- ပုဂံတွင် နိုင်ငံခြားခရီးသွားများကို ဝင်ကြေးတိုးမြှင့်ပြီး နေထိုင်ခွင့်ရက် လျော့ချမည်
- လောကာနန္ဒာ မီးပွိုင့်တွင် ယာဉ်တိုက်ခံရမှုဖြစ်စဉ် အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန်
- တောင်သူများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် သီးနှံအာမခံစနစ် ဖော်ဆောင်သွားမည်
- စစ်ရေးပဋိပက္ခကြောင့် စိုက်ပျိုးမှုရပ်နားခဲ့ရသည့် ရခိုင်က လယ်မြေအချို့တွင် ယခုနှစ် ပြန်လည်စိုက်ပျိုးလာနိုင်
- ခွင့်ပြုချက်မဲ့ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ပါက အရေးယူမည်ဟု ပလက်ဝတွင် သတိပေးစာထုတ်
ရသေ့တောင်မြို့နယ်တွင် အလယ်တန်းပြ ကျောင်းဆရာမတစ်ဦး လည်လှီးအသတ်ခံရ
သေဆုံးသူမှာ အသက် (၃၇) နှစ်အရွယ် ဒေါ်နှင်းယုနွယ်ဖြစ်ပြီး ယနေ့နံနက်ပိုင်းက ၎င်းနေထိုင်ရာ ပေါက်တောကျေးရွာမှ တာဝန်ကျရာ ပန်းဖော်ပြင်ကျေးရွာသို့ စာပြရန်သွားစဉ် လမ်းခုလတ်တွင် ယင်းသို့ သေဆုံးနေခြင်း ဖြစ်သည်။
16 Sep 2023

DMG ၊ စက်တင်ဘာ ၁၆
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ် ပေါက်တောကျေးရွာမှ အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦးမှာ ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီခန့်က လည်လှီးခံထားရသည့် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံများကပြောသည်။
သေဆုံးသူမှာ အသက် (၃၇) နှစ်အရွယ် ဒေါ်နှင်းယုနွယ်ဖြစ်ပြီး ယနေ့နံနက်ပိုင်းက ၎င်းနေထိုင်ရာ ပေါက်တောကျေးရွာမှ တာဝန်ကျရာ ပန်းဖော်ပြင်ကျေးရွာသို့ စာပြရန်သွားစဉ် လမ်းခုလတ်တွင် ယင်းသို့ သေဆုံးနေခြင်း ဖြစ်သည်။
“ကျနော်တို့ သိတာကတော့ ၁၁ နာရီလောက်မှာပဲ သိရတယ်။ ဖြစ်တာကတော့ ၉ နာရီခွဲ၊ ၁၀ နာရီ ဝန်းကျင်လောက်က ထင်တယ်။ ဒဏ်ရာကတော့ လည်လှီးသတ်ဖြတ်ခံထားရကို တွေ့ရတယ်။ တခြားဒဏ်ရာကိုတော့ အနီးကပ်မဟုတ်လို့ သေချာမတွေ့ခဲ့ရဘူး” ဟု ရသေ့တောင်မြို့နယ်၊ ပန်းဖော်ပြင်ကျေးရွာ ဦးမောင်ထွန်းချေက ပြောသည်။
အဆိုပါ အလယ်တန်းပြ ကျောင်းဆရာမမှာ ပန်းဖော်ပြင်ရွာအနီး ကားလမ်းနံဘေးတွင် အဝတ်အစားများ စုတ်ပြဲလျက် လည်လှီးခံထားရသည့် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ရွာသားများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ကျောင်းဆရာမတစ်ဦး သတ်ဖြတ်ခံရမှုကြောင့် ပညာရေးအသိုင်းအဝိုင်းကြား စိုးရိမ်မှုများ မြင့်တက်နေကြသည်။
“အခုလိုမျိုး ဆရာမ သတ်ဖြတ်ခံရတာကြားတော့ တော်တော်လည်း စိုးရိမ်မိတယ်။ နယ်ဝေးတွေမှာ တာဝန်ကျနေရတဲ့ ဆရာမတွေအတွက် လုံခြုံမှု အာမခံချက်တွေကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ပေးစေချင်ပါတယ်” ဟု မြောက်ဦးမြို့နယ်၊ လေညှင်းတောင်ကျေးရွာမှ ဆရာမတစ်ဦးက ပြောသည်။
လက်ရှိတွင် အလယ်တန်းပြ ကျောင်းဆရာမ သတ်ဖြတ်ခံရသည့်အမှုကို ရက္ခိုင့်တပ်တော်/ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ အမှုနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို လတ်တလောတွင် မသိရသေးပေ။
#I010