ရခိုင်က စာရေးဆရာ၊ နိုင်ငံရေးသမား ဦးကျော်သန်း(ခ)ဘိုးကျော်သန်းကွယ်လွန်

ရခိုင်က စာရေးဆရာ၊ နိုင်ငံရေးသမား ဦးကျော်သန်း(ခ)ဘိုးကျော်သန်း အသက်(၈၈)နှစ်မှာ စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက် စစ်ကဲလမ်းရှိ နေအိမ်တွင် အောက်တိုဘာလ ၂၅ ရက်၊ ညနေ ၇ နာရီ ၄၀ မိနစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

By Admin 27 Oct 2022

ရခိုင်က စာရေးဆရာ၊ နိုင်ငံရေးသမား ဦးကျော်သန်း(ခ)ဘိုးကျော်သန်းကွယ်လွန်

ကွယ်လွန်သူ စာရေးဆရာ၊ နိုင်ငံရေးသမား ဦးကျော်သန်း(ခ)ဘိုးကျော်သန်း။ ဓာတ်ပုံ-မောင်မောင်စော

DMG ၊ အောက်တိုဘာ ၂၇

ရခိုင်က စာရေးဆရာ၊ နိုင်ငံရေးသမား ဦးကျော်သန်း(ခ)ဘိုးကျော်သန်း အသက်(၈၈)နှစ်မှာ စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက် စစ်ကဲလမ်းရှိ နေအိမ်တွင် အောက်တိုဘာလ ၂၅ ရက်၊ ညနေ ၇ နာရီ ၄၀ မိနစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ရုပ်အလောင်းကို ယနေ့ (အောက်တိုဘာလ ၂၇ ရက်) နေ့လယ် ၂ နာရီခန့်တွင် စစ်တွေမြို့ သုသာန်၌ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

ဦးကျော်သန်း ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းနှင့် စာပေအသိုင်းအဝိုင်းများက ကျန်ရစ်သူ မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြွေကွဲရကြောင်း သဝဏ်လွှာများ ပေးပို့ကြသည်။

ဦးကျော်သန်းသည် ရခိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းများကို ရေးသားပြုစုခဲ့သူတစ်ဦးဖြစ်သလို ၎င်း၏ ရှေ့နေလုပ်ငန်းဖြင့် ရခိုင်အမျိုးသား အကျိုးစီးပွားနှင့် ရခိုင်လူမျိုးများ၏ အကျိုးစီးပွားအတွက် လုပ်ကိုင်ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သည့်အတွက် ယခုကဲ့သို့ ကွယ်လွန်သွားခြင်းမှာ အစားထိုးမရသည့် ဆုံးရှုံးမှု တစ်ရပ်ဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဌ ဦးသာထွန်းလှကပြောသည်။

“သူဟာ စဉ်ဆက်မပြတ် ရခိုင်အမျိုးသားအကျိုးစီးပွားနဲ့ ရခိုင်လူမျိုးတွေရဲ့ အကျိုးစီးပွားအတွက် ရခိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းတွေကိုလည်း ရေးသားပြုစုခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ သူ့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်တဲ့ ရှေ့နေလုပ်ငန်းနဲ့လည်း ရခိုင်လူမျိုးတွေရဲ့ အကျိုးစီးပွားအတွက် လုပ်ကိုင်လာတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်တယ်။ ဒါကြောင့် ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် တစိုက်မတ်မတ် လုပ်ကိုင်ဆောင်ရွက်လာတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် အခုလိုကွယ်လွန်သွားတာဟာ ရခိုင်လူမျိုးတွေအတွက် အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ယင်းအပြင် ဦးကျော်သန်းသည် မကွယ်လွန်မီအချိန်ထိ ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီတွင် အတွင်းရေးမှူး တာဝန်ထမ်းဆောင်လျက်ရှိခဲ့ပြီး ရခိုင်တင်းခွန်မဂ္ဂဇင်းနှင့် ဒေသတွင်းမဂ္ဂဇင်းများတွင် ဘာသာပြန် ဆောင်းပါးများကို ရေးသားခဲ့သည်။

လက်ရှိတွင် ဦးကျော်သန်းကွယ်လွန်ခြင်း ဝမ်းနည်းဖွယ်အထိမ်းအမှတ်အဖြစ် ၎င်းရေးသားခဲ့သည့် ဘာသာပြန် ဆောင်းပါးများကိုစုစည်းပြီး စာအုပ်(၃၀)ထုတ်ဝေကာ စျာပနအခမ်းအနားသို့ တက်ရောက်သူများအား လက်ဆောင်ပေးခဲ့သည်ဟု ရခိုင်တင်းခွန်မဂ္ဂဇင်းမှ တာဝန်ခံစာတည်း မောင်ဗသိန်းကပြောသည်။

“ဆရာကြီး ဦးကျော်သန်းရေးသားခဲ့တဲ့ စာတွေကိုစုပေါင်းပြီး ဆရာကွယ်လွန်တဲ့ အထိမ်းအမှတ်အနေနဲ့ စာအုပ်တစ်အုပ် ထုတ်လိုက်တယ်။ ကွယ်လွန်သွားတဲ့အတွက်တော့ ဝမ်းနည်းတာပေါ့။ ဝမ်းနည်းလို့ သင်္ဂြိုလ်တာတောင် လိုက်ပို့ခဲ့သေးတယ်”ဟု သူကပြောသည်။

ဦးကျော်သန်းသည် ဘူးသီးတောင် ဇာတိဖြစ်ပြီး တက္ကသိုလ်ဝင်တန်းကို မြောက်ဦးမြို့ (အ.ထ.က)စာသင်ကျောင်းမှ အောင်မြင်ခဲ့ကြောင်း သိရသည်။ ၄င်းသည် ငယ်စဉ်ကတည်းက ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် တက်ကြွစွာ လုပ်ဆောင်လာသူတစ်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ် ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကာလအလွန်တွင် တည်ထောင်ခဲ့သည့် ရခိုင်တိုင်းရင်းသားညီညွတ်ရေးပါတီတွင် အထွေထွေအတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ယင်းအပြင် ၂၀၁၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ပါတီများမှတ်ပုံတင်ရန် ပြင်ဆင်ချိန်တွင်လည်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) ပေါ်ပေါက်ရေးအတွက် လက်တွဲဖော် နိုင်ငံရေးသမားများကို စုစည်းပြီး ၎င်း၏နေအိမ်တွင်ပင် အစည်းအဝေးပြုလုပ်၍ ကြိုးပမ်းဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်ဟု ANP ပါတီ၏ ပြောဆိုချက်အရ သိရသည်။

ယင်းအပြင် ဦးကျော်သန်းသည် ရခိုင်စာပေများကို ရေးသားပြုစုခဲ့သူတစ်ဦးဖြစ်ပြီး မကွယ်လွန်မီအချိန်အထိ ရခိုင်သမိုင်းကျမ်းတစ်စောင်ကို ပြုစုရင်း ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု သိရှိရကြောင်း ANP မှ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။

ဗီဒီယိုများ