အမေရိကန်လေယာဉ်တင်သင်္ဘော ပူးတွဲစစ်ရေးလေ့ကျင့်ရန် တောင်ကိုရီးယားသို့ရောက်ရှိ

မြောက်ကိုရီးယား၏ ပြင်းထန်လာသည့်ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် နှစ်နိုင်ငံအင်အားပြသည့် စစ်ရေးလေ့ကျင့်မှုများ မစတင်ခင် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ရော်နယ်ရီဂင် (USS Ronald Reagan) သည် တောင်ကိုရီးယားဆိပ်ကမ်းသို့ သောကြာနေ့တွင် ဆိုက်ရောက်ခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

24 Sep 2022

အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ရော်နယ်ရီဂင် (USS Ronald Reagan) တောင်ကိုရီးယားရှိ ဘူဆန်ရေတပ်အခြေစိုက်စခန်းသို့ ဆိုက်ရောက်လာသည်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ လ ၂၃ ရက်နေ့တွင်တွေ့ရစဉ်။ (ဓာတ်ပုံ - AP)

DMG ၊ စက်တင်ဘာ ၂၄

မြောက်ကိုရီးယား၏ ပြင်းထန်လာသည့်ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် နှစ်နိုင်ငံအင်အားပြသည့် စစ်ရေးလေ့ကျင့်မှုများ မစတင်ခင် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ရော်နယ်ရီဂင် (USS Ronald Reagan) သည် တောင်ကိုရီးယားဆိပ်ကမ်းသို့ သောကြာနေ့တွင် ဆိုက်ရောက်ခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒေသတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စီး ပါဝင်လာခြင်းသည် ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယား နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကိုတုံ့ပြန်ရန် ရေကြောင်းစစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက် ရန်ရည်ရွယ်ကာ ရီဂန်အပါအဝင် လေယာဉ်တင် သင်္ဘောသုံးစီး စေလွှတ်ခဲ့သည်။

တောင်ကိုရီးယားသည် ပြုံယမ်းနှင့် သံတမန်ဆက်ဆံရေး တိုးတက်စေရန် သို့မဟုတ် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လွန်ခဲ့သည့်နှစ်များအတွင်း စစ်ရေးလေ့ကျင့်မှုအကြီးစားများကို လျှော့ချခြင်း သို့မဟုတ် ပြန်လည်ရုတ်သိမ်းခြင်းများလုပ်ဆောင်ခဲ့သည်။ လက်ရှိတွင် တောင်ကိုရီးယား၊ အမေရိကန်တို့နှင့် နျူကလီးယားပဋိပက္ခဆိုင်ရာ ခြိမ်းခြောက်မှုများတိုးလာသဖြင့် မဟာမိတ်များအနေဖြင့် မြောက်ကိုရီးယား၏ အဓိကလက်နက်များကို စမ်းသပ်ခြင်းကိုတုံ့ပြန်ရန် အကြီးစားစစ်ရေးလေ့ကျင့်မှုများကို ယခုနှစ်တွင် ပြန်လည်အသက်သွင်းခဲ့သည်။

စစ်ရေးလေ့ကျင့်မှုသည် မဟာမိတ်များ၏ စစ်ရေးအသင့်ပြင်ဆင်ထားမှုကို မြှင့်တင်ရန်နှင့် “ကိုရီးယား-အမေရိကန်မဟာမိတ်များ၏ ကိုရီးယားကျွန်းဆွယ်တွင် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ခိုင်မာသည့်ဖြေရှင်းချက်”ကို ပြသရန် ရည်ရွယ်ကြောင်း တောင်ကိုရီးယားရေတပ်က ဆိုသည်။

“အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စုသည် ကျွန်းဆွယ်အတွင်းနှင့် အနီးတဝိုက်တွင် စစ်ရေးလေ့ကျင့်ရန် ကတိကဝတ်ပြုခြင်းသည် မိမိတို့အတူတကွ ခိုင်မာစွာရပ်တည်ကြောင်းနှင့် မိမိတို့၏ ဆန္ဒနှင့် အာရုံစိုက်မှုတို့သည် အပြန်အလှန်ပူးပေါင်းဆောင် ရွက်နိုင်မှုနှင့် မည်သည့်စိန်ခေါ်မှု သို့မဟုတ် ခြိမ်းခြောက်မှုမှန်သမျှကိုမဆို ရင်ဆိုင်ရန် သို့မဟုတ် မိမိတို့လိုအပ်သည့်အခါတိုင်း ပေါင်းစည်းရန်အသင့်ရှိကြောင်းပြသနေသည်”ဟု လေယာဉ်တင် သင်္ဘောအုပ်စု၏ ဦးစီးချုပ် (ရေတပ်)ဗိုလ်ချုပ် မိုက်ကယ် ဒွန်နယ်လီက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

အမေရိကန်ဒုတိယသမ္မတ ကာမာလာဟဲရစ်သည် လုပ်ကြံခံခဲ့ရသည့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး၏ နိုင်ငံတော်ဈာပနကို တိုကျိုတွင် တက်ရောက်ပြီးနောက် တောင်ကိုရီးယားသို့ လာမည့်သီတင်းပတ်တွင် လာရောက်ခြင်း၏ အဓိကအကြောင်းရင်းတစ်ခုသည် မြောက်ကိုရီးယား ခြိမ်းခြောက်မှုအရေးဖြစ်မည်ဟုလည်း ခန့်မှန်းထားကြသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန်၏ ရန်လိုမှုကိုရိပ်စားမိပြီး ပြန်လည်တုံ့ပြန်ရန် လိုအပ်သည့် နျူကလီးယားလက်နက်နှင့် ဒုံးကျည်များကို သူ့အနေနှင့် မည်သည့်အခါမျှစွန့်လွှတ်ရပ်တန့်မည်မဟုတ်ကြောင်း ပြုံယမ်း၏ လက်ညှိုးထောင် ခေါင်းငြိမ့်လွှတ်တော်တွင် ယခုလအတွင်း ပြောကြားခဲ့ပြီးနောက်ပိုင်း တောင်ကိုရီးယားသို့ အမေရိကန်လေယာဉ်တင်သင်္ဘော အုပ်စုဝင် ရီဂန်ရောက်ရှိလာခြင်းဖြစ်သည်။

ဗီဒီယိုများ