NLD ပါတီ ဖျက်သိမ်းခံရမှု စိုးရိမ်ကြောင်း အမေရိကန်၊ ဂျပန်၊ ဗြိတိန်၊ သြစတြေးလျ တို့ ပြောကြား

လာမည့်ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်သည့် NLD အပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီက မတ်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။

By Admin 30 Mar 2023

ဓာတ်ပုံ - AP
ဓာတ်ပုံ - AP

ယခင်အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဖျက်သိမ်းခံရမှုအပေါ် စိုးရိမ်ကြောင်း အမေရိကန်၊ ဗြိတိန်၊ ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့က မတ်လ ၂၉ ရက်နေ့တွင် ပြောကြားလိုက်သည်။

လာမည့်ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်သည့် NLD အပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီက မတ်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။ 

“NLD ပါတီအား နိုင်ငံရေးလုပ်ငန်းစဉ်မှ ဖယ်ထုတ်လိုက်ခြင်းကြောင့် အခြေအနေများ ပိုမိုခက်ခဲသွားမည်ကို မိမိတို့အနေဖြင့် အလွန်အမင်းစိုးရိမ်မိကြောင်း” ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနလက်ထောက် ပြောခွင့်ရ ဗီဒန့်ပါတဲ ကလည်း ပါတီ ၄၀ ကို ဖျက်သိမ်းလိုက်ခြင်းအပေါ် အမေရိကန်အစိုးရက “ပြင်းပြင်းထန်ထန် ရှုတ်ချသည်”ဟု ပြောကြားသည်။

“မြန်မာနိုင်ငံမှာ သက်ဆိုင်ရာအင်အားစုတွေအားလုံး မပါဝင်ဘဲ ကျင်းပတဲ့ ဘယ်လိုရွေးကောက်ပွဲမျိုးမဆို လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ပါဘူး” ဟု ပါတဲက သတင်းထောက်များကို ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရကို စစ်တပ်က ၂၀၂၁ ခုနှစ်တွင် ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့သည်။ အဆိုပါဖြစ်စဉ်နောက်ပိုင်းတွင် နိုင်ငံတစ်ဝန်း၌ စစ်တပ်ကို လက်နက်ကိုင်တော်လှန်မှုများ ပေါ်ပေါက်လျက်ရှိပြီး စစ်တပ်ဘက်ကလည်း ပြင်းပြင်းထန်ထန် အင်အားသုံး နှိမ်နင်းလျက်ရှိသည်။ ၂၀၂၁ ခုနှစ်မှ လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်းတွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ အရေအတွက်သည် တစ်သန်းကျော်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။

အသက် ၇၇ နှစ်ရှိနေပြီဖြစ်သည့် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိတွင် စစ်ကောင်စီက အမှုပေါင်းများစွာဖြင့် တရားစွဲဆိုထားပြီး ထောင်ဒဏ် ၃၃ နှစ်အထိ ချမှတ်ထားသည်။

မှတ်ပုံမတင်သည့် ပါတီများ ဖျက်သိမ်းခံရခြင်းအပေါ် ဗြိတိန်နိုင်ငံကလည်း မြန်မာပြည်သူများ၏ “ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို စော်ကားမှု” ဟု ရည်ညွှန်ပြောကြားသည်။

“စစ်အုပ်စု၏ နိုင်ငံရေးအရင်းခံသည့် လုပ်ရပ်များ၊ ကြောက်စိတ်ကို လှုံ့ဆော်ပြီး အတိုက်အခံများကို ဖိနှိပ်ရန်အတွက် ရက်စက်သောနည်းလမ်းများ အသုံးပြုခြင်းကို ရှုတ်ချသည်” ဟု ဗြိတိန်နိုင်ငံခြားရေးရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

သြစတြေးလျ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေး ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံတွင် တင်းကျပ်သည့် ရွေးကောက်ပွဲစည်းမျှဉ်းများနှင့် လိုအပ်ချက်များကြောင့် နိုင်ငံရေးအခင်းအကျင်း ပိုမိုကျဉ်းမြောင်းသွားမည်ကို အထူးစိုးရိမ်မိကြောင်း ပြောကြားသည်။

ဗီဒီယိုများ