- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မအီမြို့မှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကို မြန်မာစစ်တပ်ဖမ်းဆီး
မအီမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးထွန်းကြွယ်ကို နိုဝင်ဘာလ(၁၄)ရက်နေ့၊ ညနေ( ၅)နာရီခန့်က တောင်ကုတ်မြို့ မီးချောင်းထိုးစစ်ဆေးရေးဂိတ်တွင် မြန်မာစစ်တပ်မှ ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူနှင့် နီးစပ်သူများထံမှ သိရသည်။
15 Nov 2022

မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းကြွယ်။ ဓာတ်ပုံ-APM
DMG ၊ နိုဝင်ဘာ ၁၅
မအီမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးထွန်းကြွယ်ကို နိုဝင်ဘာလ(၁၄)ရက်နေ့၊ ညနေ( ၅)နာရီခန့်က တောင်ကုတ်မြို့ မီးချောင်းထိုးစစ်ဆေးရေးဂိတ်တွင် မြန်မာစစ်တပ်မှ ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူနှင့် နီးစပ်သူများထံမှ သိရသည်။
ဖမ်းဆီးခံလိုက်ရသည့် အသက် ၅၆ နှစ်အရွယ် ဦးထွန်းကြွယ်မှာ ရွှေဇီးဇံကုမ္ပဏီပိုင်ရှင်တစ်ဦးဖြစ်သလို အခြားသော ကုန်စုံဆိုင်လုပ်ငန်း၊ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူလည်းဖြစ်သည်။
လုပ်ငန်းကိစ္စဖြင့် မအီမှတောင်ကုတ်သို့ ရောက်ရှိလာခဲ့ပြီး ညနေပိုင်း တောင်ကုတ်မှမအီသို့အပြန် မီးချောင်းထိုးဂိတ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း မီးချောင်းထိုးကျေးရွာမှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုသည်။
"ဆရာကိုဖမ်းတာက မီးချောင်းထိုး ဂိတ်မှာ ဖမ်းတာလို့သိရတယ်။ ပြီးတော့ တောင်ကုတ်မြို့က တပ်ထဲကို ခေါ်သွားတယ်လို့ သိရတယ်။ ဘာကိစ္စကြောင့် ဖမ်းတယ်ဆိုတာကိုတော့ မသိသေးဘူး။ ကျနော်တို့လည်း စုံစမ်းနေတယ်"ဟု သူကဆိုသည်။
၄င်းဖမ်းဆီးခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး ဇနီးဖြစ်သူကို ဆက်သွယ်ရာတွင် ဖြေဆိုရန်ငြင်းဆန်သည်။
ဦးထွန်းကြွယ်၏ နေအိမ်အနီးနေထိုင်သည့် အမည်မဖော်လိုသူတစ်ဦးက "ဖမ်းဆီးခံရတာတော့ အမှန်ပါ။ သူတို့မိသားစုတွေ စိတ်သောက တော်တော်ရောက်နေကြတယ်။ မနေ့က တောင်ကုတ်ကအပြန်မှာ ဖမ်းတာပြောတယ်။ သူတို့ ပြောစကားအရ ဦးထွန်းကြွယ်ကို တောင်ကုတ် စကခ(၅)မှာရှိတယ်ဆိုလို့ စုံစမ်းနေကြတယ်လို့ ပြောတယ်"ဟု ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။
မြန်မာစစ်တပ်သည် တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးနောက် ရခိုင်စီးပွားရေးလုပ်ငန်းရှင်များကို ရက္ခိုင့်တပ်တော်(AA)နှင့် မပတ်သက်ရန်၊ အခွန်မပေးရန် ခေါ်ယူသတိပေးမှုများရှိသည်။ တစ်ဖက်တွင်လည်း စီးပွားရေးလုပ်ငန်းရှင်များကို ဖမ်းဆီးမှုများလည်း ရှိလာနေသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း ကျောက်ဖြူမြို့၊ ကုလာဘာကျေးရွာမှ အသက် ၃၂ နှစ်အရွယ် ကိုအောင်မျိုးဝင်းနှင့် အသက် ၃၅ နှစ်အရွယ် ကိုဇော်မျိုးထွန်းတို့ကို မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့သည်။