ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၂ စုတွင် ရွေးကောက်ပွဲကျင်းပပေးရန် ခူမီးချင်းမျိုးနွယ်စုကောင်စီ တောင်းဆို

ပလက်ဝမြို့နယ်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲမပြုလုပ်နိုင်ကြောင်း ထုတ်ပြန် ထားသည့် ကျေးရွာအုပ်စုများအနက် ကျေးရွာအုပ်စု ၁၂ စုတွင် ရွေးကောက်ပွဲကျင်းပခွင့်ပြုရန် ခူမီချင်းမျိုးနွယ် စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီက တောင်းဆိုလိုက်သည်။

28 Oct 2020

ခင်သရဖီဦး | DMG
အောက်တိုဘာ ၂၈ ၊ စစ်တွေ

ပလက်ဝမြို့နယ်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲမပြုလုပ်နိုင်ကြောင်း ထုတ်ပြန် ထားသည့် ကျေးရွာအုပ်စုများအနက် ကျေးရွာအုပ်စု ၁၂ စုတွင် ရွေးကောက်ပွဲကျင်းပခွင့်ပြုရန် ခူမီချင်းမျိုးနွယ် စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီက တောင်းဆိုလိုက်သည်။

ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သော ခူမီးချင်းမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ယင်းသို့ဖော်ပြထားခြင်းဖြစ်သည်။

“လုံခြုံရေးကို အကြောင်းပြပြီးတော့ မကောင်းဘူး မလုပ်ဘူးဆိုတာမျိုးကိုလည်း ကျနော်တို့ အတင်းအကျပ် မလုပ်ပါဘူး။ ဒါပေမဲ့ အောက်ခြေမှာ အနေအထားအမှန်ကိုကြည့်ပြီးတော့မှ ဆုံးဖြတ်တယ်ဆိုလိုရှိရင်လည်း ကျနော်အနေနဲ့လည်း စိတ်မကောင်းစရာမရှိဘူးပေါ့နော်။ အခုက အောက်ခြေမှာလည်း လုံခြုံတဲ့နေရာတွေ အများကြီးရှိတယ်ပေါ့နော်၊ အဲဒီနေရာတွေကိုလည်း အကုန်လုံး ရွေးကောက်ပွဲလုပ်လို့မရဘူးဆိုပြီးတော့ ပြောလာတော့ ကျနော်တို့အနေနဲ့ ကျပ်တည်းမှုတစ်ခုတော့ ဖြစ်လာတာပေါ့” ဟု ခူမိးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီမှ ညှိနှိုင်းရေးမှူး ကိုဆလိုင်းပိုင်နန်းကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲ နီးလာပြီဖြစ်ပြီး ပြည်သူများအနေဖြင့် အစိုးရအပြောင်းအလဲကာလတွင် အရေးကြီးသည့် အခန်းကဏ္ဍာမှ တစ်စိတ်တစ်ပိုင်းပါဝင်ရမည်ဖြစ်ကာ စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်းကို သွားသည့် အချိန်တွင် တစ်စိတ်တစ်ပိုင်းအနေဖြင့်ပါဝင်ခွင့်ရရန် အားထုတ်ထားသော်လည်း ယခုကဲ့သို့ ဖြစ်သွားခြင်းကို စိတ်မကောင်းဖြစ်ရကြောင်း ကိုဆလိုင်းပိုင်နန်းက ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များစာရင်းတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ် မပါဝင်ခဲ့ပေ။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နယ်မြေတည်ငြိမ်သော မြို့နယ်အချို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲကျင်းပမည့်ကိစ္စရပ်အပေါ် မျှတမှုမရှိကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူအများအပြားက ဝေဖန်ထောက်ပြခဲ့ကြသည်။

ထို့အပြင် လုံခြုံရေးအခြေအနေအရ ပလက်ဝမြို့နယ်အတွင်း ရွေးကောက်ပွဲမကျင်းပသင့်ကြောင်း တပ်မတော် ဘက်မှ သဘောထားမှတ်ချက်ပေးသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပရန် လိုလာကြောင်း ပြောဆိုလာသည့်အတွက် လုံခြုံရေးကိစ္စများကို ညှိနှိုင်းဆောင်ရွက်ပေးထားရကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့ကပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

ယင်းနောက် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စု ၉၄ စုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ