- ICC ရှေ့နေ ကယ်ရင်ခန် လိင်မတော်မတရားမှုဖြင့် စစ်ဆေးခံနေရ
- စစ်ကောင်စီ၏ အငြိုးအတေး ပစ်မှတ်အောက်က မြို့ကျောက်တော်
- ဧရာဝတီ၊ ကွင်းကောက်မြို့အနီးက ကပျိုစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်
- ကြောက်မက်ဖွယ် လူသတ်ပွဲကြီး ဆင်နွှဲနေသည့် စစ်ကောင်စီ (Vox Pop)
- ပေါက်တောက ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်နေ
ICC ရှေ့နေ ကယ်ရင်ခန် လိင်မတော်မတရားမှုဖြင့် စစ်ဆေးခံနေရ
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ရှေ့နေဖြစ်သူ ကယ်ရင်ခန်သည် လိင်မတော်မတရားမှုဖြင့် စစ်ဆေးခံနေရပြီး လတ်တလောတွင် ယာယီခွင့်ယူထားကြောင်း ရိုက်တာသတင်းတစ်ရပ်၌ ဖော်ပြထားသည်။
17 May 2025

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ရှေ့နေဖြစ်သူ ကယ်ရင်ခန်သည် လိင်မတော်မတရားမှုဖြင့် စစ်ဆေးခံနေရပြီး လတ်တလောတွင် ယာယီခွင့်ယူထားကြောင်း ရိုက်တာသတင်းတစ်ရပ်၌ ဖော်ပြထားသည်။
ကယ်ရင်ခန်အပေါ် စွပ်စွဲချက်များကို ကုလသမဂ္ဂ၏ ရုံးတွင်းကြီးကြပ်ရေးဌာန (Internal Oversight Services) က စစ်ဆေးနေပြီး စစ်ဆေးမှု အပြီးအထိ ယခုလို ခွင့်ယူလိုက်ခြင်း ဖြစ်သည်။
ခန်၏ ရုံးမှ မေလ ၁၆ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ၌ သူ့ရှေ့နေက ခန်အပေါ် စွပ်စွဲချက်များ အားလုံးကို ငြင်းဆိုထားပြီး ခန်အနေဖြင့် မီဒီယာများက အာရုံစိုက်လာလျှင် သူ့အလုပ် ထိခိုက်လာခြင်း မရှိရအောင် ယခုလို ခွင့်ယူခြင်းသာ ဖြစ်ကာ နုတ်ထွက်ရန် ရည်ရွယ်ချက် မရှိကြောင်း ပြောကြားထားသည်။
စစ်ဆေးနေစဉ်အတွင်း ခန်ကို ရာထူးမှဆင်းပေးရန် NGO များနှင့် ICC ဝန်ထမ်းများကပါ အစောပိုင်းတည်းက တောင်းဆိုနေခဲ့သော်လည်း ခန်ကမူ ငြင်းဆိုခဲ့သည်။
ယခုဖြစ်ရပ်သည် မျှော်လင့်မထားသော အခြေအနေဖြစ်သလို ကယ်ရင်ခန်နေရာတွင် မည်သို့ အစားထိုး ဆောင်ရွက်သွားမည်ကို ရှင်းရှင်းလင်းလင်း မရှိသေးဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။
အခြားတစ်ဘက်တွင်လည်း ICC ရှေ့နေရုံးသည် တစ်ဦးတစ်ယောက်အပေါ် မှီတည်လည်ပတ်နေခြင်း မဟုတ်သည့်အတွက် ခန်ခွင့်ယူခြင်းသည် ICC ၏ စုံစမ်း စစ်ဆေးမှုများကို နှောင့်နှေးစေမည် မဟုတ်ဟု ပြောကြသည်များ ရှိသည်။
လက်ရှိတွင် ICC သည် အစ္စရေး-ဟားမက်စ် ပဋိပက္ခ၊ ရုရှား-ယူကရိန်း စစ်ပွဲတို့နှင့် ဆက်စပ်သည့် စစ်ရာဇဝတ်မှုများကို ကိုင်တွယ်ဆောင်ရွက်လျက်ရှိသည်။
ICC သည် ကယ်ရင်ခန်၏ လျှောက်လဲချက်ဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့အပေါ် ဖမ်းဝရမ်း ထုတ်ထားသည်။ ထို့အပြင် မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန်လည်း ICC ရှေ့နေက လျှောက်လဲချက်ပေးထားသည်။
အစ္စရေးအရာရှိများကို ဖမ်းဝရမ်း ထုတ်သည့်အတွက် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ရင်ဆိုင်နေရသော ICC အတွက် ယခု ကယ်ရင်ခန်ဖြစ်စဉ်သည် ပို၍ မသေချာမှုများ ဖြစ်လာစေလျက်ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။