- ရာထူးက နုတ်ထွက်နိုင်သည်ဟု သတင်းများထွက်ပေါ်လာမှုကို ဂျပန်ဝန်ကြီးချုပ် အီရှီဘား ငြင်းဆို
- မြောက်ဦးက အခြေခံလက်လုပ်လက်စားများ မိုင်းအန္တရာယ်ကြား အသက်ကိုရင်း၍ ဝမ်းစာရှာဖွေနေကြ
- ရခိုင် ရေဘေးသင့်ပြည်သူ ၁၂,၀၀၀ ကျော် အကူအညီများ လိုအပ်နေ
- "ဒုက္ခသည် ပြန်လည်နေရာချထားရေးအတွက် အားလုံးမှာ တာဝန်ရှိပါတယ်"
- လေကြောင်းအန္တရာယ်ကို ရှောင်တိမ်းဖို့ကြိုးစားနေတဲ့ မြေအောက်စာသင်ကျောင်း
"ဒုက္ခသည် ပြန်လည်နေရာချထားရေးအတွက် အားလုံးမှာ တာဝန်ရှိပါတယ်"
တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်နေကြတဲ့ မွတ်ဆလင်ဒုက္ခသည် အများအပြားဟာ ရခိုင်ပြည်က သူတို့ရဲ့ နေအိမ်တွေဆီ ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ ဒီဒေသမှာ မွတ်ဆလင် လက်နက်ကိုင်အုပ်စုတွေ ပေါ်လာတာက ဒုက္ခသည်နေရပ်ပြန်ရေး အလားလာတွေကို ပိုမိုရှုပ်ထွေးစေလျက် ရှိပါတယ်။
23 Jul 2025

DMG ၊ အင်တာဗျူး
ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တကြောလုံးကို အာရက္ခတပ်တော်က ထိန်းချုပ်လိုက်တဲ့နောက်ပိုင်း ဒီဒေသမှာ တင်းမာမှုတွေ အရှိန်မြင့်တက်လာခဲ့ပါတယ်။ မွတ်ဆလင်လက်နက်ကိုင် အုပ်စုတွေဟာ အာရက္ခတပ်တော်ကို ရင်ဆိုင်တိုက်ခိုက်နိုင်ရေးအတွက် ကြိုးပမ်းနေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို ဒီအုပ်စုတွေက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ လူငယ်တွေကို လူသစ်စုဆောင်းနေတဲ့ သက်သေ အထောက်အထားတွေလည်း ရှိနေပါတယ်။
တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်နေကြတဲ့ မွတ်ဆလင်ဒုက္ခသည် အများအပြားဟာ ရခိုင်ပြည်က သူတို့ရဲ့ နေအိမ်တွေဆီ ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ ဒီဒေသမှာ မွတ်ဆလင် လက်နက်ကိုင်အုပ်စုတွေ ပေါ်လာတာက ဒုက္ခသည်နေရပ်ပြန်ရေး အလားလာတွေကို ပိုမိုရှုပ်ထွေးစေလျက် ရှိပါတယ်။
ဒီအုပ်စုတွေကြောင့် ဖြစ်ပေါ်လာတဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကလည်း ဒုက္ခသည် နေရပ်ပြန်ရေးအစီအစဉ်တွေ ရှေ့ဆက် အကောင်အထည်ဖော်ရေးကို ပိုမိုခက်ခဲသွားစေပါတယ်။
ဒီပဋိပက္ခက ဘင်္ဂလားဒေ့ရှ်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အရေးပါတဲ့မေးခွန်းတွေ ပေါ်ထွက်လာစေပါတယ်။ ဒီအခြေအနေကို ဘင်္ဂလားဒေ့ရှ်က ဘယ်လိုတုံ့ပြန်နေသလဲ ဒါမှမဟုတ် ဘယ်လို ပါဝင်ပတ်သက်နေသလဲ။ ဒေသတွင်းတည်ငြိမ်ရေးအတွက် အနာဂတ်အလားအလာနဲ့ ဒုက္ခသည်အကျပ်အတည်းရဲ့ အနာဂတ် အလားအလာတွေက ဘယ်လိုရှိမလဲ စတာတွေဖြစ်ပါတယ်။
ဒါတွေကို အသေးစိတ်သိရှိနိုင်ဖို့ International Crisis Group ရဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်ရေးရာ လေ့လာသူတစ်ဦးဖြစ်သူ သောမက်စ်ကင်းန်နဲ့ DMG က သီးသန့်မေးမြန်းဆွေးနွေးထားပါတယ်။
DMG - ဇွန်လ ၁၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတဲ့ ICG အစီရင်ခံစာမှာ ရိုဟင်ဂျာမွတ်ဆလင် လက်နက်ကိုင် အုပ်စုတွေဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ လူသစ်စုဆောင်းနေကြတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီအုပ်စုတွေ ဘယ်လိုနည်းလမ်းတွေနဲ့ လူသစ်စုနေကြတာလဲ။ နောက်ပြီး ဒုက္ခသည်စခန်းထဲမှာ လက်ရှိအခြေအနေက ဘယ်လိုရှိပါသလဲ။
Thomas Kane - ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတည်းက ဒီစခန်းတွေထဲက လက်နက်ကိုင်အုပ်စုတွေဟာ အချင်းချင်း ပြန်မတိုက်ဖို့ သဘောတူညီချက် ယူခဲ့ကြပါတယ်။ ရှေ့ပိုင်းမှာတော့ သူတို့ဟာ စခန်းတွင်း သြဇာလွှမ်းမိုးရေးအတွက် အချင်းချင်း ပြန်တိုက်နေခဲ့ကြတာပါ။ နိုဝင်ဘာသဘောတူညီချက် နောက်ပိုင်းမှာတော့ သူတို့ဟာ အစည်းအဝေးတွေ လုပ်လာကြပါတယ်။ ဒါတွေကို လူသစ်စုဆောင်းတဲ့ပွဲ၊ ဒါမှမဟုတ် စည်းရုံးရေးပွဲလို့ ပြောရင်လည်း ရပါတယ်။
ဒီပွဲတွေမှာ ကိုယ့်မိခင်မြေအတွက် ရခိုင်ကို ပြန်သွားပြီး အာရက္ခတပ်တော်ကို တိုက်ပွဲဝင်ဖို့ အချိန်ကျပြီလို့ ပြောဆို စည်းရုံးကြတာ ဖြစ်ပါတယ်။ ဒါမျိုးတွေ ဖြစ်ပျက်နေတာ အခုဆိုရင် ခြောက်လကျော်လောက် ရှိနေပါပြီ။ သတင်းစကားပိုင်းမှာ အတိုင်းအတာ တစ်ခုအထိ အပြောင်းအလဲတွေ ရှိလာတယ်။ လူအမျိုးမျိုး ပါဝင်ပတ်သက်နေတာ၊ ပါဝင်ပတ်သက်လာကြတာလည်း ရှိနေပါတယ်။ ဒါတွေဟာ ပြီးခဲ့တဲ့ ခြောက်လကျော်အတွင်း စခန်းတွေထဲမှာ အဓိက ဖြစ်ပျက်နေတာတွေ ဖြစ်ပါတယ်။
DMG - ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်တလျှောက်မှာ အာရက္ခတပ်တော်ဟာ မကြာခဏဆိုသလို ရိုဟင်ဂျာမွတ်ဆလင် လက်နက်ကိုင်အုပ်စုတွေရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်နေရပါတယ်။ နယ်စပ်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာရက္ခတပ်တော်ဟာ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံရနိုင်ပါသလဲ။ ဒီတိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာ အသိုင်းအဝိုင်းနဲ့ အာရက္ခတပ်တော်တို့ အကြား ရှေ့အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်ပါသလဲ။
Thomas Kane - ရိုဟင်ဂျာလက်နက်ကိုင် အုပ်စုတွေဟာ လတ်တလောမှာ အာရက္ခတပ်တော်ကို ရင်ဆိုင်ရလောက်အောင် အင်အားမကြီးသေးဘူးလို့ ပြောရပါလိမ့်မယ်။ တိုက်ခိုက်မှုတချို့ ရှိတယ်ဆိုပေမယ့်လည်း တိုက်ပွဲအရှိန်နဲ့ တိုက်ခိုက်တဲ့ အကြိမ်ရေက သိပ်မများပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ သတိပေးနေတာက ဒီလက်နက်ကိုင် တိုက်ခိုက်မှုတွေဟာ အနာဂတ်မှာ ပိုမိုအရှိန်မြင့်လာဖွယ် ရှိတယ်ဆိုတဲ့အချက် ဖြစ်မယ်ထင်ပါတယ်။ နောက်ပြီး ဘင်္ဂလားဒေ့ရှ်၊ အာရက္ခတပ်တော်အပြင် အထူးသဖြင့် ရခိုင်ပြည်မှာ ရှိနေဆဲဖြစ်တဲ့ ရိုဟင်ဂျာအရပ်သားတွေအတွက် နောက်ဆက်တွဲ သက်ရောက်မှုတွေ ဘယ်လိုရှိလာနိုင်တယ်ဆိုတာ ဖြစ်ပါတယ်။ ဒါဟာ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးရှိလာနိုင်တဲ့ အခြေအနေလို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒါကို ရှောင်ကြဉ်ဖို့အတွက် ဘက်ပေါင်းစုံက ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။
DMG - နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ရေးမှာ အာရက္ခတပ်တော်အတွက် စိန်ခေါ်ချက်က ဘာဖြစ်မလဲ။
Thomas Kane - ဒီနယ်စပ်ဟာ နယ်မြေအရမ်းကြမ်းတမ်းတဲ့နေရာ၊ ကုန်းမြေဧရိယာဖြစ်ပါတယ်။ ဝေးလံခေါင်သီပြီး တောင်ထူထပ်တယ်။ ဒီလိုနယ်စပ် တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ဆိုတာ ဘယ်အဖွဲ့အစည်းမျိုးအတွက်မဆို တော်တော်လေး ခက်မယ်ထင်ပါတယ်။ ဒါကို အာရက္ခတပ်တော်လည်း ကောင်းကောင်း သိမှာပါ။ ဘာလို့လဲဆိုတော့ အာရက္ခတပ်တော်လည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဒီနယ်မြေမှာ လှုပ်ရှားခဲ့ပြီး မြန်မာစစ်တပ်က သူတို့ကို မောင်းထုတ်ရှင်းလင်းနိုင်ခြင်း မရှိခဲ့တဲ့အတွက် ဖြစ်ပါတယ်။
နယ်စပ်ဒေသမှာ လက်နက်ကိုင် ပုန်ကန်မှုတွေရှိလာရင် ပိုကြီးတဲ့အဖွဲ့အစည်းအတွက် တော်တော်လေး အခက်အခဲရှိပါတယ်။ လက်ရှိ ရခိုင်ကိစ္စမှာဆိုရင်တော့ အာရက္ခတပ်တော်ပေါ့လေ။ ဒါပေမဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အုပ်စုတွေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို တုံ့ပြန်ဖို့လိုသလိုပဲ အရပ်သားတွေအပေါ် အခွင့်အရေးချိုးဖောက်တာ၊ အရပ်သားတွေကို တလွဲဆက်ဆံတာမျိုးတွေ မရှိအောင် အာမခံပေးနိုင်ဖို့လည်း ထပ်တူထပ်မျှ လိုအပ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် သတင်းတချို့မှာဆိုရင် နယ်စပ်ဖြတ်ကျော်လာတဲ့ လူတချို့က အာရက္ခတပ်တော်ဟာ ရိုဟင်ဂျာ အရပ်သားတွေအပေါ်မှာ အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်လို့ စွပ်စွဲကြတာတွေရှိပါတယ်။ ဒါဟာ အာရက္ခတပ်တော်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်သလို ဒီကိစ္စကို တော်တော်သတိထားဖို့ လိုအပ်တယ်လို့လည်း ယူဆရပါတယ်။ ဘာလို့လဲဆိုတော့ ဒီလူတွေအပေါ်မှာ အာရက္ခတပ်တော်က အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုရင် သူတို့ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ရောက်သွားတဲ့အချိန်မှာ စခန်းထဲက ရိုဟင်ဂျာအသိုင်းအဝိုင်းကြားမှာ အာရက္ခတပ်တော်အပေါ် မကောင်းတဲ့အမြင်တွေ ဖြစ်လာနိုင်လို့ပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ဆိုရင်လည်း အစိုးရထဲမှာ၊ လုံခြုံရေးအဖွဲ့အစည်းတွေထဲမှာ ဒီအတိုင်း မြင်သွားနိုင်ပါတယ်။ ဒါဆိုရင် အပြုသဘောဆောင်တဲ့ ဆက်ဆံရေး ထားရှိဖို့လည်း အများကြီး ခက်ခဲသွားနိုင်ပါတယ်။
DMG - ဒုက္ခသည်စခန်းတွေထဲမှာ စစ်သားသစ် စုဆောင်းတာဟာ ရိုဟင်ဂျာ နေရပ်ပြန်ရေး မျှော်လင့်ချက်အပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်ပါသလဲ။
Thomas Kane - ဒီအပေါ်မှာ အမြင်အမျိုးမျိုး ရှိနိုင်ပါတယ်။ ရိုဟင်ဂျာ လက်နက်ကိုင်အုပ်စုတွေဟာ ကိုယ်ပိုင်လွတ်မြောက်နယ်မြေ ရရှိဖို့နဲ့ နေရပ်ပြန်ဖို့အတွက် နည်းလမ်းတစ်ရပ် ဖြစ်တယ်လို့ ယူဆတဲ့ ဒုက္ခသည် အနည်းစု ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင် အရကတော့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် အများစုဟာ ရိုဟင်ဂျာ လက်နက်ကိုင် အုပ်စုတွေ အောင်မြင်လိမ့်မယ်လို့ မထင်ကြပါဘူး။ သူတို့ကို ယုံလည်း မယုံကြပါဘူး။ ဒီအုပ်စုတွေကို မကြိုက်ကြဘူး။ ဒီလက်နက်ကိုင် အုပ်စုတွေဟာ စခန်းတွေက လူတွေကို အချင်းချင်းပြန်ပြီး အနိုင်ကျင့်နေကြတာ ဖြစ်ပါတယ်။
ဒီတော့ ရိုဟင်ဂျာ လက်နက်ကိုင်အုပ်စုတွေကို ဒီစခန်းတွေထဲမှာ ထောက်ခံမှုက အသင့်အတင့် နည်းပါးသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ သူတို့တွေ စခန်းထဲမှာနဲ့ နယ်စပ်ဒေသမှာ လှုပ်ရှားမှု ပိုရှိလာလေ၊ ဒုက္ခသည်နေရပ်ပြန်ရေးကို အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်ဖို့ ပိုခက်လာလေလေ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က သူတို့အသိုင်းအဝိုင်းကြားမှာ အာရက္ခတပ်တော်နဲ့ ပတ်သက်ပြီး မကောင်းတဲ့အမြင် ဖန်တီးတာ၊ ပေါ့ပျက်ပျက် ဖြစ်အောင် လုပ်တာမျိုးတွေ ရှိနေလို့ပါ။
အခုဆို အာရက္ခတပ်တော်ကလည်း ရခိုင်မြောက်ပိုင်းကို ထိန်းချုပ်ထားပြီ။ ဒီတော့ ဒုက္ခသည် နေရပ်ပြန်ရေး အကောင်အထည် ပေါ်ဖို့အတွက်က ဒုက္ခသည်တွေနဲ့ အာရက္ခတပ်တော်အကြားမှာ ယုံကြည်မှု ရှိနေမှ ဖြစ်မှာပါ။ ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုတွေ လှုပ်ရှားနေကြသရွေ့တော့ ဒီယုံကြည်မှုရဖို့ဆိုတာ တော်တော်ခက်ခဲပါလိမ့်မယ်။ ရခိုင်မြောက်ပိုင်းမှာ သူတို့ရဲ့ တိုက်ခိုက်မှုတွေ ပိုလုပ်လာလို့ကတော့ ဒုက္ခသည်နေရပ်ပြန်ရေးဟာ သေချာပေါက် အများကြီးခက်ခဲသွားမယ်လို့ ထင်ပါတယ်။
DMG - ဘင်္ဂလားဒေ့ရှ် လုံခြုံရေး အေဂျင်စီတွေဟာ ရိုဟင်ဂျာ လက်နက်ကိုင်တွေ လူသစ်စုဆောင်းတာကို ထောက်ခံအားပေးတယ်လို့ ICG အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအေဂျင်စီတွေက ဘယ်လိုနည်းနဲ့ ထောက်ခံအားပေးနေတာပါလဲ။ ဘာကြောင့်ပါလဲ။
Thomas Kane - အစီရင်ခံစာမှာ သုံးနှုန်းထားတာက ဒီထက်ပိုပြီး တော်တော်လေး သိမ်မွေ့တယ်ထင်ပါတယ်။ အာရက္ခတပ်တော်ကတော့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေး အေဂျင်စီတွေဟာ ဒီလက်နက်ကိုင်အုပ်စုတွေကို ထောက်ခံအားပေးနေတယ်လို့ မြင်တာပေါ့လေ။ ဒါပေမဲ့ ကျွန်တော့်အမြင်ကတော့ လုံခြုံရေးအေဂျင်စီတွေဟာ လက်နက်ကိုင်အုပ်စုတွေ လူသစ်စုဆောင်းနေကြတာကို မတားဆီးကြဘူး၊ အနည်းဆုံးအားဖြင့်တော့ ဒီစခန်းတွေထဲမှာ မတားဆီးကြဘူးလို့ ပြောချင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြောခဲ့သလိုပါပဲ။ ဒါဟာ အနာဂတ်မှာ အာရက္ခတပ်တော်နဲ့ ဆက်ဆံရေး ပိုတိုးတက်စေဖို့၊ ဒုက္ခသည်တွေ ငြိမ်းချမ်းစွာ နေရပ်ပြန်နိုင်မယ့် အခွင့်အလမ်း တစုံတရာ ရလာဖို့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်က ဖြေရှင်းရမယ့် ကိစ္စတစ်ရပ် ဖြစ်ပါတယ်။
ရိုဟင်ဂျာ လက်နက်ကိုင် အုပ်စုတွေကို လုံခြုံရေးအေဂျင်စီတွေက တကယ်ပဲ ထောက်ခံအားပေးနေကြသလား ဆိုတာကတော့ ပြောဖို့ ခက်ပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အုပ်စုတွေ စခန်းတွေထဲမှာ လှုပ်ရှားလည်ပတ်လို့ ရနေတယ် ဆိုတာကတော့ အသေအချာပါပဲ။ ဒါဟာ အဖြေရှာရမယ့် ကိစ္စရပ်လို့ ကျွန်တော်ယူဆပါတယ်။
DMG - ICG ရဲ့ လေ့လာချက်အရ လက်ရှိအထိ ရိုဟင်ဂျာ လက်နက်ကိုင်အုပ်စုတွေ တပ်သားအရေအတွက် ဘယ်လောက်အထိ စုဆောင်းထားနိုင်ပြီလဲ။ သူတို့ကကော အာရက္ခတပ်တော်ကို တိုက်ခိုက်နိုင်တဲ့အထိ အင်အားတောင့်တင်းနေပြီလား။
Thomas Kane - လူအရေအတွက် ဘယ်လောက်အထိ စည်းရုံးစုဆောင်းထားနိုင်ပြီလဲ ဆိုတဲ့အပေါ်မှာ ခန့်မှန်းချက်တွေ အမျိုးမျိုးရှိကြပါတယ်။ ဒါပေမဲ့ ဒီလက်နက်ကိုင် အုပ်စုတွေနဲ့ ပူးပေါင်းပါဝင် တိုက်ခိုက်လိုသူနဲ့ အမှန်တကယ် သင်တန်းပေးထားသူကို ခွဲစဉ်းစားဖို့ လိုမယ်ထင်ပါတယ်။ အတည်တကျ သင်တန်းတစ်ခုခု တက်ထားတဲ့ အရေအတွက်က တော်တော်လေး နည်းပုံပေါ်ပါတယ်။ ခုချိန်ထိကတော့ ဒီလက်နက်ကိုင် အုပ်စုတွေဟာ တကယ်တမ်း ထူးထူးခြားခြား အားကောင်းတာမျိုး မရှိသေးပါဘူး။ ရခိုင်ပြည် နေရာအများစုမှာ မြန်မာစစ်တပ်ကို အနိုင်တိုက်ထားတဲ့ အာရက္ခတပ်တော်အတွက် ဆိုရင်လည်း ပြိုင်ဘက်မဟုတ်တာ အသေအချာပါပဲ။
ဒီတော့ ရိုဟင်ဂျာလက်နက်ကိုင် အုပ်စုတွေဟာ အင်အားမကောင်းသေးပါဘူး။ ဒါကိုလည်း ကျွန်တော်တို့ အစီရင်ခံစာထဲမှာ အလေးပေး ဖော်ပြထားပါတယ်။ ပိုသတိပြုရမှာက ဒီကိစ္စရပ်တွေရဲ့ ဦးတည်ရာလမ်းကြောင်း ဖြစ်ပါတယ်။ အထူးသတိပြုစရာ တစ်ချက်က ဒုက္ခသည်တွေထဲမှာ ဒီရိုဟင်ဂျာ လက်နက်ကိုင် အုပ်စုတွေကို သဘောမကျကြပေမယ့် ရခိုင်ကိုပြန်ဖို့ နည်းလမ်းနောက်တစ်မျိုး လိုအပ်တယ်လို့ စတင်စဉ်းစားလာကြသူတွေ ပိုပိုများလာတယ် ဆိုတာပဲဖြစ်ပါတယ်။ ဒါကို လုပ်ဆောင်ဖို့အတွက်က လက်နက်ကိုင် လှုပ်ရှားတဲ့ လမ်းစဉ်ဟာလည်း နည်းလမ်းတစ်ရပ် ဖြစ်နေနိုင်ပါတယ်။
ကျွန်တော်ပြောခဲ့သလိုပါပဲ။ သူတို့ဟာ ဒီအုပ်စုတွေကို မကြိုက်ဘူး၊ ဒါကြောင့် မဖြစ်မနေ ပူးပေါင်းပါဝင်တာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ လက်နက်ကိုင် လှုပ်ရှားမှုဟာ အဖြေတစ်ရပ် ဖြစ်နိုင်တယ်ဆိုတဲ့ သဘောထားဟာ ဒုက္ခသည်စခန်းတွေထဲမှာ ပိုပိုပြီး ပေါ်ပြူလာဖြစ်စ ပြုနေပါပြီ။ ဘာလို့လဲဆိုတော့ သူတို့ဟာ အဲဒီမှာ နေတာ ရှစ်နှစ်ကြာခဲ့ပြီဖြစ်ပေမယ့် နေရပ်ပြန်ရေးနဲ့ ပတ်သက်လို့ တိုးတက်မှု တစ်စုံတစ်ရာ မမြင်ကြရလို့ပါပဲ။ သူတို့ရဲ့ ဘဝတွေဟာ ပိုခက်ခဲလာပါတယ်။ တချိန်တည်းမှာပဲ ပြီးခဲ့တဲ့နှစ်က ရိုဟင်ဂျာ လက်နက်ကိုင်အုပ်စုတွေနဲ့ အာရက္ခတပ်တော်အကြားမှာ ပဋိပက္ခတစ်ရပ် ရှိခဲ့တဲ့အတွက် စခန်းတွေထဲမှာ အာရက္ခတပ်တော်ဆန့်ကျင်ရေး သဘောထားတွေ တော်တော်ကြီး အရှိန်မြင့်သွားပါတယ်။
ဆိုတော့ ဒီဖြစ်ရပ်တွေနဲ့အတူ နိုင်ငံတကာအကူအညီ ဖြတ်တောက်ခံရမှုတွေ ပေါင်းကျလာခြင်းကလည်း လက်နက်ကိုင်လှုပ်ရှားမှုကို အဖြေတစ်ရပ်အဖြစ် ရွေးချယ်ဖို့ အားပေးနေပါတယ်။ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံရဲ့ တခြားအနေအထားကိုလည်း ကြည့်နေကြတယ် ထင်ပါတယ်။ မြန်မာမှာက လူနည်းစုတိုင်းရင်းသား အားလုံးနီးပါးမှာ သူတို့ကို ကိုယ်စားပြုမယ့် လက်နက်ကိုင်တပ် ရှိသလို ကိုယ်ပိုင်အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြတယ်။
ဒီတော့ နိုင်ငံအခြေအနေကို ကြည့်ပြီး တချို့က ငါတို့မှာလည်း ဒီလိုမျိုး လိုအပ်တယ် ဆိုတာမျိုး စဉ်းစားကြတာ ရှိပါတယ်။ ဒါဟာ ငါတို့အတွက် တစ်ခုတည်းသောအဖြေပဲ ဆိုတာမျိုးပေါ့။ ဒါပေမဲ့ ပြောစရာရှိတာက တိုင်းရင်းသားလူနည်းစု အများအပြားမှာ လက်နက်ကိုင်တပ်တွေ ရှိကြတယ် ဆိုပေမယ့် သူတို့ဟာ မြန်မာစစ်တပ်ကို အဓိက တိုက်နေကြတာပါ။ ရိုဟင်ဂျာ လက်နက်ကိုင် အုပ်စုတွေကျတော့ မြန်မာစစ်တပ်ကို မဟုတ်ဘဲ အာရက္ခတပ်တော်ကို တိုက်ခိုက်နေကြတာ။ ဒီတော့ သူတို့အနေနဲ့ အာရက္ခတပ်တော်ကို တိုက်နေမယ် ဆိုရင် တခြား PDF ၊ EAO နဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေဆီက ဘာအကူအညီမှ ရမှာမဟုတ်ဘူး။
DMG - ဒီးလ်မိုဟာမက်ဟာ ရိုဟင်ဂျာ လက်နက်ကိုင် အုပ်စုကို ဦးဆောင်နေတယ်လို့ ကျွန်တော်တို့ ကြားသိထားပါတယ်။ ဒီအုပ်စုက ဘာလို့ သူ့ခေါင်းဆောင်မှုအောက်မှာ စုစည်းနေတာလဲ။ သူ့ရဲ့ နိုင်ငံရေး ရည်မှန်းချက်က ဘာလဲ။
Thomas Kane - ဖြစ်ပုံက နည်းနည်း ပိုရှုပ်ထွေးတယ် ထင်ပါတယ်။ ဥပမာပြောရရင် ARSA ဟာ စခန်းတွေထဲမှာ စည်းရုံးရေး လုပ်ငန်းကို ဒီးလ်မိုဟာမက်နဲ့ အတူတူ လုပ်နေတာ မဟုတ်သလို တခြားအဖွဲ့တွေနဲ့လည်း အတူတူလုပ်နေတာ မဟုတ်ဘူး။ သူ့လမ်းစဉ်နဲ့သူ လုပ်နေတာ။ အထူးသဖြင့် ARSA ခေါင်းဆောင်း အဖမ်းခံရပြီးနောက်မှာပေါ့။ ဒီးလ်မိုဟာမက်ဟာ လက်နက်ကိုင် အုပ်စုတွေရဲ့ တာဝန်ခံအဖြစ် အတိအလင်း ရှိနေတာလား ဆိုတာလည်း သေချာပေါက် ပြောနိုင်တာမျိုးတော့ မဟုတ်ပါဘူး။
သူက သူ့ကိုယ်သူ စခန်းတွေထဲမှာ အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တစ်ယောက်အဖြစ် သူ့အဖွဲ့ဖြစ်တဲ့ RCPR ကနေ သတ်မှတ်ထားတယ်။ ပြီးတော့ ဒီစခန်းတွေထဲမှာ အင်အားကြီးတဲ့ ပုံရိပ်တစ်ခုအဖြစ် သူ့ဟာသူ ဖန်တီးဖို့ ကြိုးစားနေတယ်။ သူ့အဖွဲ့က လုပ်ခဲ့တဲ့ တွေ့ဆုံစည်းဝေးမှု တစ်ချို့ဟာ လူသစ်စုဆောင်းတဲ့ပွဲ၊ စည်းရုံးရေးပွဲအသွင် ဆောင်နေတာတော့ အသေအချာပါပဲ။ ဒီနှစ်ခုကြားမှာ အပြန်အလှန် ဆက်နွယ်မှုတွေတော့ သေချာပေါက် ရှိပုံပေါ်ပါတယ်။ ဒါပေမဲ့ ဒီးလ်မိုဟာမက်ဟာ ဒီလက်နက်ကိုင် အဖွဲ့တွေကို ထိန်းချုပ်ထားတယ်လို့ သတ်သတ်မှတ်မှတ် ပြောဖို့ကတော့ မလွယ်ပါဘူး။
DMG - ကုန်သွယ်ရေးဘက်ကို ပြောရအောင်ပါ။ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ရေးဟာ ရခိုင်အတွက် အရေးပါနေပါတယ်။ ရခိုင်နဲ့ ကုန်သွယ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ရဲ့ လက်ရှိမူဝါဒက ဘာပါလဲ။ အာရက္ခတပ်တော်က လက်ရှိမှာ အုပ်ချုပ်နေတာ ဆိုတော့ ဒါကြောင့်ပဲ တရားဝင် ကုန်သွယ်ရေးကို ရပ်ဆိုင်းထားတာလား။ ဘယ်လိုယူဆပါသလဲ။
Thomas Kane - အလွတ်သဘော ကုန်သွယ်ရေးတစ်ရပ်ကတော့ ရှိနေပါတယ်။ ဒါပေမဲ့ ဒီကုန်သွယ်မှုဟာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေအပေါ် ကြီးကြီးမားမား မူတည်နေတာပါ။ ဒီနှစ်အစောပိုင်းမှာဆိုရင် မောင်တောနားက ကညင်ချောင်း စီးပွားရေးဇုန်က တစ်ဆင့် ကုန်သွယ်မှု တော်တော်လေး ရှိခဲ့တာ မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ တခါတခါ ဘင်္ဂလားဒေ့ရှ်ဘက်က တက္ကနာဆိပ်ကမ်းကို ပိတ်ပြီး ကုန်သွယ်ရေး ရပ်လိုက်တာမျိုးလည်း ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ ကုန်သွယ်ရေးကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေဟန်ရှိပါတယ်။
ဘာကြောင့် ဒီလိုလုပ်မှန်း ရှင်းရှင်းလင်းလင်း မရှိပေမဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခတပ်တော်အကြား ဆက်ဆံရေးအပေါ် မူတည်ပြီး ဒီလိုဖြစ်နေတယ်လို့ ယူဆရပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခတပ်တော်အကြားမှာ ဆက်ဆံရေး ကောင်းနေရင် ကုန်သွယ်ရေး လမ်းကြောင်း ပွင့်တယ်လို့ ပြောရင် ရမယ်ထင်ပါတယ်။ ဒီဆက်ဆံရေးက မကောင်းဘူး ဆိုရင်တော့ ကုန်သွယ်ရေး ပိတ်သွားနိုင်ပါတယ်။ ကုန်သွယ်ရေး ပိတ်နေရင် ရခိုင်မြောက်ပိုင်းအတွက် အခက်အခဲ ကြီးကြီးမားမား ရှိနိုင်ပါတယ်။ ကုန်ပစ္စည်းတွေ စျေးတက်မယ်။ ပစ္စည်းတချို့ ပြတ်သွားတာရှိမယ်။ တချို့ကျတော့လည်း ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်အကြားမှာ အရဲစွန့်ပြီး မှောင်ခိုကုန်ကူးတာတွေ ရှိလာနိုင်တယ်။ ဒါဟာ မောင်တော ဒါမှမဟုတ် ရခိုင်မြောက်ပိုင်းက အရပ်သားတွေအတွက် ကောင်းတယ်လို့ ကျွန်တော်မထင်ပါဘူး။ အာရက္ခတပ်တော်အပြင် အဲဒီမှာရှိတဲ့ ရခိုင်နဲ့ တခြားသောလူနည်းစု တွေအတွက်လည်း မကောင်းတာ အသေအချာပါပဲ။
ဘင်္ဂလားဒေ့ရှ်ကို ကျွန်တော်တို့ အကြံပြုချင်တာက မောင်တော၊ ဘူးသီးတောင်အပါအဝင် ဒီဒေသတွေမှာ တည်ငြိမ်ရေး၊ အဲဒီမှာရှိကြတဲ့ အရပ်သားတွေရဲ့ လူမှုဘဝအဆင်ပြေဖို့ ကုန်စည်စျေးနှုန်းတွေ ကျဆင်းရေးတို့အတွက် ကုန်သွယ်ရေးကို ခွင့်ပြုတာဟာ ဘင်္ဂလားဒေ့ရှ်အတွက်လည်း အကျိုးဖြစ်ထွန်းတယ် ဆိုတာပါပဲ။ ဒါဆိုရင် ဘင်္ဂလားဒေ့ရှ်ကို နယ်စပ်ဖြတ်ဝင်လာသူလည်း ပိုနည်းသွားပါလိမ့်မယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ပိုကောင်းမွန်တဲ့ ချဉ်းကပ်မှု ဖြစ်မယ်ထင်ပါတယ်။
DMG - အာရက္ခတပ်တော်နဲ့ ဆက်ဆံရေးဟာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ မူဝါဒလား၊ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့ မူဝါဒလား။ ဘယ်လိုထင်ပါသလဲ။
Thomas Kane - ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခတပ်တော်ရဲ့ နိုင်ငံရေး အဖွဲ့အစည်း ULA တို့အကြား ဆက်ဆံရေး လမ်းကြောင်းတွေ အများအပြား ရှိပါတယ်။ ဒီအထဲက တစ်ခုကတော့ လုံခြုံရေးအေဂျင်စီတွေနဲ့ ဖြစ်ပါတယ်။ နောက်တစ်ခုဆိုရင် အဆင့်မြင့်ကိုယ်စားလှယ် ဒေါက်တာ ခါလီလာရာမန်နဲ့ ဖြစ်မယ်။ ကျွန်တော်တို့ ပြောနိုင်တာက ဒီနှစ်အစောပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ဟာ အာရက္ခတပ်တော်နဲ့ ထိတွေ့ ဆက်ဆံလိုတဲ့ အပြုသဘောဆောင်တဲ့ သဘောလက္ခဏာတွေ ရှိခဲ့တယ်။ ဒီနောက်ပိုင်းမှာကျတော့ ဆက်ဆံရေးဟာ အကြောင်းအမျိုးမျိုးကြောင့် ပိုမိုခက်ခဲလာခဲ့တယ် ထင်ပါတယ်။ ဒီဆက်ဆံရေးကို ပြန်အသက်သွင်းဖို့အတွက် နှစ်ဘက်လုံးဟာ အတားအဆီး တချို့ကို ကျော်ဖြတ်ဖို့လိုမယ်၊ ကြားထဲမှာ ထွက်ပေါ်လာတဲ့ မယုံကြည်မှုတချို့ကို ဘေးဖယ်ထားဖို့ လိုပါမယ်။ ဒါဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခတပ်တော် နှစ်ဘက်လုံးအတွက် အကျိုးရှိမယ်ထင်ပါတယ်။
DMG - သိပ်မကြာခင် ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲ ကျင်းပပါတော့မယ်။ ဒီရွေးကောက်ပွဲ ပြီးသွားရင် အာရက္ခတပ်တော်နဲ့ ပတ်သက်တဲ့ မူဝါဒတွေ တစုံတရာ ပြောင်းလဲလာမယ်လို့ မျှော်လင့်နိုင်ပါသလား။ ရိုဟင်ဂျာဒုက္ခသည်နဲ့ ရိုဟင်ဂျာ လက်နက်ကိုင် အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ကော ဘယ်လိုအပြောင်းအလဲ ဖြစ်လာနိုင်ပါသလဲ။
Thomas Kane - ဒါက သိပ်ကောင်းတဲ့ မေးခွန်းပါ။ လာမယ့်ရွေးကောက်ပွဲက ရခိုင်နဲ့ အာရက္ခတပ်တော်အပေါ် ထားရှိတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ မူဝါဒနဲ့ ဆက်ဆံရေးအပေါ် ဘယ်လို သက်ရောက်နိုင်သလဲပေါ့။ ဒါဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် လုပ်နိုင်မယ့် အခွင့်အလမ်းတစ်ရပ်လို့ ပြောရပါလိမ့်မယ်။ ဒီရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲ ဆိုတာကို လောလောဆယ် ကျွန်တော်တို့ မသိဘူး။ ရွေးကောက်ပွဲ ဘယ်အချိန်မှာ ကျင်းပမလဲ ဆိုတာလည်း တိတိပပ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ကတော့ တစ်ပြေးနေပါတယ်။ လက်ရှိအနေအထားအရ နိုင်ခြေအရှိဆုံး ပါတီဖြစ်ပါတယ်။
ရွေးကောက်ပွဲက နောက်နှစ် အစောပိုင်းမှာ ကျင်းပမယ့်ပုံရှိပါတယ်။ ဖေဖော်ဝါရီလောက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါက ဖြစ်နိုင်ခြေရှိတဲ့ အချိန်နဲ့ နောက်အစိုးရ ဖြစ်လာနိုင်ခြေရှိတဲ့ ပါတီပါ။ BNP ပါတီအတွက်ကတော့ ရိုဟင်ဂျာအရေး၊ အာရက္ခတပ်တော်နဲ့ ရခိုင်ပြည်အပေါ် ထားရှိမယ့် သူတို့ရဲ့ မူဝါဒကို ရေးဆွဲဖို့ ဒါမှမဟုတ်လည်း အသစ်ပြင်ဆင်ဖို့ အရေးကြီးတဲ့အချိန်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ဘင်္ဂလားဒေ့ရှ်ရဲ့ ထိပ်တန်း နိုင်ငံခြားရေး မူဝါဒတွေထဲက တစ်ခုသာမက အရေးပါတဲ့ ပြည်တွင်း နိုင်ငံရေး ကိစ္စရပ်တစ်ခုလည်း ဖြစ်နေလို့ပါ။ ဒီတော့ သူတို့ရွေးကောက်ပွဲနိုင်ခဲ့ရင် ဒီကိစ္စရပ်ကိုကိုင်တွယ်ဖို့ အသင့်ဖြစ်နေဖို့ လိုသလို ဒါကိုချဉ်းကပ်ဖို့ ဗျူဟာတစ်ရပ်လည်း ရှိထားရမှာဖြစ်ပါတယ်။ ရိုဟင်ဂျာ လက်နက်ကိုင်တွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေ၊ ချဉ်းကပ်မှုတွေကလည်း သူတို့ ဆုံးဖြတ်လာရမယ့် ကိစ္စရပ်တွေထဲက တစ်ခု ဖြစ်ပါတယ်။
ICG အနေနဲ့ အကြံပြုလိုတာကတော့ ရိုဟင်ဂျာ လက်နက်ကိုင်အုပ်စုတွေရဲ့ သြဇာကို ကန့်သတ်ဖို့ပါ။ အခုအချိန်မှာ ဒီအဖွဲ့တွေဟာ အာရက္ခတပ်တော်နဲ့ ပိုကောင်းတဲ့ ဆက်ဆံရေးထူထောင်ရာမှာ အဟန့်အတားအဖြစ် ရှိနေကြလို့ ဖြစ်ပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ် လက်ရှိ အစိုးရနဲ့ နောက်လာမယ့် အစိုးရတွေဆီက ကျွန်တော်တို့ မျှော်လင့်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အာရက္ခတပ်တော်ဘက်ကလည်း ရခိုင်ပြည်က အရပ်သားတွေအားလုံးအပေါ် တန်းတူညီမျှ ဆက်ဆံမယ်၊ ရခိုင်ပြည်တွင်းနဲ့ ပြည်ပက ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံမယ် ဆိုတဲ့ သဘောထားကို ပြသဖို့ လိုအပ်မယ် ထင်ပါတယ်။ ရွေးကောက်ပွဲ မတိုင်မီ ဘင်္ဂလားဒေ့ရှ်နဲ့ ယုံကြည်မှု ပြန်တည်ဆောက်ဖို့လည်း လိုပါမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ရွေးကောက်ပွဲ နောက်ပိုင်းမှာ ရှေ့ဆက်သွားမယ့် ဆက်ဆံရေးအတွက် ပိုကောင်းတဲ့အခြေအနေမှာ ရှိနေမယ်ထင်ပါတယ်။
DMG - ရိုဟင်ဂျာ လက်နက်ကိုင် အုပ်စုတွေက အာရက္ခတပ်တော်ကို တိုက်ခိုက်မှုကြောင့် အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရိုဟင်ဂျာနဲ့ ရခိုင်အသိုင်းအဝိုင်းအကြား လူမှုရေး သဟဇာတ ဖြစ်မှုအပေါ် ဘယ်လို သက်ရောက်နိုင်ပါသလဲ။
Thomas Kane - ဒီမေးခွန်းက တော်တော်ဖြေရခက်ပါတယ်။ ဘာလို့လဲဆိုတော့ ဆက်သွယ်ရေး အကန့်အသတ်တွေကြောင့်ပါ။ မြန်မာစစ်ကောင်စီက ရခိုင်တစ်ပြည်နယ်လုံး နီးပါးမှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပိတ်ထားတာဆိုတော့ ဒါကိုခန့်မှန်းရ တော်တော်ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သေချာပေါက် ပြောလို့ရနိုင်တာက ရိုဟင်ဂျာ အရပ်သားတွေနဲ့ အာရက္ခတပ်တော်တို့ ULA တို့အကြား၊ ဒီထက်ပိုပြောမယ်ဆိုရင် ရခိုင်က အရပ်သားတွေအကြား ဆက်ဆံရေးဟာ ရိုဟင်ဂျာ လက်နက်ကိုင် အုပ်စုတွေ လှုပ်ရှားမှုမရှိတဲ့ နေရာတွေမှာ ပိုမိုကောင်းမွန်တယ် ဆိုတာပါပဲ။
လက်နက်ကိုင်ပဋိပက္ခကို ဖယ်ထုတ်လိုက်မယ်ဆိုရင် အသိုင်းအဝိုင်းတွေကြားမှာ ပူးတွဲနေထိုင်ရေးက ပိုမိုလွယ်ကူသွားပါတယ်။ အာရက္ခတပ်တော်ရဲ့ အုပ်ချုပ်ရေး အခွင့်အာဏာကလည်း လုံခြုံရေးပိုင်းကို လျှော့လျှော့ပေါ့ပေါ့ ဆောင်ရွက်လာမှာ ဖြစ်တဲ့အတွက် အရပ်သားတွေအတွက်က ဘယ်ဘာသာ ဘယ်လူမျိုးဖြစ်ဖြစ် ပိုကောင်းသွားတယ်လို့ ထင်ပါတယ်။ မြေပြင်မှာ ဖြစ်နေကျ ပုံစံတချို့ကိုလည်း ဒီအတိုင်း ထောက်ပြလို့ရမယ် ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောခဲ့သလိုပါပဲ။ ဆက်သွယ်ရေး အကန့်အသတ်တွေ ရှိနေတော့ တိတိပပပြောဖို့ သိပ်ခက်ပါတယ်။
DMG - ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် ရိုဟင်ဂျာလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတို့ ပူးပေါင်းခဲ့ကြတယ်လို့ သိထားပါတယ်။ သူတို့အကြားမှာ ဘယ်လိုသဘောတူညီချက် ရှိသလဲ၊ ပူးပေါင်းဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ကြတာလဲ။ ဒါကိုဘယ်လိုမြင်ပါသလဲ။
Thomas Kane - ဒီမေးခွန်းက တော်တော်ကောင်းပါတယ်။ ဖြေရလည်း ခက်ပါတယ်။ ဒါဟာ မြန်မာစစ်ကောင်စီက တစ်နိုင်ငံလုံးမှာ လုပ်နေကျနည်းလမ်းလို့ ကျွန်တော်တို့ ပြောနိုင်မယ်ထင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတစ်ခုခုက အပေါ်စီး ရနေပြီဆိုရင် ဒီအုပ်စုကို ပြန်တိုက်ဖို့၊ အားနည်းအောင် လုပ်ဖို့အတွက် စစ်ကောင်စီဟာ တိုင်းရင်းသား နောက်တစ်ဖွဲ့နဲ့ ပေါင်းလုပ်နိုင်အောင် ကြိုးပမ်းလေ့ရှိပါတယ်။ ဒီတော့ စစ်ကောင်စီက ဒါမျိုး လုပ်လိမ့်မယ် ဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။ ရိုဟင်ဂျာ လက်နက်ကိုင် အုပ်စုတွေ စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့ကြတာကတော့ စိတ်မကောင်းစရာပါ။ ဒီလိုလုပ်ခဲ့တဲ့အတွက် အသိုင်းအဝိုင်း နှစ်ခုကြားမှာ အတိုင်းအတာ တစ်ခုအထိ အဖုအထစ်တွေ ဖြစ်သွားခဲ့တယ်။ ဒါဟာ လူမှုအသိုင်းအဝိုင်းကြားက ဆက်ဆံရေးမှာ အမြဲတမ်း ပုံရိပ်ဆိုးကြီးဖြစ်နေတော့မှာပါ။ ဒီလိုဖြစ်ခဲ့တာကတော့ စိတ်မကောင်းစရာပါ။ ဒါပေမဲ့ သဘောတူညီချက် ပုံစံ အသေးစိတ်က သိရခက်ပါတယ်။
လက်နက်ကိုင်အုပ်စုတွေ ဘာလို့ ဒီလိုလုပ်ခဲ့ရသလဲ ပြောရရင်တော့ ARSA ဆိုရင် ရှေ့မှာကျွန်တော် ပြောခဲ့သလိုပဲ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေထဲမှာ အားပြိုင်နေရတာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ သူတို့ဟာ စခန်းတွေမှာ RSO လောက် သြဇာမရှိတော့ပါဘူး။ ဒီတော့ သူတို့ဟာ အကျပ်ရိုက်နေခဲ့တယ်လို့ ပြောရမယ်ထင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် သူတို့အတွက် ဘင်္ဂလားဒေ့ရှ်မှာ လုံခြုံတဲ့နေရာ သိပ်မရှိခဲ့ပါဘူး။ အခြားတစ်ဘက်မှာလည်း အာရက္ခတပ်တော်က ရခိုင်မြောက်ပိုင်းမှာ ရှေ့ဆက်တိုးလာနေတာ ဖြစ်တဲ့အတွက် သူတို့အဖို့ အာရက္ခတပ်တော်နဲ့ ပူးပေါင်းလို့ အဆင်မပြေနိုင်ဘူး။ ဒါက တော်တော့်ကို မဖြစ်နိုင်တာလေ။ ဆိုတော့ ဒါတွေကြောင့်ပဲ သူတို့ဟာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ ကျွန်တော်ထင်ပါတယ်။
RSO ကျတော့ မြန်မာစစ်တပ်နဲ့ ပေါင်းတိုက်ဖို့ သူတို့ ဘာကြောင့် စိတ်ဝင်စားခဲ့ကြတာလဲ ဆိုတာ တိတိပပပြောဖို့ ပိုခက်ပါတယ်။ မြန်မာစစ်တပ်ဆီက လက်နက်တွေရဖို့၊ သင်တန်းနဲ့ အတွေ့အကြုံတွေရဖို့ အခွင့်အရေးတစ်ရပ် ဖြစ်သွားပုံရပါတယ်။ ဒါပေမဲ့ ဒီပူးပေါင်းမှုတွေက ရုပ်ထွက်မလှခဲ့ဘူး၊ အထူးသဖြင့် အာရက္ခတပ်တော်ကို တားဆီးရေးမှာ မထိရောက်ခဲ့ဘူးလို့ပဲ ပြောရပါလိမ့်မယ်။ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကျန်ခဲ့တာလည်း မြင်တဲ့အတိုင်းပါပဲ။ ဥပမာဆိုရရင် လူမှုအသိုင်းအဝိုင်းကြားက အပြောင်းအလဲ၊ အာရက္ခတပ်တော်အပေါ် ရိုဟင်ဂျာ အရပ်သားတွေရဲ့အမြင်၊ ရိုဟင်ဂျာလက်နက်ကိုင် အုပ်စုတွေအပေါ် ရခိုင်ပြည်ထဲကအမြင် စတာတွေဖြစ်ပါတယ်။
DMG - ဘင်္ဂလားဒေ့ရှ်နဲ့ စစ်ကောင်စီကြားက လက်ရှိ ဆက်ဆံရေးအခြေအနေကို ဘယ်လိုမြင်ပါသလဲ။
Thomas Kane - အာရက္ခတပ်တော်နဲ့ ထိတွေ့ဆက်ဆံရေးမှာ ကြားဖြတ်အစိုးရရဲ့ ဗျူဟာထဲက အစိတ်အပိုင်းတစ်ရပ်က ရခိုင်အတွက် စာနာမှုစင်္ကြံတစ်ရပ် ထားရှိရေးပါ။ ကုလသမဂ္ဂရဲ့ ပံ့ပိုးမှုနဲ့ တရားဝင်စင်္ကြံတစ်ရပ် ထားရှိဖို့ဆိုရင် နေပြည်တော်က စစ်ကောင်စီရဲ့ သဘောတူညီချက်လည်း လိုအပ်မှာပါ။ ဒီတော့ သူတို့ဟာ စင်္ကြံအတွက် ထောက်ခံမှုရဖို့ နေပြည်တော်နဲ့ ဆက်ဆံပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာစစ်တပ်အကြားမှာ တွေ့ဆုံမှုအနည်းအကျဉ်း ရှိခဲ့ပြီး ဒီအထဲမှာ မင်းအောင်လှိုင်နဲ့ ပါမောက္ခ မိုဟာမက်ယူနွတ်တို့ ဧပြီလထဲမှာ တစ်ကြိမ်တွေ့ဆုံခဲ့တာလည်း ပါဝင်ပါတယ်။ စာနာမှုစင်္ကြံအတွက် ထောက်ခံအားပေးမှုရဖို့ သူတို့ ဒီလို ထိတွေ့ဆက်ဆံခဲ့ကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ မြန်မာစစ်တပ်ကတော့ ဘယ်တော့မှ သဘောတူမယ်မထင်ပါဘူး။
ဘင်္ဂလားဒေ့ရှ်ဟာ အာရက္ခတပ်တော်နဲ့ ဆက်ဆံရေးမှာ ခြေစုံပစ်ဝင်လိုက်ဖို့ကလည်း တွန့်ဆုတ်နေပုံရပါတယ်။ သူတို့က နေပြည်တော်နဲ့ အာရက္ခတပ်တော်အကြားမှာ မျှခြေတစ်ခု ထားလိုပုံရပါတယ်။ ဒါကြောင့် သူတို့က နေပြည်တော်နဲ့ ဒီလောက်ထိ ဆက်ဆံနေတာပါ။ နေပြည်တော်နဲ့ပဲ ဆက်ဆံတာမျိုး မလိုချင်ဘူး။ အာရက္ခတပ်တော်နဲ့ပဲ ဆက်ဆံတာမျိုး မလိုချင်ဘူး။ ကြားမှာ ဟန်ချက်ညီအောင် နေတာဆိုတော့ ခက်ခဲမှုရှိပါတယ်။ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းတို့လည်း သေချာပေါက် ဒီပြဿနာနဲ့ နပန်းလုံးနေရတာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေနဲ့ PDF တွေဟာ သူတို့ရဲ့ နယ်စပ်တလျှောက်မှာ ပိုမို အင်အားတောင့်တင်းလာ ပိုမို သြဇာကြီးမားလာလို့ ဖြစ်ပါတယ်။
DMG - ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်အများစုက သူတို့ဟာ သဘာဝဘေးဒဏ်လို စာနာမှုအကူအညီလို စိန်ခေါ်မှုတွေ အများကြီး ကြုံနေရတယ်လို့ ပြောကြပါတယ်။ အဲဒီကို သွားတုန်းက ဘယ်လိုမြင်ခဲ့ပါသလဲ။
Thomas Kane - ဟုတ်ပါတယ်။ စခန်းတွေရဲ့ ဖွဲ့စည်းမှုပုံစံဘက်မှာဆိုရင် အမြင်ပိုင်းအရ ပြီးခဲ့တဲ့ ခုနစ်နှစ် ရှစ်နှစ်အတွင်း ဒုက္ခသည်တွေ ရောက်လာပြီးနောက်မှာ အများကြီး တိုးတက်ပြောင်းလဲလာပါတယ်။ အစောပိုင်းတုန်းကဆိုရင် လမ်းမရှိဘူး။ လူနေအဆောက်အအုံ မရှိဘူးလေ။ ဒုက္ခသည်စခန်းတွေထဲက သစ်ပင်တွေကို ချက်ချင်းကြီး ခုတ်လှဲပစ်လိုက်တာကလည်း မြေပြိုတာနဲ့ ရေကြီးတဲ့အန္တရာယ်တွေ ပိုများသွားစေပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း စခန်းဖွဲ့စည်းမှု ပုံစံတွေ တိုးတက်လာပါတယ်။ စခန်းထဲမှာ လမ်းတွေ ရှိလာတယ်။ ကုလသမဂ္ဂက ချက်ပြုတ်ရေးမှာသုံးဖို့ ဓာတ်ငွေ့ရည် LPG တွေ ထောက်ပံ့ထားတဲ့အတွက် သစ်ပင်တွေ ပြန်ရှိလာပါတယ်။ လူတွေက ထင်းမီး မသုံးကြတော့ဘူး။ ဒါပေမဲ့ ဘဝနေထိုင်မှုတွေကတော့ ပိုခက်ခဲလာတယ်လို့ ထင်ပါတယ်။ အခုက စခန်းတွေမှာ လုံခြုံရေးပိုင်းအရ စိန်ခေါ်မှုတွေ အများကြီး ရှိနေတာဆိုတော့လေ။ နိုင်ငံတကာရဲ့ ရန်ပုံငွေထောက်ပံ့မှုတွေလည်း လျော့နည်းလာတယ်။ ဒီတော့ ကျန်းမာရေးနဲ့ ပညာရေးလို ဝန်ဆောင်မှုတွေ ဖြတ်တောက်ခံရတယ်။ စားနပ်ရိက္ခာ ထောက်ပံ့မှုကလည်း ရန်ပုံငွေ လျော့နည်းလာတဲ့အတွက် ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဖြတ်တောက်ခံခဲ့ရပါတယ်။
လောလောဆယ်ကတော့ သူတို့ဟာ လူတစ်ယောက်ကို တစ်လ ၁၂ ဒေါ်လာစီ ရနေကြဆဲပါ။ ဒါပေမဲ့ ရန်ပုံငွေအသစ် မရဘူးဆိုရင်တော့ စက်တင်ဘာ ဒါမှမဟုတ် အောက်တိုဘာလောက်ကစပြီး ကုလသမဂ္ဂအနေနဲ့ ဆက်လက်ထောက်ပံ့ဖို့ အခက်အခဲ ကြုံရတော့မှာပါ။ ဆိုတော့ ဒါဟာ ဖြေရခက်တဲ့ မေးခွန်းတစ်ရပ် ဖြစ်မယ် ထင်ပါတယ်။ စခန်းပတ်ဝန်းကျင် အခြေအနေတွေဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အများကြီး တိုးတက်လာပါတယ်။ ဒါပေမဲ့ လူမှုဘဝအခြေအနေတွေနဲ့ အခက်အခဲတွေကတော့ ပိုများလာတယ်လို့ ပြောရမယ်ထင်ပါတယ်။
ဒုက္ခသည်အများအပြား အဖို့ကလည်း အနာဂတ်အတွက် မျှော်လင့်ချက် သိပ်မမြင်ကြတော့ဘူး ထင်ပါတယ်။ ဒီအနေအထား ပိုတာရှည်လာလေ သူတို့တွေဟာ ရခိုင်ကို ပြန်နိုင်ပါ့ဦးမလား၊ ဘယ်လိုပြန်ရမလဲ စသဖြင့် ပိုစဉ်းစားလေ ဖြစ်မှာပါ။ တခြားနိုင်ငံတွေမှာ ပြန်အခြေချဖို့ ဆိုတာကလည်း တော်တော်ကြီးကို အကန့်အသတ်ရှိတဲ့ အခွင့်အလမ်း ဖြစ်ပါတယ်။ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်ပဲ ဒုက္ခသည်တွေဟာ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းလိုမျိုး နိုင်ငံတစ်ခုခုကိုရောက်ဖို့ မှောင်ခိုသမားတွေကို ပိုက်ဆံပေးနေကြတာကို ပိုပို တွေ့လာနေရတာ ဖြစ်ပါတယ်။ သူတို့ဟာ ကြံရာမရ ဖြစ်လာပြီး တခြားရွေးစရာ မမြင်ကြတော့လို့ ဖြစ်ပါတယ်။
ဒီတော့ စခန်းတွေထဲက ဒုက္ခသည်တွေ အတွက်ကတော့ အကြီးအကျယ် ခက်ခဲတဲ့ အနေအထား ဖြစ်ပါတယ်။ လက်နက်ကိုင် အုပ်စုတချို့ကလည်း ဒါကို အမြတ်ထုတ်နေကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒုက္ခသည်တွေ ကြံရာမရဖြစ်နေတာကို အခွင့်ကောင်းယူပြီး လက်နက်ကိုင်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ဖို့ စည်းရုံးသိမ်းသွင်းနေကြတာပါ။ ဒါပေမဲ့ ကျွန်တော်ပြောခဲ့သလိုပါပဲ။ များသောအားဖြင့်ကတော့ ဒုက္ခသည်တွေဟာ လက်နက်ကိုင် အုပ်စုတွေကို မထောက်ခံကြဘူးလို့ ကျွန်တော်ယူဆပါတယ်။ ဒီအုပ်စုတွေကို သူတို့မယုံကြဘူး။ ဒါကြောင့် လတ်တလောမှာတော့ လူအမြောက်အများ ပူးပေါင်းပါဝင်တာမျိုး မရှိပါဘူး။
DMG - ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဘယ်လိုဆက်ဆံကြပါသလဲ။
Thomas Kane - ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေ ခိုလှုံရာနေရာ လိုအပ်နေချိန်မှာ ဘင်္ဂလားဒေ့ရှ်ဟာ လက်ကမ်းကြိုခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ ဘင်္ဂလားဒေ့ရှ်ဟာ အဲဒီအချိန်ကတည်းက ဒုက္ခသည်နေရပ်ပြန်ရေးအတွက် လုံးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ ဒုက္ခသည်နေရပ်ပြန်ရေးဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ နံပါတ်တစ် ရည်မှန်းချက် ဖြစ်ပါတယ်။ သူတို့နိုင်ငံဟာ ရိုဟင်ဂျာတွေကို ရာသက်ပန်လက်ခံပြီး အတူတကွ ပေါင်းစည်း နေထိုင်ခွင့်ပေးမယ့် အနေအထားမှာ ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်က မယူဆပါဘူး။
ဘင်္ဂလားဒေ့ရှ်ဟာ ချမ်းသာတဲ့နိုင်ငံ မဟုတ်ပါဘူး။ လက်ရှိမှာကိုက လူဦးရေ ကြီးကြီးမားမား ရှိနေတာပါ။ ဒီတော့ တစ်ဘက်မှာ ဘင်္ဂလားဒေ့ရှ်ဟာ ခိုလှုံခွင့်ပေးထားတယ်။ စာနာမှုအကူအညီပေးတဲ့ အဖွဲ့အစည်းတွေကိုလည်း ထောက်ပံ့ကူညီခွင့် ပြုထားတယ်။ ဒါပေမဲ့ အိမ်ရှင်လူထုနဲ့ ပေါင်းစည်းပြီး အသားကျသွားတဲ့ ပုံစံပေါက်နိုင်တဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမှ ရိုဟင်ဂျာတွေကို ခွင့်မပြုဘဲ တင်းခံထားပါတယ်။ ဒါကြောင့် ဒုက္ခသည်တွေအပေါ်မှာ ကန့်သတ်ချက်တွေလည်း တော်တော်လေး ရှိပါတယ်။ ဥပမာဆိုရရင် သူတို့ကို အလုပ်လုပ်ခွင့် တရားဝင် ခွင့်ပြုမထားပါဘူး။
စခန်းပြင်ပမှာ လွတ်လွတ်လပ်လပ် သွားလာခွင့် မရှိဘူး။ ဒီတော့ အကောင်းအဆိုး ရောထွေးနေတယ်လို့ပဲ ပြောရပါလိမ့်မယ်။ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်က ခိုလှုံခွင့်ပေးထားတယ် ဆိုတာကိုတော့ သေချာပေါက် အသိအမှတ် ပြုရမှာပါ။ ဘင်္ဂလားဒေ့ရှ် ဘက်ကလည်း ဒီအတွက် ပုံစံမျိုးစုံနဲ့ ပေးဆပ်လိုက်ရတာတွေ ရှိပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဒုက္ခသည်တွေရဲ့ ဘဝတွေကို ပိုမိုခက်ခဲသွားစေတဲ့ လုပ်ပိုင်ခွင့် ကန့်သတ်ချက်တွေလည်း ရှိနေတာဖြစ်ပါတယ်။
နိုင်ငံရေးဘက်က ဆိုရင်တော့ ဒါဟာ ဘင်္ဂလားဒေ့ရှ်အတွက် စီမံခန့်ခွဲရေးဆိုင်ရာ စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဟာ ရိုဟင်ဂျာတွေ ဘယ်တော့ပြန်မလဲ ဆိုတာမျိုးတွေကို တဖြည်းဖြည်းနဲ့ မေးခွန်းထုတ်လာကြပါတယ်။ 'ဒီမှာ ရှစ်နှစ်လောက် ကြာလာတဲ့အထိ ဆက်ရှိနေမယ်ထင်လို့ ၂၀၁၇ ခုနှစ်တုန်းက လက်ခံခဲ့တာ မဟုတ်ဘူး' စသဖြင့်ပေါ့လေ။ နိုင်ငံရေးသမားတွေ၊ အုပ်ချုပ်သူတွေ အနေနဲ့ ဒီကိစ္စကို ကိုင်တွယ်ရာမှာ သတိကြီးကြီးထားရမှာ ဖြစ်ပါတယ်။
DMG - ဒီပဋိပက္ခနဲ့ ပတ်သက်လို့ အကြံပြုလိုတာတွေ ရှိရင် ပြောပေးပါဦး။
Thomas Kane - ကျွန်တော့်အနေနဲ့ အလေးထား ပြောချင်တာတစ်ခု၊ ဒါမှမဟုတ် ပြောချင်တာတွေထဲက တစ်ခုကတော့ ဒုက္ခသည်အများစုက ဒီလက်နက်ကိုင် အုပ်စုတွေကို မယုံကြဘူးဆိုတာပါပဲ။ အစီရင်ခံစာထဲမှာတော့ ဒီအချက်က ရှင်းရှင်းလင်းလင်း မရှိတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒုက္ခသည်တွေဟာ အာရက္ခတပ်တော်ကို မရမက တိုက်ခိုက်ချင်နေကြတာ မဟုတ်ပါဘူး။ ကျွန်တော့်အထင်တော့ သူတို့ဟာ မြန်မာပြည်ဘက်က လက်ခံတာကို လိုချင်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူတော်တော်များများအတွက် ပြဿနာက ကမ်းမမြင် လမ်းမမြင် ဖြစ်နေကြတာပါ။ နေရပ်ပြန်နိုင်မယ့် မျှော်လင့်ချက် သူတို့မှာ များများစားစား မရှိပါဘူး။
ဆိုတော့ ဒီအသိုင်းအဝိုင်းကြားမှာ မျှော်လင့်ချက်ပေးနိုင်မယ့် နည်းလမ်းတွေ မဖန်တီးပေးနိုင်ဘူး ဆိုရင်၊ တိုးတက်မှုတွေ ရှိမလာဘူးဆိုရင် တခြားသော ရွေးချယ်စရာတွေဖြစ်တဲ့ လက်နက်ကိုင်အုပ်စုတွေ၊ လက်နက်ကိုင် လှုပ်ရှားမှုတွေက ပိုပြီး ပေါ်ပြူလာ ဖြစ်လာနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ ဒါကြောင့် ဒုက္ခသည်တွေ မျှော်လင့်ချက် ရှိလာအောင်၊ သူတို့ရဲ့ အနာဂတ်အတွက် အကောင်းမြင်လာအောင် ကြိုးစားပေးဖို့ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း သာမက အာရက္ခတပ်တော် အပါအဝင် အားလုံးမှာ တာဝန်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ အာရက္ခတပ်တော်က ရိုဟင်ဂျာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဆောင်ရွက်ခြင်းဟာလည်း အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ရပ် ဖြစ်မှာ အသေအချာပါပဲ။
DMG - အခုလို လက်ခံဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။