ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး သေနတ်နှင့် ပစ်ခတ်ခံရပြီး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်နိုင်လင်းမှာ ယနေ့ (အောက်တိုဘာ ၁၈ ရက်) နံနက်ပိုင်းက သေနတ်နှင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

By Admin 18 Oct 2023

ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဇော်နိုင်လင်း။
ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဇော်နိုင်လင်း။

DMG ၊ အောက်တိုဘာ ၁၈

မွန်ပြည်နယ်၊ ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်နိုင်လင်းမှာ ယနေ့ (အောက်တိုဘာ ၁၈ ရက်) နံနက်ပိုင်းက သေနတ်နှင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ယနေ့ နံနက် ၇ နာရီခန့်က မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးမှာ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ ကမ်းနားစျေးရှိ ကော်ဖီဆိုင်တွင်ထိုင်နေစဉ် သေနတ်သမားများမှ လာရောက်ပြီး အနီးကပ်ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် နေရာတွင်သေဆုံးသွားခဲ့သည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

“စျေးထဲက ဖူးကော်ဖီဆိုင်မှာ ဦးစီးမှူးထိုင်နေတုန်းလူ လေးယောက်ရှိမယ်။ သေနတ်တွေနဲ့ ဝင်ပစ်သွားတာ။ တစ်ခါတည်း သေသွားတယ်။ နောက်တော့ ရဲတွေ၊ စစ်တပ်ကလာပြီး အလောင်းလာသယ်သွားတယ်” ဟု မျက်မြင်တွေ့ရှိသည့် ရန်မျိုးအောင်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးဇော်နိုင်လင်း၏ ရင်ဘတ်တွင် ကျည်ဒဏ်ရာ ၄ ချက်မနည်းရရှိခဲ့ပြီး လုပ်ကြံခဲ့သူများကို လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း ရေးမြို့နယ်ရဲစခန်းနှင့် နီးစပ်သူများထံမှ သိရသည်။

ဦးဇော်နိုင်လင်းကို ပစ်ခတ်ခဲ့သူများမှာ ဒေသအခြေစိုက် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

“ရေးမြို့နယ်မှာရှိတဲ့ ပင်လယ်ငါးဖမ်းသင်္ဘောကြီးတွေ အပေါ်သြဇာအပြည့် လုပ်ပိုင်ခွင့်အပြည့်အဝရထားတဲ့ ငါးဦးစီးမှူးကို အနားပေးလိုက်ပါပြီ” ဟု ရေးဘီလူးအဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။

မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ပစ်ခတ်ခံရမှုကြောင့် ရေးမြို့ မြို့အဝင်/အထွက်နှင့် လူစည်ကားရာနေရာတို့တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း မြို့ခံများကပြောသည်။

“မြို့အဝင်/အထွက် နေရာတွေ၊ ရပ်ကွက်တွေမှာပါ စစ်တပ်၊ ရဲတွေ စစ်ဆေးရေးတင်းကျပ်ထားတယ်။ လမ်းပေါ်သွားတဲ့သူတွေကိုလည်း အတင်းအကျပ်စစ်ဆေးနေတာ” ဟု အစစ်ဆေးခံခဲ့ရသည့် ရေးမြို့ခံတစ်ဦးက ပြောသည်။

ရေးဘီလူးအဖွဲ့မှ ပစ်ခတ်မှုကြောင့် ရေးမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်ကလည်း ရေးမြို့၊ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးလွင် (ခ) ကိုလတ်နှင့် စက်တင်ဘာ ၂၆ ရက်က ရေးမြို့ရှိ မြဝတီဘဏ် လုံခြုံ‌ရေးဝန်ထမ်းတစ်ဦးနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးတို့ သေဆုံးသွားခဲ့သည်။

ဗီဒီယိုများ