အီရန်ရှိ နျူကလီးယားစီမံကိန်း နေရာသုံးခုကို အမေရိကန် ဗုံးကြဲ

အမေရိကန်သည် အီရန်ရှိ နျူကလီးယား စီမံကိန်းနေရာ သုံးခုကို ယနေ့ အစောပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကာ အစ္စရေး-အီရန် စစ်ပွဲအတွင်း ဝင်ပါလာပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြချက်များအရ သိရသည်။

By Admin 22 Jun 2025

အီရန်နျူကလီးယား စက်ရုံများကို ဗုံးကြဲတိုက်ခိုက်မှုအပြီး အိမ်ဖြူတော်မှနေ၍ မိန့်ခွန်းပြောကြားနေသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်။ ဓာတ်ပုံ - AP

အီရန်နိုင်ငံရှိ ဖော်ဒို၊ အစ္စဖာဟန်နှင့် နာတန် မြေအောက် နျူကလီးယားစက်ရုံနေရာများကို အမေရိကန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်ခံရသော နေရာများ၏ အပျက်အစီး ပမာဏကို လတ်တလောတွင် မသိရသေးပေ။

ဗုံးကြဲတိုက်ခိုက်မှု အပြီး သမ္မတထရမ့်က အိမ်ဖြူတော်မှနေ၍ မိန့်ခွန်းပြောကြားရာ၌ "အီရန်ရဲ့ အဓိကကျတဲ့ နျူကလီးယား အဆင့်မြှင့်တင်ရေး လုပ်ငန်းနေရာတွေကို အပြီးတိုင် ချေမှုန်းပစ်လိုက်ပါပြီ။ အရှေ့အလယ်ပိုင်းမှာ ဗိုလ်ကျနေတဲ့ အီရန်ဟာ အခုချက်ချင်း ငြိမ်းချမ်းရေး ဆွေးနွေးရမယ်။ မဟုတ်ရင်တော့ နောက်လာမယ့် တိုက်ခိုက်မှုတွေဟာ ခုထက်ပို ကြီးမားမှာ ဖြစ်သလို ပိုလည်း လွယ်လွယ်ကူကူ တိုက်ခိုက်နိုင်တော့မှာဖြစ်တယ်" ဟု ပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားရေး ဝန်ကြီး အာဘက်အာရာချိက အမေရိကန်၏ တိုက်ခိုက်မှုသည် လက်ခံနိုင်စရာ မရှိသလို ရေရှည်အကျိုးဆက်များလည်း ရှိလာလိမ့်မည်ဟု X လူမှုကွန်ရက်ပေါ်၌ ရေးသားထားသည်။

သမ္မတထရမ့်သည် ယခုတိုက်ခိုက်မှုများကို လွှတ်တော်၏ အတည်ပြုချက် မယူဘဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လတ်တလော အီရန်နှင့် အစ္စရေးတို့အကြား တိုက်ခိုက်မှုများမှာလည်း ကိုးရက်မြောက်သို့ ရောက်လာပြီဖြစ်ရာ အမေရိကန်အနေဖြင့် မဟာမိတ် အစ္စရေးနှင့် အတူ အီရန်အပေါ် တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်သွားမည်လား ဆိုသည်ကို စောင့်ကြည့်ရဦးမည်ဟု အေပီက ဖော်ပြသည်။