စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းများမှ အဖမ်းခံလိုက်ရသည့် အရပ်သား ၉ ဦးနှင့် အဆက်အသွယ်မရသဖြင့် မိသားစုဝင်များ စိတ်ပူနေ

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဓညဝတီ(က)ရပ်ကွက်ရှိ ဘုန်းကြီးကျောင်း နှစ်ကျောင်းမှ အရပ်သား ၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရရှိသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

By Admin 21 Nov 2022

စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းများမှ အဖမ်းခံလိုက်ရသည့် အရပ်သား ၉ ဦးနှင့် အဆက်အသွယ်မရသဖြင့် မိသားစုဝင်များ စိတ်ပူနေ

တက္ကသိုလ်ကျောင်းသားများ ဖမ်းဆီးခံခဲ့ရသည့် စစ်တွေမြို့မှ ဂန္ဓာရုံဘုန်းကြီးကျောင်းကို အဝင်လမ်းကို တွေ့ရစဉ်။

DMG | နိုဝင်ဘာ ၂၁

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဓညဝတီ(က)ရပ်ကွက်ရှိ ဘုန်းကြီးကျောင်း နှစ်ကျောင်းမှ အရပ်သား ၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရရှိသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

၄င်းတို့ကို နိုဝင်ဘာလ ၁၁ ရက်ကပင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများတွင် တက္ကသိုလ်ကျောင်းသား အများစုပါဝင်သည်။ ၄င်းတို့ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်များမှ စစ်တွေမြို့မရဲစခန်းသို့ နေ့စဉ် ထမင်းသွားရောက်ပို့ပေးခဲ့သော်လည်း နိုဝင်ဘာလ ၁၈ ရက်တွင်မူ ရဲတစ်ဦးက ၄င်းတို့မရှိတော့ကြောင်း၊ နောက်ထပ် ထမင်းပို့ရန် လာစရာမလိုတော့ဟု ပြောဆိုလိုက်သည်ဟု ဖမ်းဆီးခံရသူ ဦးမောင်လှထွန်း၏ ဇနီးဖြစ်သူက ပြောသည်။

“အဖမ်းခံရတဲ့နေ့ နောက်တစ်ရက် ဘေးကကျောင်းက ဆရာတော်ပြောပြလို့ ထမင်းထုပ်တွေ နေ့တိုင်းသွားပို့ကြတယ် ရဲစခန်းကို။ ထမင်းထုပ်သွားပို့ပေမဲ့လည်း သူတို့နဲ့တခါမှကို မတွေ့ခဲ့ရဘူး။ တွေ့ခွင့်တောင်းလို့လည်း မရဘူး။ ရပ်လို့တောင် မနေရပါ။ နာမည်နဲ့ ထမင်းထုပ်တွေချပြီး ပြန်လာရတာပါပဲ။ ပြီးခဲ့တဲ့ သောကြာနေ့ ညနေပိုင်း ထမင်းထုပ်သွားပို့တော့ လက်မခံတော့ဘူး။ ထောင်ချုပ်ကို ယူသွားလား။ စစ်တပ်က ခေါ်သွားလား မသိဘူးလို့ ရဲသားတစ်ယောက်ပြောလိုက်တာပါ”ဟု ပြောသည်။

ဖမ်းဆီးခံရသူ ၉ ဦးမှာ အာသောကရာမကျောင်းတိုက်တွင် နေထိုင်နေသည့် သုံးဘီးမောင်းသူ ဦးစိုးဝင်း၊ ဘေးတွဲမောင်းနှင်သူ ဦးထွန်းစိန်မောင်၊ ကိုမောင်လှထွန်းတို့ဖြစ်သည်။ ထို့ပြင် ဂန္ဓာရုံဘုန်းကြီးကျောင်းတွင်နေထိုင်သည့် တက္ကသိုလ်ကျောင်းသားများဖြစ်ကြသော မောင်ဆိုင်အောင်ခင်၊ မောင်စိုးမင်း၊ မောင်အောင်လင်းစိုး၊ မောင်ဇော်လှိုင်ဦး၊ မောင်အောင်ငြိမ်းနှင့် ဝပ်ရှော့လုပ်ကိုင်နေသူ မောင်ကံစိုးတို့ဖြစ်ကြသည်။

၄င်းတို့ကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို လက်ရှိအချိန်ထိ မသိရှိရသေးသလို သတင်းအစအနလည်း မရသဖြင့် အလွန်စိတ်ပူကြောင်း မိသားစုဝင်များကဆိုသည်။

ဖမ်းဆီးခံထားရသည့် ဦးမောင်လှထွန်းမှာ သားသမီးသုံးဦးရှိသည့်အနက် ဆယ်တန်းတက်ရောက်နေသည့် သမီးတစ်ဦးလည်းရှိသည်။ ကျောင်းစရိတ်နှင့် မိသားစုစားဝတ်နေရေးအတွက် လင်ယောကျ်ားဖြစ်သူကိုသာ အားကိုးနေရခြင်းဖြစ်သဖြင့် ယခုကဲ့သို့ ဖမ်းဆီးခံထားရ၍ စားဝတ်နေရေးအခက်အခဲရှိလာသည်ဟု ဇနီးဖြစ်သူကပြောသည်။

“ခုဆို ၁၀ ရက်လောက်တောင် ရှိနေပြီ။ သူတို့မှာ ပုဆိုးတစ်ထည်၊ အင်္ကျီတထည်တည်း ပါသွားတာ။ ဘယ်လို နေ,နေကြမလဲ မသိဘူး။ ဖိနပ်တွေတောင် မပါသွားပါ။ ဘုန်းကြီးကျောင်းပေါ်က ဖမ်းခေါ်သွားတာပါ။ အရမ်းကို စိုးရိမ်မိပါတယ်။ စိုးရိမ်တာကို ကျွန်မက ပြောပြဖို့မတတ်တော့ပါဘူး။ အစ်ကို တစ်ယောက်နဲ့ လင်ယောကျ်ားပါသွားတယ်။ သူတို့ကိုမှီခိုပြီး စားသောက်နေကြရတာ။ ဒီပုံစံအတိုင်းဆို သမီးကို ကျူရှင်တောင်ထားနိုင်မှာ မဟုတ်ပါဘူး။ တစ်ရက်လုပ်မှ တစ်ရက်စားကြရတဲ့သူတွေမှာ ဒီလိုဖမ်းခံထားရလို့ အများကြီးကို ထိခိုက်ရပါတယ်"ဟု သူကပြောသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့် သြဂုတ်လမှစတင်ကာ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်လာမှုနှင့်အတူ အရပ်သားများကိုလည်း မြန်မာစစ်တပ်က မကြာခဏဖမ်းဆီးမှုများရှိပြီး ကြီးလေးသည့်ပုဒ်မများဖြင့် အမှုဖွင့်ခံရမှုများလည်းရှိနေသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

ဗီဒီယိုများ