- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
ပျက်စီးသွားသည့် တင်းမကျေးရွာဘုန်းကြီးကျောင်းကို ပြုပြင်ခွင့်ရရှိရန် တောင်းဆို
ပြီးခဲ့သည့်ဧပြီ ၂၀ ရက်နေ့က လေပြင်းတိုက်ခတ်ရာတွင် တင်းမကျေးရွာမှ ဘုန်းတော်ကြီးကျောင်ရှိ ခေါင်မိုးများနှင့် သာသနိကအဆောက်အဦများပျက်စီးမှုရှိခဲ့သဖြင့် ပြန်လည်ပြုပြင်ခွင့်ရရှိရန် ကျေးရွာသားများက တောင်းဆိုကြသည်။
03 May 2022

DMG ၊ မေ ၃
ပြီးခဲ့သည့်ဧပြီ ၂၀ ရက်နေ့က လေပြင်းတိုက်ခတ်ရာတွင် တင်းမကျေးရွာမှ ဘုန်းတော်ကြီးကျောင်ရှိ ခေါင်မိုးများနှင့် သာသနိကအဆောက်အဦများပျက်စီးမှုရှိခဲ့သဖြင့် ပြန်လည်ပြုပြင်ခွင့်ရရှိရန် ကျေးရွာသားများက တောင်းဆိုကြသည်။
တင်းမကျေးရွာဘုန်းတော်ကြီးကျောင်းမှာ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိပြီဖြစ်ကာ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၏ ခေါင်းမိုးအပေါ်ဆုံးအဆင့်မှ သွပ်မိုးများ ကွာကျပျက်စီးခဲ့သည်ကို အချိန်မီပြုပြင်နိုင်ရန် ၎င်းကျေးရွာသားများက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးထံသို့ မေလ ၂ ရက်နေ့တွင် စာဖြင့်တင်ပြထားသည်။
ထိုသို့အချိန်မီမပြုပြင်ပါက လာမည့်မိုးရာသီတွင် ပျဉ်များ၊ ထုတ်တန်းများ ဆွေးမြေးပျက်စီးမည်ဖြစ်သဖြင့် ကျေးရွာသားအချို့အား အချိန်(၃)ရက်ခန့် သွားရောက်ပြုပြင်ခွင့်ပြုရန် တောင်းဆိုထားသည်ဟု တင်းမဆရာတော် အရှင်ဝါယာမိန္ဒက DMG သို့မိန့်သည်။
“မြို့နယ်ကလူကြီးတွေနဲ့တွေ့ပြီးတော့ တောင်းတယ်။ သူတို့က ပြည်နယ်ကခွင့်ပြုရင် သွားလိုရတယ်ဆိုပြီးတော့ ပြောတယ်။ အဲဒါကြောင့် အနောက်ပိုင်းစစ်ဌာနချုပ်ကို စာတင်ပြီးတော့တောင်းဆိုတာ။ ဒီဘုန်းကြီးကျောင်းကို နှစ်ပေါင်း ၁၀၀ ကျော်ရှိတဲ့ ရှေ့ဟောင်းအဆောက်အဦးဆိုတော့ ပြုပြင်ဖို့လိုတယ်။ ဒါကြောင့်သွားပြုပြင်ဖို့ ၂ ရက်၊ ၃ ရက် ခွင့်ပြုစေချင်ပါတယ်”ဟု မိန့်သည်။
တင်းမကျေးရွာသားများမှာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ် မတ်လကတည်းက ကျေးရွာကိုစွန့်ခွာထွက်ပြေးနေကြရသည်။ ထိုတိုက်ပွဲကာလအတွင်း တင်းမကျေးရွာ အတွင်းမှ နေအိမ်များမှာလည်း မီးရှို့ခံခဲ့ရသည်။ လက်ရှိလူသူကင်းမဲ့နေသော တင်းမကျေးရွာတွင် နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းတို့မှ ခြုံနွယ်များဖုံးလျက် ပျက်စီးယိုယွင်းလာနေသည်။
တင်းမကျေးရွာသားတို့မှာ နေရပ်ပြန်ခွင့်ရရှိရန်နှင့် နေအိမ်များကို ပြန်လည်ပြုပြင်ခွင့်ရရှိရန် စစ်ကောင်စီထံ အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း နေရပ်ပြန်ခွင့်မပြုခဲ့ပေ။ တင်းမကျေးရွာအနီးတွင် နှစ်ဖက်တပ်များ နီးကပ်စွာတည်ရှိနေသဖြင့် အချိန်မရွေးတိုက်ပွဲပြန်ဖြစ်လာနိုင်၍ နေရပ်ပြန်ခွင့်မပြုကြောင်း ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းက ပြောဆိုထားသည်။
လက်ရှိမှာ ပျက်စီးနေသည့် ဘုန်းတော်ကြီးကျောင်းခေါင်မိုးများကို ပြန်လည်ပြုပြင်နိုင်ရန် တင်းမကျေးရွာသို့ သွားရောက်ခွင့်ရရှိရေးအတွက် တင်ပြတောင်းဆိုထားသော်လည်း အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း ကျေးရွာသားများကပြောသည်။
“ကျွန်တော်တို့ မြို့နယ်ကအကြီးအကဲတွေနဲ့သွားတွေ့တယ်။ သူတို့ကခွင့်မပြုဘူး။ ပြည်နယ်ကခွင့်ပြုရင်တော့ သွားလို့ရတယ်ဆိုပြီးတော့ပြောတယ်။ တကယ်လို့သွားတယ်ဆိုရင် စစ်ကျန်လက်နက်တွေပေါက်ကွဲရင် သူတို့တာဝန်ကျမယ်ဆိုပြီးတော့ ခွင့်မပြုတာလို့ပြောတယ်။ အဲဒါကြောင့် ပြည်နယ်ကိုစာတင်ပြီးတော့ တောင်းဆိုတာပါ။ အခုချိန်ထိတော့ (ပြည်နယ်)က အကြောင်းပြန်တာမရှိသေးဘူး”ဟု တင်းမကျေးရွာမှ မြတ်ဒါနသွေးလှူရှင်ပရဟိတအသင်း ဥက္ကဋ္ဌ ကိုမောင်သိန်းဝင်းကဆိုသည်။
ထိုသို့စာတင်ထားမှုနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးထံသို့ DMG က ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။ ထို့ကြောင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့ရာတွင် “ဗိုလ်မှူကြီးမအားသေးပါ”ဟု PSO ကပြောဆိုပြီး ဖုန်းချသွားသည့်အတွက် တစုံတရာမသိရပေ။
လက်ရှိတွင် တင်းမကျေးရွာသားများမှာ ကျောက်တော်နှင့် တခြားသော စစ်ဘေးရှောင်စခန်းတို့တွင် နေထိုင်ရပြီး နေရပ်ပြန်ခွင့်ရရှိရန် စောင့်ဆိုင်းနေကြသည်။