"ရခိုင်ပြည်တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကဏ္ဍကို မြင့်တင်ဖို့လိုအပ်" Vox Pop

ရခိုင်မှာဆိုရင် အမျိုးသမီးတွေအနေနဲ့ ဦးဆောင်မှုကဏ္ဍမှာပါဝင်လာနိုင်ဖို့ ဘာတွေလိုအပ်နေတာလဲ၊ ဘာတွေလုပ်သင့်သလဲ ဆိုတာကို ရခိုင်က လူငယ်အမျိုးသမီး၊ လူငယ်အမျိုးသားတွေရဲ့အသံကို DMG က စုစည်းဖော်ပြပေးလိုက်ပါတယ်။

By Admin 04 Jul 2025

"ရခိုင်ပြည်တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကဏ္ဍကို မြင့်တင်ဖို့လိုအပ်" Vox Pop

DMG ၊ ဇူလိုင် ၄

ရခိုင်ပြည်အတွင်းက စစ်ကောင်စီ ကင်းစင်သွားတဲ့ မြို့နယ်တွေမှာ အာရက္ခပြည်သူ့အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ အစားထိုးလည်ပတ်လျက် ရှိနေပါတယ်။

အာရက္ခပြည်သူ့အစိုးရရဲ့ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေပါဝင်လာတာ တွေ့ရပေမယ့် ဆုံးဖြတ်ချက်ချမှတ်နိုင်မယ့် ဦးဆောင်မှုအခန်းကဏ္ဍမှာ အမျိုးသမီးပါဝင်နေမှုဟာ အားနည်းနေသေးတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

နိုင်ငံရေးဆုံးဖြတ်ချက်၊ နိုင်ငံရေးဦးဆောင်မှု လုပ်ရမယ့်နေရာတွေမှာ အမျိုးသမီးတွေ နေရာပေးခံရတာ အားနည်းနေသေးတာကြောင့် လက်တွဲခေါ်ဖို့လို့တယ်လို့ ဇူလိုင် ၃ ရက်မှာကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့မှာ အမျိုးသမီးအရေးလှုပ်ရှားသူတွေကလည်း တောင်းဆိုထားပါတယ်။

ရခိုင်မှာဆိုရင် အမျိုးသမီးတွေအနေနဲ့ ဦးဆောင်မှုကဏ္ဍမှာပါဝင်လာနိုင်ဖို့ ဘာတွေလိုအပ်နေတာလဲ၊ ဘာတွေလုပ်သင့်သလဲ ဆိုတာကို ရခိုင်က လူငယ်အမျိုးသမီး၊ လူငယ်အမျိုးသားတွေရဲ့အသံကို DMG က စုစည်းဖော်ပြပေးလိုက်ပါတယ်။

တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးတစ်ဦး

နိုင်ငံတစ်ခုတည်ဆောက်ဖို့ အမျိုးသားတစ်ခုတည်းနဲ့ တည်ဆောက်လို့မရဘူး။ အမျိုးသမီးတွေ တက်ကြွစွာပါဝင်မှု၊ လွတ်လပ်စွာပြောဆိုခွင့်အသံတွေ မရှိလို့မရဘူး။ တကယ်လို့ အမျိုးသမီးအသံတွေ နည်းပါးလာတာနဲ့အမျှ နိုင်ငံတစ်ခု တည်ဆောက်ရေးမှာလည်း တော်တော်ထိနိုင်တယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့ ရေရှည်တည်တံ့ရေးအပေါ် အလွန်အရေးကြီးတဲ့ သက်ရောက်မှုတွေရှိတယ်။ နောက်ပြီး ဒါက တစ်နိုင်ငံအတွင်းသာမက နိုင်ငံတကာဆက်ဆံရေးအပြင် တခြားနိုင်ငံတွေရဲ့ အကျိုးသက်ရောက်မှု တုန့်ပြန်နိုင်စွမ်းကိုပါ ထိခိုက်စေနိုင်တယ်။

ရခိုင်မှာ အရင်ကတည်းက အမျိုးသမီးအသံတွေ အရမ်းအားနည်းတယ်။ အမျိုးသမီးတွေအတွက် ခြိမ်းခြောက်မှုဆိုင်ရာ အသက်အန္တရာယ် အကာအကွယ်ပေးမှုတွေ၊ အမျိုးသမီးတွေရဲ့ လွတ်လပ်စွာ ပြောဆိုဝေဖန်ပိုင်ခွင့်ဆိုင်ရာတွေကို အာဏာပိုင် အစိုးရတစ်ရပ်အနေနဲ့ ပွင့်လင်းမြင်သာစွာ ချထားဖို့လိုအပ်တယ်။ ဒါမှကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေ Power တွေကို မြင်လာရမှာ။

လူငယ် အမျိုးသားတစ်ဦး

အခုလက်ရှိ ရခိုင်ပြည်တည်ဆောက်ရေးကာလမှာ ကျနော်တို့ မြင်တွေ့ရသလောက်တော့ အမျိုးသမီးပါဝင်မှု အခန်းကဏ္ဍက အရမ်းမှေးမှိန်နေသေးတယ်။ အုပ်ချုပ်ရေးအပိုင်းမှာဆိုရင်လည်း အမျိုးသမီး ခေါင်းဆောင်ပါဝင်မှုကို ကြားတောင် မကြားဖူးဘူး။ အခုမြင်တွေ့ရတာက အမျိုးသမီးတွေဟာ ကျန်းမာရေးပိုင်းမှာ ဆရာဝန်နဲ့ သူနာပြုပိုင်းတွေမှာ ပါဝင်တာကိုပဲမြင်ရတယ်။ ပြီးတော့ ဂိတ်တွေမှာ စစ်မေတွေ စာရင်းအဝင်အထွက် မှတ်တာတွေလောက်ပဲ တွေ့ရတယ်။ အုပ်ချုပ်ရေးယန္တရားရဲ့ အမြင့်ပိုင်းဘက်မှာ အမျိုးသမီးတွေကို မြင်တောင် မမြင်ဖူးဘူး။

အဲဒါကြောင့် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရက အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကို ရခိုင်ပြည် တည်ဆောက်ရေးထဲမှာ နိုင်ငံရေး၊ ဥပဒေစိုးမိုးရေးအပိုင်းတွေမှာ လက်တွဲခေါ်သွားဖို့လိုတယ်။ အဲဒီလိုလုပ်ရင်းနဲ့ အမျိုးသမီးအခန်းကဏ္ဍကို မြှင့်တင်ဖို့လိုအပ်တယ်။

ရခိုင်ဒေသခံ အမျိုးသမီးတစ်ဦး

ဒီအခြေအနေမှာ အမျိုးသမီးတွေက ပူးပေါင်းပါဝင်ပြီး လှုပ်ရှားဖို့ဆိုတာက လူအရင်းအမြစ်လည်းလိုသလို နည်းပညာလည်း မရှိဘူး။ နောက်တစ်ခုက ဒီကာလမှာ အမျိုးသမီးတွေဟာ အခက်အခဲပေါင်းများစွာကို ခံနေရတယ်။ လူငယ်ပညာတတ် အမျိုးသမီးလေးတွေ သွက်လက်လှုပ်ရှားမှုကောင်းတဲ့ အမျိုးသမီးလေးတွေ အများစုကလည်း ပြည်တွင်းမှာ ရှိမနေကြတော့ဘူး။

အဝေးကနေ တခုခုကို အကောင်အထည်ဖော်ပေးမယ်၊ support လုပ်ပေးမယ်ဆိုရင်တောင် ကျမတို့ဘေးမှာက အမြဲတမ်းလုံခြုံရေးက တင်းကျပ်တယ်။ ဆိုလိုတာက ဖိနှိပ်ခံထားရတယ်။ ဘာကိုမှ သိသာထင်ရှားအောင် လုပ်လို့မရဘူးဆိုတဲ့ အနေအထားတစ်ခုကို ဖြတ်သန်းနေရတယ်။ ဒါတွေအားလုံးဟာ ဟိုအရင်ကတည်းက ရခိုင်ပြည်တွင်းမှာကိုက တက်ကြွလှုပ်ရှားမှုတွေကို ဘာမှအကောင်အထည် မဖော်ရဲအောင် ဖိနှိပ်ခံခဲ့ရတာတွေရဲ့ အကျိုးဆက်တွေပေါ့။

တိုင်းပြည်၊ နိုင်ငံတစ်ခုတည်ဆောက်ရေးမှာ အမျိုးသမီးပါဝင်မှုက လွန်စွာအရေးပါတယ်။ အမျိုးသမီးတွေအားလုံးဟာ မိခင်တွေပါ။ အမျိုးသမီးတွေရဲ့ စိတ်အရင်းခံကိုယ်က ကြင်နာတတ်တယ်၊ မိခင်စိတ်ရှိတယ်လို့ ကျမတို့ လူ့အသိုင်းအဝိုင်းမှာလည်း နားလည်ထားကြတယ်လေ။ မိသားစုတစ်ခုကို စိတ်ကျန်းမာဖို့၊ စည်းကမ်းရှိဖို့၊ စည်းလုံးဖို့ကို မိန်းမတွေကပဲ အများဆုံး ပေးစွမ်းစီမံနိုင်ပါတယ်။ ဒီမိသားစုပြီးရင် ရပ်ရွာ၊ ပြည်နယ်ပြီးရင် နိုင်ငံနဲ့ချီတာပေါ့။ ဆိုလိုတာက ရပ်တည်ချက်ကောင်းတဲ့ မေမေတွေ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်တဲ့ မေမေတွေ စည်းစနစ်ကျတဲ့ မေမေတွေဆိုတာ လူ့အဖွဲ့အစည်းတခုအတွက် အဖိုးမဖြတ်နိုင်ဘူး။

Gender အရေး လှုပ်ရှားဆောင်ရွက်နေသည့် အမျိုးသားတစ်ဦး

ရခိုင်ပြည်က အမျိုးသမီးတွေရဲ့ ဘဝတွေဟာ အမျိုးသားတွေနဲ့စာရင် ပိုပြီးမလုံခြုံမှုတွေကို ရင်ဆိုင်ကြုံတွေ့ နေကြရတယ်။ အခုလိုအမျိုးသမီးတွေရဲ့ ဘဝဟာ မလုံခြုံမှုပေါင်းများစွာနဲ့ ကြုံတွေ့နေရတဲ့အတွက် နယ်ပယ်အသီးသီးမှာ ပါဝင်ဖို့၊ ခေါင်းဆောင်ဖို့ ပိုပြီးခက်ခဲစေတယ်။

နိုင်ငံရေးပိုင်းမှာလည်း အမျိုးသမီးတွေရဲ့ ဦးဆောင်မှုအခန်းကဏ္ဍ‌ဟာ မရှိသလောက်နည်းပါးနေတယ်။ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုတွေ ပိုမိုအားကောင်းလာဖို့ ULA အနေနဲ့ မူဝါဒတွေချမှတ်ဖို့၊ လက်‌တွေ့လုပ်ဆောင်ဖို့ လိုတယ်။

လူမှုရေးကဏ္ဍမှာလည်း အမျိုးသမီးတွေပါဝင် ဦးဆောင်မှုဏ္ဍတွေ အရမ်းနည်းတယ်။ အမျိုးသမီးတွေ အဓိကဦးဆောင်တဲ့ ပရဟိတအဖွဲ့အစည်းတွေ အရမ်းနည်းပါးတယ်။ CSO၊ NGO နယ်ပယ်မှာတော့ အမျိုးသမီးအဖွဲ့အစည်းတွေ ရှိပေမယ့် အရေအတွက်အားဖြင့် အမျိုးသားတွေဦးဆောင်တဲ့ CSO တွေပဲ ပိုများပြား နေသေးသလို၊ အင်အားလည်း ကြီးမားနေကြဆဲပါ။ အမျိုးသမီးတွေရဲ့ အသံကို ထည့်သွင်းစဉ်းစားအလေးထားဖို့ အလေ့အကျင့်တွေကို အာရက္ခပြည်သူ့အစိုးရအပါအဝင် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးက အခုထက်ပိုပြီး လုပ်ဆောင်ဖို့လိုတယ်။

ရခိုင်ပြည် လူထုတစ်ခုလုံးကို အကျိုးသက်ရောက်စေတဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာ‌တွေမှာ ရခိုင်ပြည်လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းနီးနီးဖြစ်တဲ့ အမျိုးသမီးထုကြီးရဲ့ အသံတွေပါဝင်မှု လွန်စွာအားနည်းနေမှုဟာ ကြီးမားတဲ့ မမျှတမှုတစ်ခုအဖြစ် ရှုမြင်ကြဖို့လိုပါတယ်။

အမျိုးသမီးတွေရဲ့ ပါဝင်မှု၊ ဦးဆောင်မှုအခန်းကဏ္ဍ မြင့်တက်ရေးကို အိမ်ဖြည့်သဘောမျိုးမဟုတ်ဘဲ ရခိုင့်လူ့အသိုင်းအဝိုင်းတစ်ခုလုံးအတွက် အရေးကြီးတဲ့ ရည်မှန်းချက်တစ်ခုအဖြစ်ထားပြီး လုပ်ဆောင်ဖို့ လိုအပ်သလို ရခိုင်လူမှုအဖွဲ့အစည်းကြီးပွားဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးသမီးတွေရဲ့ဘဝတွေဟာ အဖြည့်ခံဘဝကို မရောက်စေဖို့၊ အမေ့လျော့ခံဘဝကို မရောက်စေဖို့ အဓိကအနေနဲ့ အာရက္ခပြည်သူ့အစိုးရမှာ တာဝန်ရှိပြီး ရခိုင်လူမှုအသိုင်းအဝိုင်းတစ်ခုလုံးမှာလည်း တာဝန်ရှိပါတယ်။

NGO အဖွဲ့တစ်ခုမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦး

အမျိုးသမီးတွေဦးဆောင်ပြီး မလှုပ်ရှားတာက အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ၊ ယုံကြည်မှုမရှိတာတွေ၊ ကျား-မရေးရာမညီမျှတဲ့ အုပ်ချုပ်ရေးကဏ္ဍတွေနဲ့ ဘာသာရေး အယူအဆတွေကြောင့်ဖြစ်တယ်။

အမျိုးသမီးတွေလုပ်နိုင်တဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်လှုပ်ရှားနိုင်ခွင့်ဟာ အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းကို ယုံကြည်မှုနဲ့ မြှင့်တင်ပေးသလိုလည်းဖြစ်တယ်။ ဒါ့အပြင် နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးရေးအပိုင်းတွေမှာလည်း အမျိုးသားတွေနဲ့မတူညီတဲ့ အတွေးအမြင်တွေနဲ့ ပေါင်းစပ်ဖို့လိုအပ်တာကြောင့် တိုင်းပြည်၊ နိုင်ငံတစ်ခုမှာ အမျိုးသမီးတွေ ပါဝင်လှုပ်ရှားဖို့ အရမ်းအရေးကြီးတယ်။