမှ NLD ပါတီဝင် ၅ ဦးပါဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီမှ သိရသည်။ 

ဖမ်းဆီးခံထားရသည့် ရခိုင်မှ NLD ပါတီဝင်များမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်း (ခ) ဦးစိုးလေး၊ ပြည်နယ်အလုပ်အမှုဆောင် ဦးမင်းအောင်၊ ပြည်နယ်လူငယ်လုပ်ငန်း အဖွဲ့ဝင် ကိုဟိန်းမင်းထက်၊ ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည် တို့ဖြစ်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက DMG သို့ ပြောသည်။ 

အဆိုပါ ပါတီဝင် ၅ ဦးမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှုဥပဒေပုဒ်မ- ၅၀၅(ခ)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၅)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)၊ ငြိမ်းစုစီဥပဒေပုဒ်မ-၁၉၊ ဘေး/စီ/မံ ဥပဒေ ပုဒ်မ-၂၅ စသည့် ပုဒ်မတို့ဖြင့် အသီးသီး တရားစွဲဆိုခံရပြီးနောက် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရခြင်းဖြစ်သည်။ 

ယင်းအထဲမှ ထောင်ဒဏ် ၁၃ နှစ်အထိ ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ ဘယ်ဘက်မျက်စိတစ်ဖက်မှာ တိမ်စွဲကပ်နေခြင်းကြောင့် မမြင်ရဘဲဖြစ်နေသဖြင့် အရေးပေါ် ဆေးကုသမှုခံယူရန် လိုအပ်နေသောကြောင့် အမြန်ဆုံး ခွဲစိတ်ကုသခွင့်ရရှိရန် မိသားစုဝင်များက လိုလားနေကြသည်။

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏သမီး မကြည်ကြည်ဦးက “ပါတီကလူတွေရော တခြားလူတွေ အကုန်လုံးကို ပြန်လွှတ်ပေးစေချင်တယ်။ အဖေရော၊  ညီမ(မမိုးဆန်းစုကြည်)ရော ပြန်လွှတ်စေချင်တယ်။ အခုဆိုရင် အဖေ့မှာ လောလောဆယ် မျက်လုံးခွဲရမယ်လို့ ပြောတယ်။ ဆေးကုခွင့်တော့ မရသေးဘူး။ သူရဲ့မျက်စိကို ဆေးကုသခွင့်ရချင်တယ်” ဟု ပြောသည်။ 

စစ်တပ်မှ အာဏာသိမ်းထားသည့် ကာလအတွင်း NLD ပါတီဝင် ၁,၂၃၂ ဦး ဖမ်းဆီးခံထားရသည့်အပြင် ပါတီမှ လွှတ်တော်ကိုယ်စားလှယ်  ၂ ဦးအပါအဝင် ပါတီဝင် ၈၄ ဦးသေဆုံးခဲ့ကြောင်း NLD ပါတီ ဗဟိုအလုပ်ကော်မတီမှ ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

ထို့အပြင် NLD ပါတီဝင် ၆၀၅ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီမှ ချိတ်ပိတ်သိမ်းဆည်းခဲ့ပြီး ယင်းအထဲတွင် လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦးနှင့် NLD ပါတီဝင် ၃၇၁ ဦး၏ ပိုင်ဆိုင်မှုများပါဝင်သွားသည်။ ပါတီရုံးချုပ်အပါအဝင် အဆင့်ဆင့်သောရုံးများကိုလည်း ကျူးကျော်ဝင်ရောက် ဖျက်ဆီးခြင်း၊ ပါတီပိုင်ပစ္စည်းများအား ယူဆောင်ခြင်းခံရသည့် အကြိမ်ရေ ၁၂၀ အထိရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

လုံခြုံရေးအရ အမည်မဖော်လိုသည့် ရခိုင်မှ NLD ပါတီဝင်တစ်ဦးက “လွတ်စေချင်တာကတော့ ပါတီဝင်တွေရယ်လို့တော့ မဟုတ်ဘူး။ အကုန်လုံးကို လွတ်စေချင်တာပေါ့။ လက်ရှိအခြေနေကတော့ ပါတီလည်းမရှိဘူး။ ခေါင်းဆောင်လည်းမရှိဘူး။ အဲလိုအခြေအနေ ဖြစ်နေတာပေါ့” ဟု ပြောသည်။ 

စစ်ကောင်စီသည် အာဏာဆက်လက်ချုပ်ကိုင်နိုင်ရေးအတွက် အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီး နိုင်ငံရေးအရ တရားဝင်မှုကိုရယူရန် ကြိုးပမ်းအားထုတ်လျက်ရှိနေကြောင်း၊ ရွေးကောက်ပွဲကို NLD ပါတီမှ ဆန့်ကျင်ကန့်ကွက်နေမည်ဖြစ်ကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

လက်ရှိ ရွေးကောက်ပွဲကျင်းပရန်ကြိုးစားနေသည့် စစ်ကောင်စီအနေဖြင့် NLD ပါတီခေါင်းဆောင်များကို လွှတ်ပေးပြီး ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နိုင်မှသာလျှင် တိုင်းပြည်အေးချမ်းစွာဖြင့် ရွေးကောက်ပွဲ ပြုလုပ်နိုင်မည်ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

“အဲဒီရွေးကောက်ပွဲက တစ်နိုင်ငံလုံး အေးအေးချမ်းချမ်းဖြစ်မှ ပြည်သူအများစုက လွတ်လွတ်လပ်လပ် မဲပေးနိုင်မှာဖြစ်တယ်။ အဲ့လိုအခြေအနေဖြစ်ဖို့အတွက် အဓိကအားဖြင့် NLD နဲ့ အဆင်ပြေဖို့လိုတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီဝင်တွေကို အရင်လွှတ်ပေးဖို့ လိုတယ်။ အဲဒါမှ သူတို့ဘက်ကလည်း ရွေးကောက်ပွဲပြန်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်ရမှသာလျှင် တိုင်းပြည်က အေးအေးချမ်းချမ်းနဲ့ ရွေးကောက်ပွဲ လုပ်လို့ရမှာ” ဟု သူက ပြောသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲ,မသမာမှုရှိသည်ဟု အကြောင်းပြကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရကို ဖြုတ်ချပြီး တိုင်းပြည်အာဏာကို သိမ်းယူထားသည့် စစ်ကောင်စီ၏ အရေးပေါ်ကာလသက်တမ်း ၂ နှစ်သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကုန်ဆုံးတော့မည် ဖြစ်သည်။

အရေးပေါ်ကာလသက်တမ်းပြည့်ပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၄၂၉ အရ ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ တိုင်းပြည်အာဏာကိုပြန်ယူပြီး ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမည်ဖြစ်သည်။ 

#R005 

ဗီဒီယိုများ