တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ

တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် အင်ဗာတာအချို့တွင် အတွင်း၌ အမျိုးအမည်မသိ ဆက်သွယ်ရေး ကိရိယာများ ပါဝင်နေသည်ကို တွေ့ရသည့်အတွက် အမေရိကန် စွမ်းအင်အရာရှိများသည် လေ့လာစစ်ဆေးမှုများ ပြုလုပ်နေကြကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 14 May 2025

သရုပ်ဖော်ပုံ - AI
သရုပ်ဖော်ပုံ - AI

တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် အင်ဗာတာအချို့တွင် အတွင်း၌ အမျိုးအမည်မသိ ဆက်သွယ်ရေး ကိရိယာများ ပါဝင်နေသည်ကို တွေ့ရသည့်အတွက် အမေရိကန် စွမ်းအင်အရာရှိများသည် လေ့လာစစ်ဆေးမှုများ ပြုလုပ်နေကြကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်သည် ပါဝါအင်ဗာတာများ အကြီးအကျယ် ထုတ်လုပ်ဖြန့်ဖြူးသည့် နိုင်ငံဖြစ်ကာ တရုတ်အင်ဗာတာများကို ကမ္ဘာတစ်ဝန်း၌ ဆိုလာပြား၊ လေအားလျှပ်စစ်တာဘိုင်၊ လျှပ်စစ်ကွန်ရက်များတွင် သာမက ဘတ္ထရီ၊ အပူပေးစက်၊ လျှပ်စစ်ကား ဓာတ်အားဖြည့်စက်များတွင်ပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသည်။

နောက်ဆုံးပေါ် အင်ဗာတာများ၌ လုပ်ဆောင်ချက်စနစ် အဆင့်မြှင့်ခြင်း (Update) နှင့် ထိန်းသိမ်းပြုပြင်ခြင်းများ ပြုလုပ်နိုင်ရန်အတွက် အဝေးမှ ထိန်းချုပ်သည့် စနစ်များ ပါဝင်ကြသည် ဆိုသော်လည်း အဆိုပါစနစ်ဖြင့် တရုတ်ပြည်အထိ တိုက်ရိုက် ဆက်သွယ်မှု မပြုနိုင်အောင် တားမြစ်ထားသည့် အရံအတား စနစ် (Firewall) လည်း ပူးတွဲ ပါဝင်လေ့ရှိသည်။

သို့သော်လည်း အမေရိကန် ကျွမ်းကျင်ပညာရှင်များက အင်ဗာတာများကို တစစီဖြုတ်ပြီး စစ်ဆေးရာတွင် အင်ဗာတာထဲ၌ အသုံးပြုထားသည့် ပစ္စည်းစာရင်း ဖော်ပြချက်တွင် မပါဝင်သော ဆက်သွယ်ရေး ကိရိယာအချို့ကို တွေ့ရှိခဲ့သည်ဟု အမည်မဖော်လိုသူ နှစ်ဦးထံမှ သိရကြောင်း ရိုက်တာသတင်းဌာနက မေလ ၁၄ ရက်နေ့တွင် ဖော်ပြသည်။

ပြီးခဲ့သည့် ၉ လအတွင်း အလားတူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ပစ္စည်းစာရင်း၌ မပြထားသည့် ဆယ်လူလာရေဒီယိုများ အပါအဝင် ဆက်သွယ်ရေး ကိရိယာများကို တရုတ်သွင်းကုန် ဘတ္ထရီအချို့တွင်လည်း တွေ့ရှိခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

သို့သော်လည်း စစ်ဆေးသူပညာရှင်များသည် ဆိုလာအင်ဗာတာနှင့် ဘတ္ထရီ အရေအတွက် မည်မျှအထိ စစ်ဆေးခဲ့သည်ကိုတော့ ရိုက်တာက မသိရကြောင်း ရေးသားထားသည်။

စစ်ဆေးတွေ့ရှိရသည့် ဆက်သွယ်ရေး ကိရိယာများ၌ လုံခြုံရေး အရံအတားစနစ် (Firewall) ကို ကျော်ဖြတ်ကာ ချိတ်ဆက်နိုင်သည့် ဆက်သွယ်ရေးလိုင်းများ ပါဝင်နေသည်ကို တွေ့ရကြောင်း အဆိုပါ အမည်မဖော်လိုသူ နှစ်ဦးက ရိုက်တာသို့ ပြောကြားထားသည်။

"အင်ဗာတာတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြရင် အနောက်နိုင်ငံတွေ အနေနဲ့ လုံခြုံရေးအတွက် ဒီပစ္စည်းတွေကို တားမြစ်ကန့်သတ်ဖို့ အခက်ကြုံလာမယ်လို့ တရုတ်က ယူဆထားတယ် ထင်ပါတယ်" ဟု အမေရိကန် အမျိုးသားလုံခြုံရေးဌာန ညွှန်ကြားရေးမှူးဟောင်း မိုက်ရော်ဂျာက ပြောကြားသည်။

Firewall ကို ကျော်ဖြတ်နိုင်သည့် အဆိုပါ ဆက်သွယ်ရေး ကိရိယာများကို အသုံးပြုကာ အင်ဗာတာများကို အဝေးမှ လှမ်းပိတ်ခြင်း၊ ဆက်တင်း (Setting) များကို ပြောင်းလဲပစ်ခြင်းဖြင့် ဓာတ်အားပေးလိုင်းများကို မတည်မငြိမ် ဖြစ်စေခြင်း၊ စွမ်းအင်ဖြန့်ဖြူးသည့် စနစ်ကို ပျက်စီးစေခြင်း၊ လျှပ်စစ်မီး ပြတ်တောက်စေခြင်းများအထိ လုပ်ဆောင်နိုင်ကြောင်း ပညာရှင်များက ပြောကြားသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။