- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
စစ်တွေ ရှုခင်းသာလမ်းတစ်လျှောက်ရှိ ပျံကျဈေးဆိုင်များအတွက် သတ်မှတ်နေရာပြုလုပ်ပေးရန် စီစဉ်နေ
စစ်တွေမြို့ရှိ ရှုခင်းသာလမ်းတစ်လျှောက်မှာရှိသည့် ပျံကျဈေးဆိုင်ငယ်များအတွက် မြို့နယ်စည်ပင်သာယာရေးမှ သတ်မှတ်နေရာတစ်ခုပြုလုပ်ကာ ပြောင်းရွေ့ရောင်းချခွင့်ပေးရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
22 Mar 2023

DMG ၊ မတ် ၂၂
စစ်တွေမြို့ရှိ ရှုခင်းသာလမ်းတစ်လျှောက်မှာရှိသည့် ပျံကျဈေးဆိုင်ငယ်များအတွက် မြို့နယ်စည်ပင်သာယာရေးမှ သတ်မှတ်နေရာတစ်ခုပြုလုပ်ကာ ပြောင်းရွေ့ရောင်းချခွင့်ပေးရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
ဈေးသည်များအတွက် ရှုခင်းသာလမ်းရှိ ပြည်တော်သာရပ်ကွက်၊ ခရိုင်လဝကရုံး အနောက်ဘက်က အရှည် ပေ ၅၀၀ ခန့်ကို ဈေးရောင်းချရမည့်နေရာအဖြစ် သတ်မှတ်ပေးသွားမည် ဖြစ်သည်။ သို့သော်လည်း ပြောင်းရွေ့ရမည့် ရက်ကို မသိရှိရသေးကြောင်း ဈေးသည်များထံမှ သိရသည်။
“ဒီလိုမျိုး မသတ်မှတ်ပေးဘူးဆိုရင် လူကြီးခရီးစဉ်ရှိတာမျိုးတို့ တခြားကိစ္စရှိတာမျိုးတို့ဆို ကျနော်တို့မှာ ဟိုးပြေးရဒီပြေးရနဲ့ သိမ်းရဆည်းရတယ်။ အခုလို နေရာသတ်မှတ်ပေးတော့ အားလုံးအတွက်လည်း အဆင်ပြေတယ်” ဟု ရှုခင်းသာလမ်းတွင် အသုတ်စုံရောင်းချနေသူ ကိုခန့်ခွန်းသာက ပြောသည်။
ပျံကျဈေးသည်များအတွက် သတ်မှတ်နေရာပြုလုပ်မှုမှာ ကောင်းမွန်သောစနစ် ဖြစ်သော်လည်း နေရာတစ်ခုတည်းမှာ သတ်မှတ်ထားခြင်းဖြစ်၍ လူစည်ကားပြီး လမ်းပိတ်ဆို့မှုများ မဖြစ်စေရန် စနစ်တကျ ကြီးကြပ်ဖို့လိုအပ်ကြောင်း ထောက်ပြမှုများ ရှိနေသည်။
ထို့ကြောင့် ကမ်းနားလမ်းတစ်လျှောက်တွင် ယင်းကဲ့သို့ သတ်မှတ်နေရာများ ထပ်မံဖန်တီးပေးရန် လိုအပ်ကြောင်း စစ်တွေဒေသခံတစ်ဦးက ဆိုသည်။
“တစ်နေရာတည်းမှာ မဟုတ်ဘဲနဲ့ ကမ်းနားလမ်းတစ်လျှောက် အလယ်လောက်မှာ ထိုင်ချင်တဲ့လူတွေလည်း ရှိမှာပဲ။ အစမှာထိုင်ချင်တဲ့ လူတွေလည်း ရှိမှာပဲ။ အဓိက အရေးကြီးတာက စည်းကမ်းရှိဖို့ပဲ” ဟု စစ်တွေဒေသခံ ကိုကျောက်ချိုင်က ပြောသည်။

စစ်တွေမြို့ ရှုခင်းသာလမ်းတစ်လျှောက်တွင် အသုပ်စုံဆိုင်၊ အကင်ဆိုင်၊ အအေးဆိုင်၊ ထမင်းနှင့် တခြားစားသောက်ကုန်များကို ညနေ ၄ နာရီကနေ ည ၉ နာရီအချိန်ထိ ရောင်းချလျက်ရှိပြီး အပန်းဖြေ လာရောက်စားသောက်သူများနှင့် စည်းကားလေ့ရှိသည်။
ရှုခင်းသာလမ်းတစ်လျှောက်ရှိဈေးသည်များမှာ မိသားစုစားဝတ်နေရေးအတွက် ဈေးရောင်းချနေကြသော်လည်း တချို့မှာ စည်းကမ်းသပ်ယက်မှုမရှိသဖြင့် မြို့တော်သန့်ရှင်းရေးပိုင်းမှာ ထိခိုက်မှုများလည်း ရှိနေသည်။
ထို့ကြောင့် ဈေးရောင်းချသူများနှင့် စားသုံးသူများအနေဖြင့် စည်းကမ်းရှိရန်လိုအပ်ပြီး သက်ဆိုင်ရာကလည်း ဥပဒေပိုင်းအရ ထိရောက်စွာပံ့ပိုးပြီး စနစ်တကျစီမံရန် လိုအပ်ကြောင်း စစ်တွေမြို့ခံ ဦးအောင်ကြည်မိုးက ထောက်ပြသည်။
“တစ်ခုရှိတာက ဈေးဆိုင်တန်းတွေ များလာလို့ရှိရင် အမှိုက်ပြဿနာတစ်ခု ရှိလာနိုင်တယ်။ အမှိုက်ပြဿနာကို သေချာကိုင်တွယ်ဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။
ရှုခင်းသာလမ်းတစ်လျှောက် ဈေးဆိုင်များအတွက် သတ်မှတ်နေရာပြုလုပ်မည့် ကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အမှုဆောင်ဒါရိုက်တာ ဒေါ်ခင်ခင်စိုး တို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေခြင်း မရှိခဲ့ပေ။
စစ်တွေမြို့ ရှုခင်းသာလမ်းတစ်လျှောက်တွင် ပျံကျဈေးဆိုင်ပေါင်း ၂၀ ကျော်ရှိပြီး တရားဝင်သတ်မှတ်နေရာ မရှိသဖြင့် လူကြီးခရီးစဉ်များနှင့် တခြားလုံခြုံရေးတို့ကြောင့် မကြာခဏ ဆိုင်ပိတ်သိမ်းခံရသည့်အတွက် ဈေးသည်များမှာ အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။
#I008