ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲအနိုင်ရစေလိုသည့် တရုတ်၏သဘောထား နောက်ကွယ်

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲလာလ နီးကပ်လာသည်နှင့်အမျှ မဲဆွယ်စည်းရုံးမှုများ၌ စီးပွားရေး၊ ကိုဗစ်-၁၉ အရေး၊ စစ်ရေးနှင့်ငြိမ်းချမ်းရေး ကိစ္စရပ်များသည် အပြောများသည့် အကြောင်းအရာများ ဖြစ်လာတော့မည်ဖြစ်သည်။

By စောသန္တာအေး 08 Sep 2020

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်၌ နှစ်ဘက်သဘောတူစာချက် လက်မှတ်မရေးထိုးမီ လက်ဆွဲနှုတ်ဆက်နေကြသည်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - AFP/ Nyein Chan Naing/Pool)

"အနောက်အုပ်စုက မွတ်ဆလင်အရေးနှင့် လုံးချာလည်နေပြီး ဂျပန်က မြန်မာနှင့်ဆက်ဆံရေးကို အဆုံးစွန်မြှင့်တင်ကာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်၌ အဓိကဝှက်ဖဲမှာ တရုတ်လက်ထဲတွင် ရှိနေဆဲဖြစ်သည်။"

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲလာလ နီးကပ်လာသည်နှင့်အမျှ မဲဆွယ်စည်းရုံးမှုများ၌ စီးပွားရေး၊ ကိုဗစ်-၁၉ အရေး၊ စစ်ရေးနှင့်ငြိမ်းချမ်းရေး ကိစ္စရပ်များသည် အပြောများသည့် အကြောင်းအရာများ ဖြစ်လာတော့မည်ဖြစ်သည်။

သို့သော်လည်း နိုင်ငံတကာအသိုက်အဝန်းကမူ ရွေးကောက်ပွဲအပြီး မြန်မာ၏ နိုင်ငံခြားရေးမူဝါဒသည် တရုတ်နှင့် ယခုထက်နီးကပ်သွားပြီး ပိုအားကောင်းသည့် ဆက်ဆံရေးဘက်သို့ ယိမ်းမည်လား၊ သို့မဟုတ် ပိုမိုသီးခြားလွတ်လပ်သော ရပ်တည်ချက်ဘက်သို့ ယိမ်းမည်လား ဆိုသည်ကို အဓိက တွက်ချက်လျက်ရှိသည်။

တရုတ်ခေါင်းဆောင်များက မြန်မာ စစ်ခေါင်းဆောင်များအား အထူး မျက်နှာသာပေးကာ ထိုစဉ်က အတိုက်အခံခေါင်းဆောင်နှင့် ဒီမိုကရေစီပြယုဂ် ဖြစ်ခဲ့ဖူးသူ ဒေါ်အောင်ဆန်းစုကြည်အား မယုံသင်္ကာဖြင့် ဆက်ဆံမှုများ ပြုလုပ်ခဲ့သည့် ခေတ်မှသည် ယခုအချိန်တွင်မူ အပြောင်းလဲ အများအပြား ရှိခဲ့ပြီဖြစ်သည်။

လက်ရှိအချိန်၌ တရုတ်အစိုးရ ကိုယ်စားလှယ်များသည် ၎င်းတို့ ထိန်းချုပ်လွှမ်းမိုးနိုင်ရန် အခက်အခဲရှိလာနေသည့် မြန်မာဗိုလ်ချုပ်ကြီးများအား သတိနှင့် ဆက်ဆံလာကြသလို ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအား ရွေးကောက်ပွဲတွင် အနိုင်ရစေလိုသည့် သဘောထားကိုလည်း အတိအလင်း ထုတ်ဖော်ပြသလာကြပြီ ဖြစ်သည်။

မြန်မာစစ်တပ် ကျောထောက်နောက်ခံ ပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီအား ခွက်ခွက်လန် ရှုံးနိမ့်ခဲ့သည်။ ကြံ့ခိုင်ရေးပါတီသည် လာမည့်ရွေးကောက်ပွဲတွင်လည်း အခြေအနေ ပိုကောင်းလာရန် မသေချာသေးပေ။

နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်သည် ၎င်းတို့၏တာဝန် ဖြစ်သည်ဟု မြန်မာစစ်တပ်က ခံယူကာ တရုတ်အပေါ် အမှီသဟဲပြုမှုများကို လျှော့ချရန်ကြိုးစားနေချိန်၌ ဒေါ်အောင်ဆန်းစုကြည်ကမူ စီးပွားရေးနှင့် အခြားအထောက်အပံ့များအတွက် တရုတ်ဘက်သို့ ခြေဦးလှည့်လျက်ရှိသည်။ အစောပိုင်းက သူမနှင့် အလွမ်းသင့်ခဲ့သည့် အနောက်အုပ်စုများမှာလည်း မွတ်ဆလင်ဒုက္ခသည်များအရေးကြောင့် သူမနှင့် ခပ်ခွာခွာဖြစ်နေကြသည်။

၂၀၁၇ သြဂုတ်လမှသည် လက်ရှိအချိန်အထိ ထောင်ပေါင်းများစွာသော မွတ်ဆလင်များသည် သတ်ဖြတ်ခံခဲ့ရပြီးဖြစ်သလို သိန်းပေါင်းများစွာသော မွတ်လဆင်များသည်လည်း မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် နယ်စပ်ဖြတ်ကျော်က ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ရသည်။

တစ်ချိန်က လူ့အခွင့်အရေးချန်ပီယံအဖြစ် မြင်တွေ့ခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်ကမူ မွတ်ဆလင်အရေးအပေါ် ကုလသမဂ္ဂနှင့် အခြားအုပ်စုများက ‘လူမျိုးတုံးသတ်ဖြတ်မှု’ဆီ ဦးတည်နေသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့်လုပ်ရပ် အဖြစ် ရှုမြင်ကြသည်ကို လက်မခံပဲ ငြင်းဆန်လျက်ရှိသည်။ ဤသို့ဖြင့် ဒေါ်စုသည် အနောက်တိုင်းသားများ၏ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဘဝမှသည် နေ့ချင်းညချင်းဆိုသလို အပယ်ခံအဆင့်သို့ ပြောင်းလဲသွားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ကနာ့ဖ်ဒေသရှိ ဒုက္ခသည်စခန်းတစ်ခုတွင် မြန်မာနိုင်ငံသို့ ပြန်ပို့မည့်အစီအစဉ်ကို ကန့်ကွက်ဆန္ဒဖော်ထုတ်နေကြသော မွတ်ဆလင်ဒုက္ခသည်များအား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (AFP/Dibyangshu Sarkar)

မြန်မာနိုင်ငံ၏ ကပြောင်းကပြန် ပြည်ပဆက်ဆံရေးတွင် ပါဝင်ပတ်သက်နေသည့် တတိယအင်အားစုမှာ ဂျပန်ဖြစ်သည်။ ဂျပန်ကမူ ဒေသတွင်း ပထဝီနိုင်ငံရေးအရွေ့၏ အန္တရာယ်များကို မြင်သဖြင့် အနောက်အုပ်စု၏ ပြစ်တင်ဝေဖန် ရှုတ်ချမှုများတွင် ဝင်မပါပေ။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှိမစ်စု မိုတဲဂိသည် ပါပူဝါနယူးဂီနီ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံများသို့ သြဂုတ်လ ၂၁ ရက်မှ ၂၄ ရက်အထိ လှည့်လည်သွားရောက်ကာ အရှေ့တောင်အာရှ ၄ နိုင်ငံနှင့် ဂျပန်အကြား ဆက်ဆံရေး ပိုမိုအားကောင်း ခိုင်မာလာအောင် ဆောင်ရွက်ခဲ့သည်။ ကိုရိုနာကပ်ဘေး အကြီးအကျယ်ရှိနေသည့်ကြားမှ ဆောင်ရွက်ခဲ့သည့် အဆိုပါခရီးစဉ်သည် တရုတ်၏ ဒေသတွင်း သြဇာလွှမ်းမိုးမှုကို တုန့်ပြန်ရန်လိုအပ်သည့် ဝန်ကြီး၏တာဝန်ကို ထင်ထင်ရှားရှား ပြသနေခြင်း ဖြစ်သည်။

ဝန်ကြီးမိုတဲဂိသည် မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် နည်းပညာအကူအညီများ ပေးမည်ဟု မိုတဲဂိက ဒေါ်စုအား ကတိပေးခဲ့သည်။ နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျောင်းသားများ ခရီးသွားလာရေး ပိုမိုလွယ်ကူချောမွေ့အောင် ဆောင်ရွက်ကြရန်လည်း သဘောတူခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဆွေးနွေးရာ၌ မိုတဲဂိက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အပံ့ပေးမည် ဖြစ်ကြောင်း ကတိကဝတ် ပြုခဲ့သည်။ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တစ်စောင် တွင်လည်း ဒေသတွင်းရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မိုတဲဂိနှင့် မင်းအောင်လှိုင်တို့သည် “နှစ်ဘက်သဘောထားအမြင်များ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း” ထည့်သွင်းဖော်ပြထားသည်။ နှစ်ဘက်အမြင် ဖလှယ်ရာ၌ “တောင်တရုတ်ပင်လယ် အရေးလည်းပါဝင်ပြီး နှစ်နိုင်ငံအနီးကပ် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူခဲ့ကြကြောင်း” လည်း ဖော်ပြပါရှိသည်။

ဒေါ်စုကို ပေးခဲ့သည့် မိုတဲဂိ၏ ကတိကဝတ်များသည် မြန်မာအပေါ် ရှိနှင့်ပြီးဖြစ်သည့် တရုတ်၏ သြဇာကို တွန်းလှန်နိုင်မည်လား ဟူသည့်အချက်မှာ စောင့်ကြည့်ရဦးမည်ဖြစ်သည်။ ဤအချက်မှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြ ံ (CMEC) ကိုကြည့်လျှင် သိသာသည်။ CMEC စီမံကိန်း၌ အမြန်ရထားလမ်းများ၊ အဝေးပြေးလမ်းများနှင့် မြန်မာပြည်၏ မြစ်ကြီးများတွင် ရေလမ်းကြောင်း အဆင့်မြှင့်တင်ရေးတို့ ပါဝင်သည်။

ဤစီမံကိန်းသည် သမ္မတရှီကျင့်ဖျင်၏ ရပ်ဝန်းနှင့်လမ်း စီမံကိန်းအတွက် အထူးအရေးပါသည့် ကွင်းဆက်ဖြစ်သည်။ အမေရိကန်နှင့် တရုတ်အကြား စစ်အေးတိုက်ပွဲသစ်အတွင်း တင်းမာမှုများ မြင့်တက်လာသည်နှင့်အမျှ အရှေ့တောင်အာရှရှိ ရပ်ဝန်းနှင့်လမ်း စီမံကိန်းသည် ပို၍ အရေးပါလာတော့မည် ဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်အဖြစ် ရှိနေသည့် မြန်မာသည် တရုတ်အတွက် အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် ဥရောပဆီ ရောက်ရှိနိုင်မည့် ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖြစ်သည်။ လက်ရှိအချိန်၌ တရုတ်သည် အဆိုပါဒေသများသို့ တောင်တရုတ်ပင်လယ်နှင့် မလက္ကာရေလက်ကြား မှတစ်ဆင့် သွားလာနေရသည်။ ဤရေလမ်းကြောင်းများမှာ တရုတ်အတွက် အာမခံချက် မရှိပေ။ တရုတ်သည် တောင်တရုတ်ပင်လယ်အတွက် အငြင်းပွားနေရသလို မလက္ကာရေလက်ကြားမှာလည်း အသွားအလာ အလွန်ထူထပ်သည့် နေရာ ဖြစ်သည်။

ဇန်နဝါရီလက သမ္မတရှီကျင့်ဖျင် လာရောက်ခဲ့သည့် သမိုင်းဝင် မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားသော အရပ်သားအများစုပါဝင်သည့် အရာရှိများနှင့် တွေ့ဆုံခဲ့သလို နားလည်မှုစာချွန်လွှာ (MoU) ၃၃ ခုထက်မနည်း လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းတို့အနက် ဆောက်လုပ်ရေးနှင့် ဆက်စပ်သည့်စီမံကိန်း ၁၃ ခုလည်းပါဝင်သည်။ ကျောက်ဖြူမြို့အနီးတွင် ဒေါ်လာ ဘီလျံနှင့်ချီ တန်ဖိုးရှိသည့် အထူးစီးပွားရေးဇုန်နှင့် စက်မှုဇုန် စီမံကိန်း ဆောက်လုပ်ရန်လည်း ဤသဘောတူညီချက်များထဲတွင် ပါဝင်သည်။ ကျောက်ဖြူတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ရေနက်ဆိပ်ကမ်း စီမံကိန်းတစ်ခုကို ဆောင်ရွက်နေပြီဖြစ်သည်။

အခြားတစ်ဘက်တွင်မူ ဇွန်လအတွင်း မော်စကိုခရီးစဉ်တွင် ပြောကြားခဲ့သော တပ်ချုပ်မင်းအောင်လှိုင်၏ စကားကြောင့် လေ့လာသူအများအပြား အံ့အားသင့်ခဲ့ကြရသည်။ ရုရှားသတင်းဌာနတစ်ခုနှင့် အင်တာဗျူးပြုလုပ်ရာ၌ တပ်ချုပ်က မြန်မာနိုင်ငံတွင် “အကြမ်းဖက်အုပ်စုများ” ရှိနေခြင်းသည် “ထိုအုပ်စုများကို ထောက်ခံအားပေးသည့် အင်အားစုကြီးများ” ရှိနေခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
စစ်တပ်ခေါင်းဆောင်က “အင်အားစုကြီးများ” ဟု သုံးနှုန်းပြီး မည်သည့်အုပ်စု၊ မည်သည့်နိုင်ငံဟု တိတိပပ မပြောသော်လည်း မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် တရုတ်လက်နက်များဖြင့် စစ်ရေးလှုပ်ရှားနေသော ရက္ခိုင့်တပ်တော် (အေအေ) ကို ရည်ညွှန်းခြင်းဖြစ်သည်မှာ သိသာနေသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် မြန်မာစစ်တပ်သည် ရှမ်းပြည်မြောက်ပိုင်း၌ တရုတ်လက်နက် အများအပြား ဖမ်းမိခဲ့သည်။ TNLA ထံမှ ဖမ်းမိသည့် အဆိုပါလက်နက်များတွင် အသက်စက်စက် လောင်ချာ (Rocket Launcher) များနှင့် လေယာဉ်ပစ်ဒုံးတစ်လက်လည်း ပါဝင်သည်။

မြန်မာအပေါ်ထားရှိသော တရုတ်၏ မူဝါဒမှာ မီးစတစ်ဘက် ရေမှုတ်တစ်ဘက်ဖြစ်သည်။ တစ်ဘက်တွင် အစိုးရအား ချေးငွေများ၊ ထောက်ပံ့ငွေများ၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး အကူအညီများ ပေးထားသလို အခြားတစ်ဘက်တွင် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုအများအပြားအား တရုတ်လက်နက်ဈေးကွက်နှင့် ချိတ်ဆက်ပေးထားသည်။

ရန်ကုန်တွင်ကျင်းပသည့် ၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်လာသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဓာတ်ပုံ - AFP)

ကိုဗစ်-၁၉ ကပ်ဘေးကြီး အပါအဝင် အစိုးရအရာရှိများ၊ စစ်တပ်ခေါင်းဆောင်များနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ အကြား ဆွေးနွေးညှိနှိုင်းမှုများ ရှိနေသည့်ကြားက မြန်မာနိုင်ငံ၏ နယ်စပ်တစ်လျှောက် ပြည်တွင်းစစ်အရှိန်မြင့်နေဆဲ ဖြစ်သည်ကို ကြည့်လျှင် ဤစစ်ပွဲများတွင် တရုတ်၏လွှမ်းမိုးမှု အကြီးအကျယ်ရှိနေသည်မှာ ရှင်းရှင်းလင်းလင်း မြင်သာသော အချက်ဖြစ်သည်။

သမ္မတဦးသိန်းစိန် ၂၀၁၁ ခုနှစ် မတ်လတွင် အာဏာရလာပြီး များမကြာမီ၌ စတင်ခဲ့ကာ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရအဖွဲ့အထိ ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အနောက်အုပ်စုနှင့် ဂျပန်နိုင်ငံတို့ထံမှ အထောက်အပံ့များ အလျှံအပယ်ရရှိထားသည်။

သို့သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်သော လက်နက်ကိုင်အုပ်စုများမှာ လက်တစ်ဆုပ်စာမျှသာ ရှိပြီး ၎င်းတို့ထဲမှ အချို့ဆိုလျှင် လက်နက် သို့မဟုတ် အခိုင်အမာ ထိန်းချုပ်နယ်မြေများပင် မရှိတော့ပေ။ သြဂုတ်လတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးညီလာခံမှာလည်း ထပ်မံတွေ့ဆုံ ဆွေးနွေးကြရန် ဟူသော သဘောတူညီချက်ကလွဲ၍ ထူးခြားသောရလဒ် မထွက်ဘဲ နိဂုံးချုပ်ခဲ့သည်။

တကယ်တမ်း ရင်ဆိုင်တိုက်ပွဲများ ရှိနေသော တိုင်းရင်းသားလက်နက်ကိုင် ၈၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုသည့် အုပ်စုများမှာ NCA တွင် မပါဝင်သလို ပါဝင်လာမည့်ပုံလည်း ရှိမနေပေ။ စုစုပေါင်း ၇ ဖွဲ့ရှိသည့် အဆိုပါအုပ်စုများမှာ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (Federal Political Negotiation and Consultative Committee - FPNCC) ဆိုသောအမည်ဖြင့် အဖွဲ့ဖွဲ့ထားပြီး စုစုစည်းစည်း ရှိနေကြသည်။ ဤအဖွဲ့အားလုံးသည် တရုတ်နှင့် နီးစပ်မှုရှိကြောင်း အများသိကြသည်။

ထိုအုပ်စုထဲတွင် အင်အားအကြီးဆုံးဖြစ်သည့် ‘ဝ’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် တရုတ်လုပ် ချေမှုန်းရေးရိုင်ဖယ်များ၊ စက်သေနတ်များ၊ မော်တာများ၊ လေယာဉ်ပစ်ဒုံးလက်နက်များအပြင် အသေးစား သံချပ်ကာယာဉ်များ၊ စစ်ဘက်သုံးယာဉ်များဖြင့် စနစ်တကျ ဖွဲ့စည်းထားသည်။

အေအေသည် UWSA ၏ အနီးကပ်မဟာမိတ်ဖြစ်သလို FPNCC အဖွဲ့ဝင်များထံမှလည်း လက်နက်များ ရသည်။ အခြားသော FPNCC အဖွဲ့ဝင်များသည်လည်း USWA ထံမှ လက်နက်များ ရရှိကြသည်။ ထိုအထဲတွင် နိုင်ငံမြောက်ပိုင်းမှ အင်အားကြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ရှမ်းပြည်မြောက်ပိုင်း ဧရိယာအများအပြားကို ထိန်းချုပ်ထားသည့် တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့လည်း ပါဝင်သည်။

‘ဝ’ပြည်နယ် ပန်ဆန်းတွင် ၂၀၁၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က ကျင်းပသည့် စစ်ရေးပြအခမ်းအနားတစ်ခု၌ မြင်တွေ့ရသည့် ‘ဝ’ အထူးတပ်ဖွဲ့ဝင် စနိုက်ပါများ။ (ဓာတ်ပုံ - AFP/Ye Aung Thu)

အနောက်အုပ်စုနှင့် ဂျပန်တို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်မှု ရှိကောင်းရှိမည်။ မိုတဲဂိသည်လည်း ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့် မြန်မာ့ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရေးအတွက် အကူအညီများ တိုးမြှင့်ထောက်ပံ့ရေးရန် ကတိကဝတ် ပေးကောင်းပေးခဲ့မည်။ သို့သော်လည်း တရုတ်လုံခြုံရေး အရာရှိများသည် FPNCC အဖွဲ့ဝင်များနှင့် မကြာသေးမီက တွေ့ဆုံမှုများ၌ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ၊ အနောက် သို့မဟုတ် ဂျပန်တို့နှင့် မည်သည့် သဘောတူညီမှုမျိုးမှ မလုပ်ကြရန် မှာထားချက်များ ရှိသည်။

ထို့အတွက်ကြောင့် တရုတ်သည် ၎င်း၏ လက်ကိုင်တုတ်ကို အဆုံးရှုံးခံမည့် သဘောထား မရှိကြောင်း သိသာထင်ရှားနေသလို မကြာသေးမီက တိုးတက်မှုများသည်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အခြားသော ပြင်ပဇာတ်ဆောင်များနှင့် ဆက်စပ်ဆီလျော်မှု မရှိကြောင်းကို ပြသနေသကဲ့သို့သာ ရှိသည်။

အနောက်အုပ်စုက မွတ်ဆလင်အရေးနှင့် လုံးချာလည်နေပြီး ဂျပန်က မြန်မာနှင့်ဆက်ဆံရေးကို အဆုံးစွန်မြှင့်တင်ကာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်၌ အဓိကဝှက်ဖဲမှာ တရုတ်လက်ထဲတွင် ရှိနေဆဲဖြစ်သည်။ ဤအချက်သည်ပင်လျှင် တရုတ်က အဘယ်ကြောင့် လက်ရှိ မြန်မာ့နိုင်ငံရေးအား ထောက်ခံပြီး လာမည့်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီအား ဆက်လက် အနိုင်ရစေလိုသည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေခြင်း ဖြစ်ပေသည်။

စောသန္တာအေး
(Asia Times တွင်ဖော်ပြထားသော ဆောင်းပါးရှင် Bertil Lintner ၏ Why China wants Suu Kyi to win Myanmar’s polls ကို ဆီလျော်အောင် မြန်မာမှုပြုပါသည်။)

ဆက်စပ်ဖတ်ရှုရန်

ဗီဒီယိုများ