ကျောက်တော် ဒေသခံနှစ်ဦး မတရားအသင်းဆက်သွယ်မှုပုဒ်မ ဖြင့် အမှုဖွင့်ခံထားရ

မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည့် ကျောက်တော်မြို့နယ်မှ ဒေသခံနှစ်ဦးကို AA နှင့် ပတ်သက် ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့်အမှုဖွင့်ခံလိုက်ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

By Admin 12 Dec 2022

ကျောက်တော် ဒေသခံနှစ်ဦး မတရားအသင်းဆက်သွယ်မှုပုဒ်မ ဖြင့် အမှုဖွင့်ခံထားရ

အမှုဖွင့်ခံထားရသည့် ဦးလှမောင်သန်းအား တွေ့ရစဉ်

DMG | ဒီဇင်ဘာ ၁၂

မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည့် ကျောက်တော်မြို့နယ်မှ ဒေသခံနှစ်ဦးကို AA နှင့် ပတ်သက် ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့်အမှုဖွင့်ခံလိုက်ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ထိုသူတို့မှာ ကျောက်တော်မြို့နယ် ကာဒီရွာ (ခ)သဇင်ရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း( အသက် ၄၃ နှစ်) နှင့် အပေါက်ဝကျေးရွာမှ စစ်တွေ- ကျောက်တော်ကား ပြေးဆွဲနေသူ ကိုမောင်ချေ (အသက် ၃၉ နှစ်) တို့ ဖြစ်သည်။

၄င်းတို့ကို ပြီးခဲ့သည့် နိုဝင်ဘာ၂၀ ရက်နေ့က ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ စစ်တွေ အမှတ်(၁) ရဲစခန်းသို့ လွှဲပြောင်းခဲ့ပြီး ရက္ခိုင့်တပ်တော် (AA)နှင့် ပတ်သက်သည်ဟုဆိုကာ ဒီဇင်ဘာလ ၆ ရက်နေ့က မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် ချုပ်ရမန်ယူခဲ့ ကြောင်း မိသားစုဝင်များက DMG သို့ ပြောသည်။

“ စစ်တပ်က အမှတ်(၁) ရဲစခန်းကို လွှဲအပ်ပြီးမှ ၆ ရက်နေ့ ရုံးချိန်း ရှိတယ်ဆိုတာသိလို့ ကျမတို့ တရားရုံး လိုက်သွားတာပါ။ တရားရုံးမှာ သူတို့နဲ့တွေ့ခဲ့ရတယ်။ သူတို့က ရုံးထုတ်ပြီးရင် ပြန်ပြီး အမှတ်(၁ ) ရဲစခန်းသွားရမယ်လို့ ပြောတယ်။ ကျန်းမာရေး အခြေအနေလည်း ကောင်းတယ်လို့ မြင်ခဲ့ပါတယ်။ နောက်ထပ် ဒီဇင်ဘာလ ၁၉ ရက်နေ့ကို ထပ်ချိန်းလိုက်ပါတယ် ” ဟု ဦးမောင်လှသန်း၏ ဇနီးဖြစ်သူ ဒေါ်လှအေးဆန်းက DMG သို့ ပြောသည်။

၄င်းတို့နှစ်ဦးကို ပြီးခဲ့သည့် အောက်တိုဘာလ ၂ရက်နေ့က ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ တပ်ရင်းမှူးဆိုသူက ဦးလှမောင်သန်းကို ဆွေးနွေးစရာရှိသည်ဟုဆိုကာ တပ်ရင်းသို့လာရောက်ရန် ဖုန်းဆက်၍ ခေါ်ဆိုခဲ့သည်။

ထို့နောက် ၄င်းသည် အပေါက်ဝရွာရှိ ၄င်း၏ မိတ်ဆွေဖြစ်သူ ကိုမောင်ချေကို အဖော်ခေါ်ယူကာ လိုက် သွားရာမှ ဖမ်းဆီးခံလိုက်ရပြီး အဆက်အသွယ်ပြတ်ကာ ၁ လကျော်ကြာမှ အမှုဖွင့်ခံရကြောင်း ဒေါ်လှအေးဆန်းက ပြောသည်။

“ ကျမတို့အနေနဲ့ သူတို့ကို ဘာကြောင့် အမှုဖွင့်ရတာလဲဆိုတာ မသိဘူး။ သူတို့ကို ၅၃၉ တပ်ရင်းက ခေါ်လို့ သွားတာကို အဲဒီတပ်ရင်းက ဖမ်းပြီး အဲဒီနေ့ကနေ ဖျောက်ပစ်လိုက်တယ်။ တပ်ရင်းကို သွားမေးတော့လည်း မရောက်ဘူးလို့ပဲပြောတယ်။ ၁လကျော်ကြာမှ အမှုဖွင့်ခံထားရတယ်ဆိုပြီး သိရတာပါ” ဟု သူကပြောသည်။

ဦးလှမောင်သန်းမှာ ဖမ်းဆီးခံထားရသဖြင့် လက်ရှိတွင် မိသားစုစားဝတ်နေရေး အဆင်မပြေဖြစ်နေကာ ၎င်းမှာ အပြစ်မရှိသဖြင့် ပြန်လွှတ်ပေးစေချင်ကြောင်း ဒေါ်လှအေးဆန်းကပြောသည်။

ထို့အတူ ကိုမောင်ချေ၏ ဇနီးဖြစ်သူကလည်း သူ့ခင်ပွန်းမှာ အပြစ်မရှိဘဲ အမှုဖွင့်ခံရသည့်အတွက် စိတ်မ ကောင်းဖြစ်ရကြောင်း ဆိုသည်။

“သူက စစ်တွေ -ကျောက်တော်ကား ပြေးဆွဲနေတာပါ။ ဘယ်မတရားအသင်းတွေနဲ့မှ ဆက်သွယ်နေတာ မရှိပါဘူး။ သူ့ဘာသာသူ ကားပြေးဆွဲနေတာပါ။ အဲဒီနေ့ကလည်း ဦးလေး လှမောင်သန်းနဲ့ အဖော် လိုက်ပေးတာပါ။ သူ့ မှာ အပြစ်မရှိပါဘူး။ ဒါကြောင့် အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ် ” ဟု သူကပြောသည်။

ယခုကဲ့သို့ အမှုဖွင့်ခံထားရမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ကို DMGက ဖုန်းဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ထို့အတူ မောင်တောမြောက်ပိုင်း၊ အမှတ်(၂၄)ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည့် ဆယ်တန်းကျောင်းသူနှင့် ဒေသခံတစ်ဦးတို့မှာလည်း မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂)တို့ဖြင့် အမှုဖွင့်ခံထားရသည်။

ယင်းအပြင် မောင်တောမြို့နယ်၊ ကျီးကန်းပြင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာမှ အဝေးသင် ပထမနှစ် ကျောင်းသားတစ်ဦးနှင့် မင်္ဂလာညွှန့်ကျေးရွာမှ ကယ်ရီသမားတစ်ဦးတို့ကိုလည်း မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)(၂)တို့ဖြင့်တရားစွဲဆိုထားသည်။

တကျော့ပြန် တိုက်ပွဲ ကာလအတွင်း AA နှင့်ဆက်စပ်သည့် သံသယဖြင့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်း၊ ကျောင်းသား၊ အရပ်သားစသည်ဖြင့် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ၊ ရာဇ သတ်ကြီး ဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူမှာ လေးလအတွင်း ၄၆ ဦး အထိရှိခဲ့ကြောင်း နိုဝင်ဘာ ၃၀ ရက်နေ့အထိ DMG က ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

ဗီဒီယိုများ