ဘူးသီးတောင်မြို့နယ်တွင် ကျည်ထိမှန်မှုကြောင့် မွတ်ဆလင်တစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သည်ပြင်ကျေးရွာမှ မွတ်ဆလင်တစ်ဦး ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက် ၈ နာရီကျော်ခန့်က ကျည်ထိမှန်မှုကြောင့် ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

05 Feb 2020

ဝင်းညွန့်၊ ချလူးအောင် | DMG
ဖေဖော်ဝါရီ ၅၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သည်ပြင်ကျေးရွာမှ မွတ်ဆလင်တစ်ဦး ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက် ၈ နာရီကျော်ခန့်က ကျည်ထိမှန်မှုကြောင့် ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

ဒဏ်ရာရရှိသူမှာ အသက် (၃၀)အရွယ် အာမာနူလာဆိုသူဖြစ်သည်။ ဖခင်ဖြစ်သူနှင့်အတူ ထင်းထမ်း၍လာစဉ် ရွာအနီးတွင် ပစ်ခတ်ခံရ၍ ခြေထောက်တွင် ဒဏ်ရာရရှိသွားသည်ဟု ဖခင်ကာလာက DMG သို့ ပြောသည်။

“ရွာမှာထင်းရှားတဲ့အတွက် ကျွန်တော့်သားနဲ့ ထင်းတုံးတစ်ခုကို နှစ်ယောက်ထမ်းသွားတဲ့အချိန်မှာ ၃၁ ဘုံက စစ်တပ်ကပစ်လိုက်လို့ ခြေထောက်မှာကျည်ထိမှန်သွားခဲ့ရတယ်” ဟု ၎င်းကဆိုသည်။

ယမန်နေ့ညက ၃၁ ဘုံစေတီနှင့် ဥယျာဉ်သာကျေးရွာကြားတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် ဒဏ်ရာရရှိသွားသည့် AA တပ်ဖွဲ့ဝင်ကို ထမ်းယူလာသည်ဟု ထင်မှတ်၍ ပစ်ခတ်ခြင်းဟု

တပ်မတော်ဘက်က ပြောကြားခဲ့ကြောင်း ဖခင်ဖြစ်သူက ဆက်လက်ပြောသည်။

သို့သော် ယင်းအရပ်သားကို ပစ်ခတ်ခြင်းမရှိဟု အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA သို့ ဖြေထားသည်ကို တွေ့ရသည်။

၎င်းကို ဘူးသီးတောင်ဆေးရုံတွင် ဆေးကုသရန်ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သည့်အတွက် မောင်တောဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA ကြား တိုက်ပွဲပြင်းထန်နေပြီး အရပ်သားထိခိုက်မှုလည်း များပြားလာနေသည်။

ဗီဒီယိုများ