ကျောက်တော်က ဆန်စက်ပိုင်ရှင်ကို ကြီးလေးသော စစ်ပုန်ကန်မှုပုဒ်မဖြင့် ထပ်တိုးတရားစွဲ

ကျောက်တော်မြို့နယ်၊ ကာဒီ(ခ) သဇင်ကျေးရွာမှ ဆန်စက်ပိုင်ရှင်ကို ကြီးလေးသည့် စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ ဖြင့် ယနေ့တွင် စစ်တွေတရားရုံး၌ မြန်မာစစ်တပ်က ထပ်မံတရားစွဲဆိုလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများ၊ မိသားစုဝင်များထံမှ သိရသည်။

By Admin 19 Dec 2022

ကျောက်တော်က ဆန်စက်ပိုင်ရှင်ကို ကြီးလေးသော စစ်ပုန်ကန်မှုပုဒ်မဖြင့် ထပ်တိုးတရားစွဲ

ထပ်တိုးပုဒ်မဖြင့် တရားစွဲဆိုခံရသည့် ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်၏ ဓာတ်ပုံ။

DMG | ဒီဇင်ဘာ ၁၉

ကျောက်တော်မြို့နယ်၊ ကာဒီ(ခ) သဇင်ကျေးရွာမှ ဆန်စက်ပိုင်ရှင်ကို ကြီးလေးသည့် စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ ဖြင့် ယနေ့တွင် စစ်တွေတရားရုံး၌ မြန်မာစစ်တပ်က ထပ်မံတရားစွဲဆိုလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများ၊ မိသားစုဝင်များထံမှ သိရသည်။

တရားစွဲဆိုခံရသူမှာ အသက် (၄၃)နှစ်အရွယ် ဦးလှမောင်သန်းဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက် နေ့က ကန်စောက်တောင်ခြေရင်းရှိ ခမရ ၅၃၉ တပ်ရင်းမှ တပ်ရင်းမှူးဆိုသူက ဆွေးနွေးစရာရှိသည်ဟုဆိုကာ တပ်ရင်းသို့လာရောက်ရန် ဖုန်းဆက်ခေါ်ရာ၌ အပေါက်ဝကျေးရွာမှ အသက်(၃၅)နှစ်အရွယ် ကိုမောင်ချေကို အဖော်အဖြစ်ခေါ်သွားရာတွင် ၂ ဦးစလုံးကို ဖမ်းဆီးလိုက်သည်။

ယင်းနောက် ၎င်းတို့နှစ်ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သတ်သည်ဟုဆိုကာ ဒီဇင်ဘာလ ၆ ရက်နေ့က မတရားအသင်းဆက်သွယ်မှုပုဒ်မ- ၁၇(၁)ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် အမှုဖွင့်ခဲ့သည်။

ထို့ပြင် ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ရုံးချိန်းတွင် ဦးလှမောင်သန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၁ ဖြင့် ထပ်မံ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ဒီနေ့ တရားခွင်မှာ တရားသူကြီးက ကိုလှမောင်သန်းကို ပုဒ်မ- ၁၃၁ အမှုနဲ့ ထပ်ပြီးတရားစွဲတယ်လို့ ပြောပါတယ်။ ကျမတို့လည်း ဥပဒေအကြောင်းတွေ သိပ်နားမလည်ပါ။ ရဲသားတွေကိုမေးကြည့်တော့ အရင်စွဲထားတဲ့ မတရားအသင်းဥပဒေပုဒ်မထက် ပိုပြီးများတယ်လို့ ပြောကြပါတယ်”ဟု ဦးလှမောင်သန်း၏ အမျိုးသမီးဖြစ်သူ ဒေါ်လှယဉ်ဆန်းက DMG သို့ ပြောသည်။

လက်ရှိတွင် ဉီးလှမောင်သန်းမှာ ၅၃၉ တပ်ရင်းထဲတွင် စစ်သားများ ရိုက်နှက်ခံရသည့်ဒဏ်ရာများကြောင့် အိပ်ရာထဲတွင် ဦးခေါင်းချမအိပ်နိုင် ဖြစ်နေရသည်ဟု ဒေါ်လှယဉ်ဆန်းက ဆက်ပြောသည်။

“AA တွေ ဘယ်မှာရှိလဲဆိုတာကို တပ်ရင်းထဲမှာ စစ်ဆေးမေးမြန်းတယ်တဲ့။ သူက မသိလို့၊ မဖြေနိုင်တာကို မေးခွန်းတွေ အများကြီးမေးပြီး ရိုက်နှက်ကြတယ်တဲ့။ ကျန်းမာရေးမကောင်းပါ။ စစ်သားတွေ ရိုက်ထားတာ ဦးခေါင်းတောင် ချမအိပ်နိုင်ဘူးတဲ့။ လိုအပ်တဲ့ဆေးတွေ အကုန်လုံးကို ဝယ်ပေးခဲ့ပါတယ်”ဟု ဒေါ်လှယဉ်ဆန်းက ဆက်ပြောသည်။

ထို့အတူ ၎င်းအား ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ထပ်မံရုံးချိန်းထားကြောင်းလည်း သိရှိရသည်။

အဆိုပါ စစ်ပုန်ကန်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၃၁ သည် စစ်သားတစ်ဦး တာဝန်ထမ်းဆောင်နေသည်ကို အနှောင့်ယှက်ပေးသည့်အခါ စွဲဆိုတတ်ပြီး ကြီးလေးသည့်ပုဒ်မတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။

စစ်တွေမြို့ခံ ရှေ့နေတစ်ဦးက “အမှုစစ်လို့ပေါ်ရင် ပြစ်ဒဏ်ကတော့ တော်တော်များပါတယ်။ ပုဒ်မ- ၁၇ (၁)၊ (၂) ထက်တောင် များပါသေးတယ်။ ဒီပုဒ်မကို စစ်ပုန်ကန်မှုလို့လည်း ခေါ်ပါတယ်။ စစ်သားတစ်ယောက်က တာဝန်ထမ်းဆောင်တာကို နှောင့်ယှက်တယ်ပေါ့။ တာဝန်မထမ်းဆောင်အောင် အနှောင့်အယှက်ပေးတဲ့သဘောပါ”ဟု ဆိုသည်။

ထို့အတူ ပုဒ်မ- ၁၃၁ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလျှင် ထောင်ဒဏ် အနှစ်(၂၀)ဖြစ်စေ၊ သို့မဟုတ် ထောင်ဒဏ် (၁၀)နှစ်အထိဖြစ်စေ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ယင်းဥပဒေတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ကျောက်တော်ဒေသခံတစ်ဉီး ထပ်မံအမှုဖွင့်ခံထားရမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဖုန်းဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

DMG က ကောက်ယူထားသည့် စာရင်းအရ ရခိုင်တွင် ပြီးခဲ့သည့် တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့်ဆက်စပ်သည့်သံသယဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသားများ၊ အရပ်သားများကို ဖမ်းဆီးခဲ့ပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ၊ ရာဇသတ်ကြီးဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူမှာ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ၄၆ ဦးရှိခဲ့သည်။

ဗီဒီယိုများ