ဖိလစ်ပိုင်သူပုန်ခေါင်းဆောင် ဇနီးမောင်နှံ စစ်တပ်လက်ချက်ဖြင့် သေဆုံး

ဖိလစ်ပိုင်ကွန်မြူနစ်ပါတီ (CPP) ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်၌ ခေါင်းဆောင် ဘင်နစ်တိုတီအန်ဇွန်နှင့် နောက်ထပ် ၈ ဦးတို့သည် သြဂုတ်လအတွင်း ဖိလစ်ပိုင်စစ်တပ်၏ နှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသည်ဟု ဖော်ပြထားသည်။

By Admin 21 Apr 2023

ဖိလစ်ပိုင်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တပ် NPA တပ်ဖွဲ့ဝင်များအား ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - AFP
ဖိလစ်ပိုင်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တပ် NPA တပ်ဖွဲ့ဝင်များအား ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - AFP

ကမ္ဘာ့အရှည်ကြာဆုံး မော်ဝါဒီ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များအနက် တစ်ခုဖြစ်သည့် ဖိလစ်ပိုင်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ဇနီးမောင်နှံသည် ပြီးခဲ့သောလပေါင်းများစွာတည်းက အသတ်ခံရပြီး သေဆုံးသွားပြီဖြစ်ကြောင်း ကွန်မြူနစ်သူပုန်အဖွဲ့နှင့် ဖိလစ်ပိုင်လုံခြုံရေး အရာရှိများက ဧပြီလ ၂၀ ရက်နေ့တွင် ပြောကြားလိုက်သည်။

ဖိလစ်ပိုင်ကွန်မြူနစ်ပါတီ (CPP) ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်၌ ခေါင်းဆောင် ဘင်နစ်တိုတီအန်ဇွန်နှင့် နောက်ထပ် ၈ ဦးတို့သည် သြဂုတ်လအတွင်း ဖိလစ်ပိုင်စစ်တပ်၏ နှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသည်ဟု ဖော်ပြထားသည်။

ဘင်နစ်တိုတီအန်ဇွန်နှင့် ၎င်း၏ဇနီး ဝီလမာတီအန်ဇွန်တို့သည် အဖမ်းခံထားရရာမှ နော်ဝေတွင်ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အာမခံဖြင့် ပြန်လွတ်လာခဲ့ပြီး နောက်တစ်နှစ်အကြာ ၂၀၁၇ ခုနှစ်တွင် ထွက်ပြေးလွတ်မြောက်သွားသည်။

ဖိလစ်ပိုင်စစ်တပ်၏ ခြေလျင်တပ်ရင်းအမှတ် (၈) တပ်ရင်းမှူး ဂျက်ဖာဆင်မာရီယာနိုက သူပုန် ၁၀ ဦးသည် စမားခရိုင် ကတ္တဘာလိုဂန်မြို့ ကမ်းလွန်ပင်လယ်ပြင်၌ အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးသွားသည်ဟု ပြောကြားသည်။

“သူတို့စက်လှေကို ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးဖို့ လုပ်တဲ့အချိန်မှာ သူတို့က ပြန်ပစ်တယ်။ အဲဒီနောက်မှာတော့ ဘာကြောင့်လဲမသိဘဲ စက်လှေက ရုတ်တရက် ပေါက်ကွဲသွားတာပဲ” ဟု မာရီယာနိုက အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။

သေဆုံးသွားသူများကို မည်သူမည်ဝါဖြစ်ကြောင်း စိစစ်၍ မရနိုင်ခဲ့သော်လည်း “ပစ်မှတ်အကြီးစားများ” ဖြစ်သည်ဟု ဖော်ညွှန်းပြောကြားခဲ့သည်။

CPP ဘက်ကမူ အဆိုပါအုပ်စုသည် ဆမားရှိ အဝေးပြေးလမ်းတစ်နေရာ၌ လက်နက်မပါဘဲ သွားလာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဟု ဆိုသည်။

“ဗဟိုကော်မတီမှ စုံစမ်းသိရှိရသည့် သတင်းများအရ တီအန်ဇွန်သည် ဖမ်းဆီးသူများထံတွင် အပြင်းအထန် နှိပ်စက်ခံခဲ့ရကြောင်း သိထားသည်” ဟု CPP ကဖော်ပြသည်။

တီအန်ဇွန်တို့အုပ်စု သေဆုံးသွားကြပြီဟု ဖိလစ်ပိုင်အာဏာပိုင်များ သံသယရှိနေသည်မှာ ကြာပြီဖြစ်ကြောင်း ဖိလစ်ပိုင်အမျိုးသားလုံခြုံရေး အကြံပေး အဒ်ဒူရာဒိုအာနိုက ပြောသည်။

“နောက်ဆုံးမှာတော့ မိမိတို့ လပေါင်းများစွာ သံသယဖြစ်နေခဲ့သည့်အချက်အား အကြမ်းဖက်သမားများ ဝန်ခံလာရပြီ” ဟု အစိုးရ၏ ကြေညာချက်၌ သူက ပြောကြားသည်။

CPP ၏ လက်နက်ကိုင်တပ် ပြည်သူ့တပ်မတော်သစ် (NPA) သည် ဖိလစ်ပိုင်တွင် အင်အားကြီးမားသည့် လက်နက်ကိုင်တပ်ဖွဲ့များအနက် တစ်ဖွဲ့ဖြစ်သည်။ ၁၉၈၀ အလွန်နှစ်များတွင် တပ်ဖွဲ့ဝင်အင်အား ၂၆၀၀၀၀ အထိရှိခဲ့ရာမှ နောက်ပိုင်းတွင် ၂၀၀၀ ဝန်းကျင်ခန့်အထိ အင်အားကျဆင်းသွားခဲ့သည်။

ဗီဒီယိုများ