ရခိုင်အရေးမှာ လိုတာထက်မပိုဖို့ NUG ကို AA အသိပေးထား 

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က VOA နှင့် သီးသန့်အင်တာဗျူးတွင် ထုတ်ပြောခဲ့ခြင်း ဖြစ်သည်။ NUG ကို တပြည်လုံးအတိုင်းအတာဖြင့် မျှော်လင့်ချက်ထားသော်လည်း NUG ၏ လုပ်ဆောင်ချက်အချို့ကို AA က သဘောမကျမှုများရှိကြောင်း ဆိုသည်။

By Admin 05 Jun 2024

အာရက္ခတပ်တော်(AA)၏ တပ်မှူးချုပ်ဖြစ်သလို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၏ ဥက္ကဌလည်းဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်။ ဓာတ်ပုံ - Reuters
အာရက္ခတပ်တော်(AA)၏ တပ်မှူးချုပ်ဖြစ်သလို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၏ ဥက္ကဌလည်းဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်။ ဓာတ်ပုံ - Reuters

DMG ၊ ဇွန် ၅

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် မြန်မာနိုင်ငံ၏ အရေးကြီးဆုံး တော်လှန်ရေးအဖွဲ့အစည်း ဖြစ်သော်လည်း ရခိုင်ပြည်တွင်းအရေးနှင့်ပတ်သက်၍ တချို့ကိစ္စရပ်များတွင် လိုအပ်သည်ထက် ပိုပြီးမပြောကြားရန် မေတ္တာရပ်ခံစာ ပို့ထားကြောင်း AA တပ်မှူးချုပ်က ပြောဆိုသည်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က VOA နှင့် သီးသန့်အင်တာဗျူးတွင် ထုတ်ပြောခဲ့ခြင်း ဖြစ်သည်။ NUG ကို တပြည်လုံးအတိုင်းအတာဖြင့် မျှော်လင့်ချက်ထားသော်လည်း NUG ၏ လုပ်ဆောင်ချက်အချို့ကို AA က သဘောမကျမှုများရှိကြောင်း ဆိုသည်။

“ရခိုင်အရေးမှာ မဖြစ်မနေပြောရတယ် ဆိုတဲ့ အတိုင်းအတာကိုလည်း လက်ခံတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေက လိုတာထက်မပိုဖို့လည်း ကျနော်တို့မျှော်လင့်တယ်။ ဒါကြောင့် ကျနော်တို့က ဒီတလောက ယဉ်ယဉ်ကျေးကျေးနဲ့ မေတ္တာရပ်ခံတဲ့ အကြောင်းစာကိုလည်း ပို့ထားပါတယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

ဘူးသီးတောင်တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် AA က မွတ်ဆလင်များအား လူ့အခွင့်ရေးချိုးဖောက်နေသည့်အပေါ် စိုးရိမ်ကြောင်း NUG က မေ ၂၁ တွင် ကြေညာချက်ထုတ်ခဲ့သည်။

ဘူးသီးတောင်တွင် AA က မွတ်ဆလင် နေအိမ် ၅,၀၀၀ ခန့်ကို မီးရှို့ကာ လူ ၁၀၀ ခန့်ကို သတ်ဖြတ်ခဲ့ကြောင်း မွတ်ဆလင်အရေးလှုပ်ရှားသူများ၊ NUG လူ့အခွင့်အရေးဝန်ကြီး၊ ကုလသမဂ္ဂအပါဝင် အခြားအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက ပြောဆိုလာကြပြီး မွတ်ဆလင်များအတွက် စိုးရိမ်ကြောင်းနှင့် မြေပြန်အမှန်တရားကို AA က ထုတ်ပြန်ပေးရန် ဖိအားပေးနေကြသည်။ 

ယင်းကိစ္စကို  ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ငြင်းဆိုထားပြီး စစ်ရေးနယ်မြေတွင် ပြည်သူများအသက် လုံခြုံရေးသည် အရေးကြီးဆုံးဟုခံယူပြီး လူထုကိုအကာကွယ်ပေးရန် လိုအပ်ချက်အရ ရွှေ့ပြောင်းပေးရန် သတိပေးမှုများသာရှိခဲ့ကြောင်း ပြောသည်။ 

AA အနေဖြင့် NUG၊ ချင်းတော်လှန်ရေးအဖွဲ့များ၊ DKBA၊ ရှမ်းမြောက်၊ ပလောင်၊ ကိုးကန့်၊ မြန်မာပြည်အလယ်ပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် ကောင်းမွန်သည့်မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်ထားကြောင်း ဆိုသည်။ 

နိုင်ငံရေးရည်မှန်းချက်အနေဖြင့် ကွန်ဖက်ဒရေးရှန်းကို ဆုပ်ကိုင်ထားပြီး တောင်းယူမည်မဟုတ်ဘဲ ရအောင်တိုက်ယူမည်ဟုလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။

“ရခိုင်ပြည်အတွက် ကွန်ဖက်ဒရိတ်ထက်မနိမ့်တဲ့ နိုင်ငံရေးအဆင့်အတန်းကို မျှော်မှန်းပြီးလုပ်နေတယ်။ တိုက်ပွဲဝင်နေတယ်။ ရပ်တည်ချက်မပြောင်းဘူး။ သူများဆီကလည်း တောင်းနေမှာမဟုတ်ဘူး၊ မရရအောင် တိုက်သင့်ရင် တိုက်မယ်။ ပြီးမှ တည်ဆောက်သွားမယ်” ဟု ဆိုသည်။

လက်ရှိတွင် အာရက္ခတပ်တော်၌ ထောင်ပေါင်းများစွာသော အရန်အင်အားများကို ထည့်မတွက်ဘဲ တိုက်ခိုက်ရေး တပ်ဖွဲ့ဝင် အရေအတွက် ၄၀,၀၀၀ နီးပါးရှိကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုထားသည်။ 

ပြည်ထောင်စုထူထောင်သည့်အခါလည်း တစ်စုတစ်ဖွဲ့က လက်ဝါးကြီးအုပ်ချုပ်ခြင်းမျိုး မဟုတ်ဘဲ Coming Together အတူတကွပူးပေါင်းနေထိုင်ခြင်းမျိုးကို နှစ်သက်ကြောင်းနှင့် ပြည်တွင်းပြဿနာဖြေရှင်းရာတွင်  ပြည်ပလွှမ်းမိုးမှု နည်းနိုင်သမျှနည်းအောင် သတိထားဖို့ကိုလည်း ထောက်ပြခဲ့သည်။

AA သည် ရခိုင်နှင့် ပလက်ဝဒေသက မြို့နယ် (၁၀)ခုကို သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးသော မောင်တော၊ စစ်တွေ၊ အမ်း၊ သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ ဂွမြို့နယ်များကိုလည်း ထိုးစစ်ဆင်သိမ်းပိုက်သွားမည်ဟု ကြေညာထားသည်။ လက်ရှိတွင် မောင်တော၊ အမ်း၊ သံတွဲ မြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို AA က ထိုးစစ်ဆင်နေပြီ ဖြစ်သည်။ 

ဗီဒီယိုများ