ရုရှားကာကွယ်ရေးနည်းစနစ်များ ထပ်ဝယ်ရန် အစီအစဉ်ရှိကြောင်း တူရကီသမ္မတ အာဒိုဂန်ပြော

တူရကီသည် ရုရှားထံမှ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဒုတိယအသုတ်အနေဖြင့် ဝယ်ယူရန် ရည်ရွယ်ထားဆဲ ဖြစ်ကြောင်း တူရကီသမ္မတ တေးယစ်အာဒိုဂန်က ပြောကြားလိုက်သည်။

30 Sep 2021

ဓာတ်ပုံ - တူရကီသမ္မတအာဒိုဂန်။(REUTERS/Eduardo Munoz/Pool)

DMG ၊ စက်တင်ဘာလ ၃၀

တူရကီသည် ရုရှားထံမှ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဒုတိယအသုတ်အနေဖြင့် ဝယ်ယူရန် ရည်ရွယ်ထားဆဲ ဖြစ်ကြောင်း တူရကီသမ္မတ တေးယစ်အာဒိုဂန်က ပြောကြားလိုက်သည်။

ဤလုပ်ရပ်ကြောင့် တူရကီနှင့် နေတိုးမဟာမိတ် ဝါရှင်တန် အကြား အကွဲအပြဲ ပိုမိုပြင်းထန်လာနိုင်သလို တူရကီအပေါ် အမေရိကန်ဘက်က ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု အသစ်များ ပိုမိုထွက်ပေါ်လာဖွယ် ရှိနေကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

S-400s ပြဿနာသည် ၎င်း၏ F-35 တိုက်လေယာဉ်များနှင့် နေတိုးအဖွဲ့ ၏ ချဲ့ ထွင်ထားသော ကာကွယ်ရေးနည်းစနစ်များကို ခြိမ်းခြောက်မှု ဖြစ်စေသည်ဟု ဝါရှင်တန်က ပြောဆိုသည်။
နေတိုးမဟာမိတ်အဖွဲ့ထံမှ  လေကြောင်းကာကွယ်ရေး နည်းစနစ်များကို တူရကီအနေဖြင့် မည်သည့်အခါကမှ စိတ်ကျေနပ်ဖွယ်ကောင်းလောက်အောင် ဝယ်ယူနိုင်ခဲ့ခြင်းမရှိဟုလည်း တူရကီဘက်က ပြောသည်။

“နောင်မှာ တူရကီအနေနဲ့ ဘယ်နိုင်ငံက ဘယ်လိုနည်းနဲ့ ဘယ်လို ကာကွယ်ရေးနည်းစနစ်တွေ ရထားရထား ဘယ်သူမှ ဝင်ရောက်စွက်ဖက်လို့ ရမှာမဟုတ်ဘူး’’ ဟု တနင်္ဂနွေနေ့က CBS သတင်းဌာန 'Face the Nation'မှ ထုတ်လွှင့်သောအင်တာဗျူးတစ်ခုတွင် သမ္မတအာဒိုဂန်က ပြောသည်။

"ဒီကိစ္စကို ဘယ်သူကမှ ဝင်ရောက်စွက်ဖက်လို့ မရဘူး။ ဆုံးဖြတ်ချက်တွေကို တူရကီကပဲ ချမှတ်မယ်" ဟုလည်း သမ္မတအာဒိုဂန်က အတိအလင်းပြောကြားခဲ့သည်။

တူရကီနိုင်ငံက  S-400s ကို ပထမအသုတ် ဝယ်ယူပြီးနောက် ဒီဇင်ဘာတွင် တူရကီနိုင်ငံ ကာကွယ်ရေး စက်မှုညွှန်ကြားရေးဦးစီးဌာန၏ အကြီးအကဲ အစ်စမဲလ်ဒီမီရ်နှင့် အခြားဝန်ထမ်းသုံးဦးတို့ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့သည်။

ဒုတိယအသုတ်ပေးပို့ခြင်းနှင့် ပတ်သက်၍ ရုရှားနှင့်တူရကီတို့အကြား ဆွေးနွေးခြင်းများ ဆက်လက် ပြုလုပ်နေခြင်းသည် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု အသစ်များကို သေချာပေါက်ဖြစ်စေလိမ့်မည်ဟု အမေရိကန်က ထပ်တလဲလဲ ပြောဆိုထားသည်။

ဗီဒီယိုများ