- AA က မွတ်ဆလင်များအပေါ် ရာဇဝတ်မှုကျူးလွန်သည်ဆိုသည့် အမှု IIMM စုံစမ်းဖော်ထုတ်နေ
- အညာဒေသက တော်လှန်ရေးတပ်များကို NRA အဖွဲ့ဦးဆောင် ပေါင်းစပ်ပေးမည်
- ဘူးသီးတောင်တွင် မွတ်ဆလင်များကို သတ်ဖြတ်ခဲ့ခြင်းမရှိဟု AA ဖြေရှင်းချက်ပေး
- တောင်ကုတ်တွင် စစ်သုံ့ပန်း မိသားစုဝင် ၁၄၄ ဦးကို AA လွှတ်ပေး
- မင်းပြားတွင် LGBT စုံတွဲ ရေထဲခုန်ချ အဆုံးစီရင်သွား
ထိုင်းနိုင်ငံ အလယ်ပိုင်းတွင် ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် ၁၉ ဦး ထက်မနည်း သေဆုံး
ထိုင်းနိုင်ငံအလယ်ပိုင်း ပရာချင်းဘူရီ ပြည်နယ်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဘတ်စ်ကားတစ်စီး ပြုတ်ကျတိမ်းမှောက်မှုဖြစ်စဉ်တွင် လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာဖြစ်သော Khaosod က ဖော်ပြထားသည်။
26 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၆
ထိုင်းနိုင်ငံအလယ်ပိုင်း ပရာချင်းဘူရီ ပြည်နယ်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဘတ်စ်ကားတစ်စီး ပြုတ်ကျတိမ်းမှောက်မှုဖြစ်စဉ်တွင် လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာဖြစ်သော Khaosod က ဖော်ပြထားသည်။
ပရာချင်းဘူရီ လမ်းအန္တရာယ်ကင်းရှင်းရေးစင်တာက အဆိုပါ ယာဉ်မတော်တဆမှုမှာ ဒေသစံတော်ချိန် နံနက် ၃ နာရီ မိနစ် ၂၀ ခန့်တွင် ပရာချင်းဘူရီပြည်နယ် နာဒီခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ပရာချင်းဘူရီသည် ဘန်ကောက်မှနေ၍ သုံးနာရီကြာ ကားမောင်းရသည့် ခရီးအကွာအဝေးတွင် တည်ရှိသောနေရာဖြစ်သည်။
ဘတ်စ်ကားတိမ်းမှောက်မှုကို စုံစမ်းစစ်ဆေးရန် ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝါထရာက ညွှန်ကြားထားကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။
စံချိန်စံညွှန်း မပြည့်မီ မကိုက်ညီသော မော်တော်ယာဉ်များကို အသုံးပြုမောင်းနှင်၍ ဥပဒေကို ဖောက်ဖျက်ကျူးလွန်လျှင်သော်လည်းကောင်း သို့မဟုတ်ပါက ယာဉ်များကို မဆင်မခြင် မောင်းနှင်ခြင်းဖြင့် ဥပဒေကို ဖောက်ဖျက်ကျူးလွန်လျှင်သော်လည်းကောင်း စစ်ဆေးတွေ့ရှိခဲ့ပါက ဥပဒေအရ အရေးယူသွားမည်ဟု ဝန်ကြီးချုပ် ပေထုံတန်က X(တွစ်တာ)လူမှုကွန်ရက် စာမျက်နှာထက်တွင် ရေးသားထားသည်။
အဆိုပါ ဘတ်စ်ကားသည် ထိုင်းနိုင်ငံ အရှေ့မြောက်ဘက် မဲခေါင်မြစ်ဘေးတွင် တည်ရှိသော ဘူအင်ကန်းပြည်နယ်မှနေ၍ ထိုင်းနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းရှိ ရာယောင်းပြည်နယ်ဆီသို့ ရပ်ရွာလေ့လာရေးခရီး သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဘတ်စ်ကားထက်တွင် ခရီးသည် ၄၇ ဦးနှင့် ယာဉ်မောင်း ၂ ဦးတို့ လိုက်ပါစီးနင်းလာခဲ့ကြောင်း ဒေသခံမီဒီယာများက သတင်းရေးသားထားသည်။
တိမ်းမှောက်သွားခဲ့သော မော်တော်ယာဉ်သည် ဒေသဆိုင်ရာ အစိုးရအရာရှိများ လိုက်ပါစီးနင်းရန် စီစဉ်ပေးထားသည့် နှစ်ထပ်ဘတ်စ်ကား သုံးစီးအနက်မှ တစ်စီးဖြစ်သည်။
ဘတ်စ်ကားမောင်းသူသည် ခေါင်စန်ပူတန်တောင်၏တောင်ကုန်း ကုန်းဆင်းပိုင်းတွင် ကားကို မထိန်းနိုင်တော့သည့်အတွက် ကားမှာ လမ်းချော်ကျကာ တောင်းစောင်းအတိုင်း ပြုတ်ကျသွားပြီး တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြထားသည်။
တိမ်းမှောက်သွားသည့် ဘတ်စ်ကားပေါ်တွင် လိုက်ပါစီးနင်းလာသောအဖွဲ့သည် ဘူအင်ကန်းပြည်နယ်မှနေ၍ မနေ့ကညနေ ၅ နာရီဝန်းကျင်တွင် ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
ပရာချင်းဘူရီပြည်နယ် ပြည်သူ့ဆက်ဆံရေးရုံး၏ အစောပိုင်းထုတ်ပြန်ချက်၌ မတော်တဆမှုဖြစ်ပွားရာ နေရာတွင် လူ ၁၆ ဦး သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ဆေးရုံတွင်သေဆုံးခဲ့သည်ဟု ဖော်ပြပါရှိသည်။