- လူငယ်ပျောက် ကြေညာချက်များကို စစ်ကောင်စီ သတင်းစာများက လက်မခံ
- အိန္ဒိယနှင့် တရုတ် တိုက်ရိုက်လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲရန် သဘောတူ
- ဘင်္ဂလာတွင် ရာစုနှစ်များစွာ တည်ရှိခဲ့သည့် ရခိုင်ရွာများ တစစ တိမ်ကောလာနေ
- မောင်တောနယ်စပ် လုံခြုံရေး AA က အားစိုက်လုပ်ဆောင်နေ
- ကျောက်ဖြူက စစ်ရှောင်ကျောင်းသားများ အကူအညီလိုအပ်နေ
အိန္ဒိယနှင့် တရုတ် တိုက်ရိုက်လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲရန် သဘောတူ
နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေသည့် အိန္ဒိယနှင့် တရုတ်တို့အကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲရန်နှင့် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ဆောင်ရွက်သွားရန် သဘောတူလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
20 Aug 2025

နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေသည့် အိန္ဒိယနှင့် တရုတ်တို့အကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲရန်နှင့် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ဆောင်ရွက်သွားရန် သဘောတူလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါသဘောတူညီချက်များအပြင် နယ်စပ်နေရာ သုံးခုတွင် ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ရန်၊ ဗီဇာကိစ္စများ အဆင်ပြေအောင် ဆောင်ရွက်ရန် တို့လည်း သဘောတူညီထားသည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
နှစ်နိုင်ငံ တိုက်ရိုက် ခရီးစဉ်များသည် ၂၀၂၀ ခုနှစ် ကိုဗစ်ကပ်ဘေး စတင်ချိန်တည်းက ရပ်နားထားခြင်း ဖြစ်သည်။ လတ်တလောတွင်လည်း ခရီးစဉ်များ ပြန်လည်စတင်မည့် နေရက်ကို တိတိပပ မကြေညာသေးပေ။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည့် နှစ်နိုင်ငံ နယ်စပ်အရေးပြဿနာများကို ဆွေးနွေးရန်အတွက် ယခုရက်ပိုင်းတွင် အိန္ဒိယသို့ ရောက်ရှိခဲ့သည်။
ဆွေးနွေးမှုများအတွင်း နယ်စပ်ကိစ္စရပ်များအတွက် နှစ်ဘက် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရေးအဖွဲ့ တစ်ခု ထားရှိရန် သဘောတူညီခဲ့ကြသည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။ ထို့အပြင် နှစ်နိုင်ငံ နောက်ထပ် ဆွေးနွေးမှုကို ၂၀၂၆ ခုနှစ်တွင် တရုတ်ပြည်၌ ပြုလုပ်ရန် သဘောတူခဲ့ကြသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကျင့်သုံးနေသည့် မူဝါဒများမှာ ခန့်မှန်းမရဘဲ အပြောင်းအလဲ များနေသည့်အချိန်၌ အာရှအင်အားကြီး နှစ်နိုင်ငံ ဖြစ်သည့် တရုတ်နှင့် အိန္ဒိယအကြားတွင် ရာထူးကြီး ခရီးစဉ်များ အပြန်အလှန် ရှိလာနေသည်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည်လည်း ယခုလကုန်ပိုင်းတွင် တရုတ်နိုင်ငံသို့ သွားရောက်ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးညီလာခံ တက်ရောက်ရန် စီစဉ်ထားသည်။ ဤခရီးစဉ်သည် ခုနစ်နှစ်ကျော် ကာလအတွင်း မိုဒီ၏ ပထမဆုံး တရုတ်ခရီးစဉ်လည်း ဖြစ်သည်။